အခုလို နွမ်းပါးတဲ့ မြန်မာကျောင်းသားများထံ စက်ဘီးစီးရေ ၁သောင်းကို ဦးဆောင်လှူဒါန်းမယ့်သူကတော့ Lesswalk အစီအစဉ်ကို တည်ထောင်သူ အသက် ၃၃နှစ်အရွယ်သာရှိသေးတဲ့ ကိုမိုက်ခ်သန်းထွန်းဝင်း ဖြစ်ပါတယ်။ Lesswalk ဆိုတာကတော့ စွန့်ပစ်တော့မယ့် ပစ္စည်းတွေကို အခွင့်အလမ်းတစ်ခုလို ပြန်လည်အသုံးချနိုင်အောင် ဖန်တီးပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အခု လှူဒါန်းမယ့် စက်ဘီးတွေဟာ စင်ကာပူ နဲ့ မလေးရှားနိုင်ငံမှာ ဖျက်သိမ်းလိုက်တဲ့ စက်ဘီးအငှားကုမ္ပဏီတွေဖြစ်တဲ့ ofo နှင့် oBike တို့မှ စက်ဘီးတွေဖြစ်ပါတယ်။ ဒီလိုစက်ဘီးအကောင်းတွေကို သံရည်ကျိုစက် (သို့) သံတိုသံစ ဖြစ်သွားမယ့်အစား တကယ်လိုအပ်တဲ့ သူတွေထံရောက်သွားပြီး အသုံးချနိုင်ဖို့ အခုလိုစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
(ကို) မိုက်ခ်သန်းထွန်းဝင်းသည် စင်ကာပူတွင် ၁၈ နှစ်နီးပါးနေထိုင်ကာ ကျောင်းတက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှပြန်လည်နေထိုင်နေပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လွန်ခဲ့တဲ့ ၁နှစ်ခန့်ကတည်းက အိုင်ဒီယာရခဲ့တာဖြစ်ပြီး ယခု ၂၀၁၉ခုနှစ် မတ်လမှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
ofo နှင့် oBike အမျိုးအစားစက်ဘီး အကောင်း ၊ အပို ၊ အပယ်များကို ပြန်လည်ပြုပြင်မွမ်းမံကာ မြန်မာနိုင်ငံသို့ ပို့ဆောင်မှာဖြစ်ပါတယ်။ ဝယ်ယူ ၊ ပြင်ဆင် ၊ သယ်ယူစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃သိန်းခွဲဝန်းကျင် ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်ကျစရိတ်ရဲ့ တစ်ဝက်ကို စေတနာရှင်တချို့မှ လှူဒါန်းပြီး ကျန်တစ်ဝက်ကိုတော့ Lesswalk က ကျခံမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ OBike စက်ဘီးစီးရေ ၃၀၀၀ ခန့်ရောက်ရှိနေပြီ ဖြစ်ပြီး မကြာခင်မှာ တကယ်လိုအပ်နေတဲ့ ကျောင်းသားကလေးများ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒီလအတွင်းမှာလည်း နောက်ထပ် Obike စက်ဘီး ၂၇၀၀ နဲ့ Ofo စက်ဘီး ၄၀၀၀ ခန့် ထပ်မံရောက်ရှိဦးမယ်လို့ ကိုသန်းထွန်းဝင်းက ဆိုပါတယ်။ စက်ဘီးစီးရေ ၁သောင်းလုံးကိုတော့ ဒီနှစ်အကုန်မှာ အပြီးအစီး လှူဒါန်းဖြန့်ဝေသွားနိုင်ဖို့ ကြိုးစားနေပါတယ်။
