Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နျူကလီးယားဓာတ်ပေါင်းဖိုအား ဗုံးကြဲခဲ့စဉ်က (သို့) အစ္စရေးရဲ့ ကမ္ဘာကျော်လုပ်ရပ်တစ်ခု

by Thutamm
August 10, 2019
Reading Time: 1min read
0
နျူကလီးယားဓာတ်ပေါင်းဖိုအား ဗုံးကြဲခဲ့စဉ်က (သို့) အစ္စရေးရဲ့ ကမ္ဘာကျော်လုပ်ရပ်တစ်ခု
Share on FacebookShare on Twitter

ရေးသားသူ – Ko Kyaw Min Aung

၁၉၈၁ ခုနှစ်ဇွန်လ ၇ ရက်
တနင်္ဂနွေနေ့
ညနေ ၃နာရီ ၅၅မိနစ်

အယ်ဇီယွန်လေတပ်စခန်းမှ တိုက်လေယာဉ်တွေ ဝေါကနဲ တစ်စင်းပြီးတစ်စင်း ကောင်းကင်ပေါ်ပျံတက်လာကြသည်။ တိုက်လေယာဉ်တွေက အမေရိကန်မှရောက်လာတာမကြာသေး။ အသစ်စက်စက်တွေ။ နောက်ဆုံးပေါ် ခေတ်အမှီဆုံးလေယာဉ်တွေ။ ဒါပေမယ့် အစ္စရေးရဲ့မူအတိုင်း သူ့လိုအပ်ချက်နဲ့ကိုက်ညီအောင် ပြန်လုပ်ထားသည်။ နဂိုကတည်းက ပြိုင်ဖက်ကင်း ကမ္ဘာ့ထိပ်တန်း တိုက်လေယာဉ်တွေကို အစ္စရေးရဲ့နည်းပညာနဲ့ ထပ်ကွန့်ထားတာဆိုတော့ပြောစရာမလိုတော့။ မြင်းကို ဂျို တပ်ပေးထားသလို ဖြစ်နေတော့မည်။ အစွမ်းထက်မှာသေချာသည်။

ပျံတက်လာသည့်လေယာဉ်က စုစုပေါင်း၁၄စင်း။
အက်ဖ်၁၆အေ က ၈စင်း နှင့် အက်ဖ် ၁၅လင်းယုန်ကြားဖြတ်တိုက်လေယာဉ် ၆စင်း။ အက်၁၆လေယာဉ် တောင်ပံတဖက်တချက်မှာ တတန်လောက်လေးသည့် Mark-84 ဗုံးတလုံးစီတပ်ဆင်ထားသည်။ တကယ်တော့ အက်ဖ်၁၆ က ဗုံးကြဲလေယာဉ်စစ်စစ်မဟုတ်။ သို့သော် ယခု Mission အတွက် အသင့်တော်ဆုံးက ဒီလေယာဉ်ပဲဖြစ်သည်။ ဒီလေယာဉ်တွေက ခရီးရှည်ပျံနိုင်ကြသည်။

ကောင်းကင်ပေါ်အရောက်တွင် အက်ဖ်၁၆လေယာဉ်တွေကို လေးစင်းစီ နှစ်စုခွဲ၍အလယ်ကထားကာ အက်ဖ်၁၅လေယာဉ်တွေက ဘေးကခြံရံလိုက်ကြပြီး အုပ်စုဖွဲ့သဏ္ဍန်သို့ပြောင်းကာ ဆက်လက်ပျံသန်းသွားကြသည်။ ဒီလေယာဉ်တွေရဲ့ဦးတည်ရာ ရည်မှန်းချက်ကို သိသူကား လေသူရဲများကိုယ်တိုင်နှင့် အခြားလူအနည်းငယ်သာရှိကြပေမည်။ သို့သော်မကြာမီ တကမ္ဘာလုံးအုတ်အော်သောင်းနင်းဖြစ်သွားစေသည့် ကိစ္စတစ်ခုကို သူတို့ဆောင်ရွက်ကြတော့မည်။

အစ္စရေးလေတပ်မှ အက်ဖ် ၁၆ တိုက်လေယာဉ်

လေယာဉ်တွေက ခဏအတောအတွင်းမှာ အက္ကဘာပင်လယ်ကွေ့ပေါ်ကို ရောက်လာကြသည်။ ဂျော်ဒန်ဘုရင်ဟူစိန်က အက္ကဘာပင်လယ်ကွေ့ထဲရှိ သူ့အပျော်စီးရွက်လှေပေါ်မှာ အေးအေးလူလူ အနားယူနေသည်။ သူ့ခေါင်းပေါ်ပေ၁၀၀ အမြင့်လောက်က ဝေါကနဲ လေယာဉ်ဖြတ်ပျံသံတွေကြားလိုက်၍ အလန့်တကြားမော့ကြည့်မိသည်။ လေယာဉ်တောင်ပံဘေးက ဗေးဗစ်ကြယ်တံဆိပ်အမှတ်အသားတွေ တွေ့လိုက်ရတော့ အစ္စရေးလေယာဉ်တွေမှန်း တန်းသိလိုက်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

