ကမ္ဘာ့သမိုင်းထဲက နှစ်တစ်ရာစစ်ပွဲ

Posted on

အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် အေဒီ ၁၃၃၈ခုနှစ် မှ ၁၄၃၅ ခုနှစ်အထိ၊ အင်္ဂလိပ်မင်း၅ဆက်၊ ပြင်သစ်မင်း ၅ဆက်ကာလအတွင်း နှစ်ပေါင်းတစ်ရာကျော်မျှ စစ်ဖြစ်ခဲ့ကြသည်။

ထိုစစ်ပွဲကို ဥရောပသမိုင်းတွင် နှစ်တစ်ရာစစ်ပွဲဟုခေါ်သည်။ ထိုသို့ ခေါ်ဝေါ်ကြသော်လည်း ထိုစစ်ပွဲသည် နှစ်ပေါင်းတစ်ရာကျော် အဆက်မပြတ် တိုက်ခိုက်သည့်စစ်ပွဲမျိုး မဟုတ်ချေ။

နှစ်ဦးနှစ်ဖက် စစ်ပန်းသောအခါ စစ်ပြေငြိမ်း၍၊ အင်အားပြန်ပြည့်သောအခါ ဆက်လက်တိုက်ခိုက်သော စစ်ပွဲဖြစ်သည်။

စစ်ဖြစ်ရသည့်အကြောင်းသည် အမျိုးမျိုးဖြစ်သည်။ ခရစ် ၁၀၆၆ခုတွင် နော်မန်ဒီနယ်စားဝီလျံသည် အင်္ဂလန်ပြည်ကိုအောင်နိုင်၍၊ ဝီလျံ-သ-ကွန်ကရာအမည်နှင့် စိုးမိုးအုပ်ချုပ်ခဲ့သည်။

ထိုကြောင့် အင်္ဂလန်ပြည်အနေဖြင့် နော်မန်ဒီနယ်ကို အင်္ဂလန်ဘုရင်တို့ ပိုင်သောဒေသဟု မှတ်ယူခဲ့ကြသည်။

ထိုသို့မှတ်ယူခဲ့သည့်အတိုင်း ဝီလျံ-သ-ကွန်ကရာပိုင်ဆိုင်ဖူးသော နော်မန်ဒီရှိနယ်ပယ်အချို့ကို အင်္ဂလိပ်တို့က သူပိုင်ထိုက်သည်ဟု ဆိုသဖြင့် ပြင်သစ်တို့နှင့် အချင်းများခဲ့ရသည်။

ထိုပြင် အင်္ဂလိပ်ရေလက်ကြားကြီးကို မှီခိုကြရသော အင်္ဂလိပ်နှင့်ပြင်သစ်တံငါလုပ်ငန်းရှင် တို့သည်လည်း ထိုရေလက်ကြားကြီး၌ ငါးဖမ်းသည့်အခွင့်အရေးကို မှီ၍ အငြင်းပွားကြသည်။

တစ်ဖန်စကော့တလန် လူမျိုးက အင်္ဂလိပ်လန်ပြည်ကို ပုန်ကန်သောအခါပြင်သစ်တို့က စကော့လူမျိုးတို့ကို ကူညီသဖြင့်အချင်းများကြပြန်သည်။

ထိုမျှမကသေး ဖလန်းဒါးပြည်နယ်နှင့်အင်္ဂလန်ပြည်နှစ်ပြည် သိုးမွေးကုန်ကူးသန်းရေး၌ ပြင်သစ်ဘုရင်တို့ ကနှောင့်ယှက်၍ ဝိဝါဒကွဲပြားကြသည်။

ဤသို့သောအကြောင်းများ ပေါ်ပေါက်ခဲ့ပြီးနောက် အင်္ဂလန်ပြည့်ရှင် တတိယအက်ဒွပ်ဘုရင်က ၁၃၃၇ခုတွင် ပြင်သစ်ထီးနန်းကို ပိုင်ဆိုင်ထိုက်သည်ဟု တောင်းဆိုလိုက်သောအခါ အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် အပြိုင်အဆိုင်စစ်ခင်းကြလေသည်။

၁၃၃၈ ခုနှစ်တွင် နှစ်တစ်ရာစစ်ပွဲစတင်ဖြစ်ပွားသည်။ သို့ရာတွင် ထိုစစ်ကို တစ်ဆက်တည်းမတိုက်ခိုက်နိုင်ကြချေ။