“မြန်မာနိုင်ငံ နယ်ဘက်က ကလေးတချို့ကျောင်းတက်ဖို့ ၁နာရီလောက် လမ်းလျှောက်ရတာတွေရှိတယ်။ အဲဒီကလေးတွေမှာ ကျောင်းကားဆိုတာကို မရှိဘူး ။ ပြောရရင် ကျောင်းကားဆိုတာ သူတို့အနေနဲ့ သိကြမှာတောင်မဟုတ်ပါဘူး။ အခုအစီအစဉ် လှုပ်ရှားမှုက ရိုးရှင်းပါတယ်။ စက်ဘီၤးအသစ်တွေဝယ်လှူတာ မဟုတ်ပါဘူး။ တစ်ဖက်ကလည်း စွန့်ပစ်ပစ္စည်း ပြသနာကို ဖြေရှင်းပြီးဖြစ်တယ်။ တစ်ဖက်က ကလေးတွေအတွက်လည်း အကျိုးရှိပြီး အလွန်သက်သာတဲ့နှုန်းထားတဲ့ စက်ဘီးတွေကိုရတယ်” လို့ ကိုသန်းထွန်းဝင်းက ဆိုပါတယ်။
ဆက်လက်ပြီး ကိုသန်းထွန်းဝင်းက ” သံဈေးလိုနေရာမျိုးတွေမှာ ဒီစက်ဘီးတွေကိုရောင်းမယ်ဆို ၁၀ဒေါ်လာလောက်ရနိုင်တယ်။ ဒါပေမယ့် အဲဒီလိုဖြစ်သွားတာထက်စာရင် ကျောင်းသားလေးတွေဆီရောက်သွားတာ အဓိပ္ပါယ်ပိုရှိတယ်လေ။ သူတို့ကျောင်းတက်ဖို့ပေးရတဲ့အချိန်ရဲ့ ၈၀% လောက်လျှော့သွားမယ်။ သူတို့အတွက်ပိုအကျိုးရှိလာသလို လူတွေအာရုံစိုက်တဲ့ နွေးထွေးမှုလည်းခံစားနိုင်တာပေါ့ဗျာ” လို့ ထပ်ရှင်းပြပါတယ်။
ofo နှင့် oBikeစက်ဘီးတွေဟာ နာရီဝက်အားသွင်းရုံ နဲ့ အသုံးပြုနိုင်တဲ့စက်ဘီးတွေဖြစ်ပြီး စမတ်ဖုန်းနဲ့ သော့ခတ်တဲ့စနစ်လည်းပါဝင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကျောင်းသားတွေအတွက်တော့ ပုံမှန်စီးနင်းနိုင်ပြီး လက်ဖြင့်သော့ခတ်ရတဲ့စနစ်ကို ပြန်ပြောင်းတပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
စက်ဘီးစီးရေ ၁သောင်းကို တောနယ် ကျေးရွာဘက်က ကလေးများထံ အဓိက ပို့ဆောင်နိုင်ဖို့ ရည်ရွယ်ထားပြီး သတ်မှတ်ချက်အနေနဲ့ အသက် ၁၃နှစ်မှ ၁၆နှစ်ကြား ကျောင်းနှင့် ၂ကီလိုမီတာ (၁.၂၄၃ မိုင်) အကွာမှ ကျောင်းတက်ရတဲ့ ကျောင်းသားကလေးများထံ ရွေးချယ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ နယ်ဘက် ကျေးလက်များက ကျောင်းသားလူငယ် ထောင်ပေါင်းများစွာဟာ နေ့စဉ်စာသင်ဖို့အရေး ကျောင်းရှိရာဆီ နာရီနဲ့ချီပြီး ခြေကျင်လျှောက်နေကြရပါတယ်။ အခုလို လှူဒါန်းမယ့် အစီအစဉ်ကြောင့် အားလုံးမဟုတ်တောင် တချို့တဝက်အတွက်တော့ အလွန်အဆင်ပြေမှာ ဖြစ်တာကြောင့် ကြားရသူတိုင်းအတွက် ပီတိဖြစ်စရပါပဲ။
Ref and Photos:
straitstimes
Ko Than Tun Win Fb