ပြင်သစ်ပြည်တွင် တောင်သူလယ်သမားပုန်ကန်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွားသောအခါ၌လည်းကောင်း၊ အင်္ဂလန်ပြည်တွင် ပလိပ်ကပ်ရောဂါကျရောက်ပြီးနောက် တောင်သူလယ်သမား ပုန်ကန်မှုဖြစ်ပွားသောအခါ လည်းကောင်း နှစ်တစ်ရာစစ်ပွဲသည် ခေတ္တမျှတန့်ရပ်သွားသည်။

ထိုနောက်၌ကား ၁၄၅၃ခုနှစ်အထိ အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် စစ်ကိုဆက်လက် တိုက်ခိုက်ကြသည်။

၁၃၄၆ခုနှစ်တွင် အင်္ဂလိပ်တို့သည် ကရေဆီးတိုက်ပွဲ၌ ပြင်သစ်တို့ကို အကြီးအကျယ်အောင်နိုင်လိုက်သည်။ ၁၃၅၆ ခုနှစ်တွင် တစ်ဖန် ပွားကျေးတိုက်ပွဲတွင် အင်္ဂလိပ်တို့သည် ယခင်ကကဲ့သို့ပင် အောင်နိုင်လိုက်ပြန်သည်။

၁၃၆ဝ ပြည့်နှစ်တွင် ခေတ္တစစ်ပြေငြိမ်းခဲ့သော်လည်း အင်္ဂလန်ပြည်နှင့် ပဉ္စမဟင်နရီဘုရင် လက်ထက်တွင် ဆက်လက်၍ စစ်ဖြစ်ပွားပြန်ရာ ၁၄၁၅ ခုနှစ်တွင် အင်္ဂလိပ်တို့ပင်လျှင် အဇန်းကူး(အဂျင်းကုတ်) တိုက်ပွဲကို အောင်နိုင်ပြန်သည်။

၅နှစ်မျှ ကြာသော်၊ ထရွာမြို့ စစ်ပြေငြိမ်းရေးစာချုပ်အရ ပဉ္စမဟင်နရီသည် ပြင်သစ်ထီးနန်းကို ရလေသည်။

၁၄၂၂ ခုနှစ်တွင် ထိုဘုရင် ကွယ်လွန်လေသော် ပြင်သစ်၊ ထီးနန်း ဆက်ခံရေးနှင့် စပ်လျဉ်း၍ ဝိဝါဒဖြစ်လာပြီးလျှင်၊ အင်္ဂလိပ်နှင့်ပြင်သစ်တို့ စစ်ဖြစ်ကြပြန်သည်။

၁၄၂၈ ခုနှစ်ခုနှစ်၌ကား အင်္ဂလိပ်တို့သည် ပြင်သစ်ပြည်ကို ချင်းနင်းဝင်ရောက်ကာ၊ အော်လီယန်းမြို့ကိုပင် သိမ်းယူအံ့ဆဲဆဲအခြေသို့ ဆိုက်ရောက်ခဲ့၏။

၁၄၂၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသမိုင်းတွင် ထင်ရှားသောဂျွန်းအော့အတ်သည် အော်လီယန်းတိုက်ပွဲတွင် ပြင်သစ်တပ်ကို ဦးစီး၍၊ အင်္ဂလိပ်တို့ကို ကောင်းစွာတွန်းလှန်နိုင်ခဲ့၏။

သို့ရာတွင်ဂျုန်းအော့အတ်သည် အင်္ဂလိပ်လက်တွင်းသို့ ကျရောက်၍၊ မီးတင်ရှို့ခြင်းခံရလေသည်။ ၁၄၅၃ ခုနှစ်သို့ ရောက်မှပင် ထိုနှစ်ရှည်စစ်ပွဲကြီးသည် ပြီးဆုံးခြင်းသို့ရောက်လေသည်။

စစ်ပွဲကြီးပြီးသောအခါ အင်္ဂလိပ်တို့သည် ပြင်သစ်ပြည်မှ ကဲလေးမြို့ တစ်ခုတည်းကိုသာ ရလိုက်လေသည်။ နှစ် ၁၀၀ စစ်ပွဲဟု အလွယ်ခေါ်ကြသော်လည်း စုစုပေါင်း ၁၁၆နှစ် ၊ ၄လ ၊ ၃ပတ် နှင့် ၄ရက် ကြာမြင့်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၆)