ထူးထူးခြားခြား တခုခုဖြစ်တော့မှာကိုသူသိနေသည်။ လေယာဉ်တွေမှာ တနင့်တပိုးတပ်ဆင်ထားသည့်လက်နက်များနှင့် တောင်ပံမှာချိတ်ဆွဲထားသည့် အပိုဆီတိုင်ကီများက အဝေးတနေရာမှာ စစ်ဆင်ရေးတစ်ခု သွားရောက်ဆင်နွှဲရန်ဖြစ်ကြောင်းဖော်ပြနေသည်။ လေယာဉ်တွေ ဦးတည်သွားရာအရပ်ကို ခန့်မှန်းကြည့်မိသည်။ အီရတ်က နျူကလီးယားဓာတ်ပေါင်းဖိုက သူ့မျက်လုံးထဲပေါ်လာသည်။ မဖြစ်ဘူး။ မိတ်ဆွေကြီး ဆက်ဒမ်ဆီ ဖုန်းဆက်ပြီးသတိပေးဦးမှပဲ။ သူဖုန်းကောက်လှည့်လိုက်သည်။ ဖြစ်ချင်တော့ဖုန်းလိုင်းတွေက ကျနေသည်။ အဆက်အသွယ်လုပ်မရ။

ပင်လယ်ကွေ့ကျော်သည်နှင့် လေယာဉ်တွေက ဘယ်ဖက်သို့ စောင်းကွေ့လိုက်ကြသည်။ ဆော်ဒီအာရေဗျ နှင့် ဂျော်ဒန်နယ်စပ်တလျှောက်မှနေ၍ အရှေ့မြောက်အရပ်ဆီသို့ ဆက်ပျံသန်းလာခဲ့သည်။ တခါတရံ ဆော်ဒီလေကြောင်းပိုင်နက်ထဲရောက်၍ တခါတရံဂျော်ဒန်လေကြောင်းပိုင်နက်ထဲ ရောက်သည်။ ဆော်ဒီလေပိုင်နက်ထဲရောက်လျှင် ဂျော်ဒန်လေယာဉ်တွေလမ်းမှားဝင်လာမိသလိုမျိုး ဂျော်ဒန်လေယာဉ်မှူးအချင်းချင်း ဆက်သွယ်သည့် အချက်ပြသင်္ကေတများသုံးပြီး ဆက်သွယ်သည်။ ဂျော်ဒန်လေပိုင်နက်ထဲရောက်လျှင်လည်း ဆော်ဒီလေယာဉ်ပိုင်းလော့များပုံဖမ်းသည်။

အစ္စရေးနိုင်ငံအယ်စီယွန်လေတပ်စခန်း မှ အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုသို့သွားရောက်တိုက်ခိုက်သည့်လမ်းကြောင်း

ဆော်ဒီမှာ အမေရိကန်မှဝယ်ထားသည့် အေဝက်ထောက်လှမ်းရေး လေယာဉ်တွေရှိသည်။ ဒီလေယာဉ်တွေက ကောင်းကင်ထဲမှာ တချိန်လုံးရှိနေတတ်သည်။ သို့သော်သူ့လေယာဉ်တွေကို မိတ်ဆွေနိုင်ငံဖြစ်သည့်ဂျော်ဒန်နယ်စပ်မှာ ကင်းလှည့်ခိုင်းလေ့မရှိ။ ဒီနယ်စပ်ကနေ သူ့နိုင်ငံကိုအန္တရာယ်ပြုလာစရာ အကြောင်းမရှိ။ ထို့ကြောင့် အစ္စရေးတို့ကလည်း တမင်တကာ ဂျော်ဒန်နယ်စပ်မှ ရွေးပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ခရီးလမ်းတဝက်ဆော်ဒီသဲကန္တာရထဲအရောက်တွင် ဆီကုန်နေပြီဖြစ်သည့် လေယာဉ် အပိုဆီတိုင်ကီများဖြုတ်ချခဲ့သည်။

လေယာဉ်တွေက အီရတ်နိုင်ငံထဲအရောက်မှာ အုပ်စုနှစ်ခုခွဲလိုက်သည်။ အက်ဖ်၁၅လေယာဉ်လေးစီးက နောက်ချန် အယောင်ပြအဖြစ်ကျန်နေရစ်သည်။ ကျန်လေယာဉ်များက အီရတ်နိုင်ငံအလယ်ပိုင်းဘဂ္ဂဒက်မြို့ဆီသို့ဦးတည်လိုက်ကြသည်။ ရေဒါကိုရှောင်ကွင်းနိုင်ရန်အတွက် တတ်နိုင်သမျှ ခပ်နိမ့်နိမ့်ပျံလာကြသည်။ နေကို နောက်ခံထားပြီး ပျံသန်းလာသည့်လေယာဉ်များကို နေရောင်ကြောင့် တော်ရုံတန်ရုံသတိမပြုမိကြ။စစ်ဖြစ်နေသည့်နိုင်ငံတခုမှာ လေကြောင်းရန်ကာကွယ်ရေးက နိုးနိုးကြားကြားရှိနေလိမ့်မည်။ သူတို့ကိုဒုက္ခပေးနိုင်သည့် အန္တရာယ်တစ်ခုက အီရတ်လေတပ်က မစ်၂၁ တိုက်လေယာဉ်များဖြစ်သည်။

အစ္စရေးလေယာဉ်များအုပ်ဖွဲ့ပျံသန်းလာသည့်ပုံစံ

ကံကောင်းထောက်မစွာ အသက်ရှုချောင်နိုင်တဲ့ တစ်ချက်က လောလောလတ်လတ် အီရန်တို့၏ အတွယ်ခံထားရသည့် အီရတ်လေတပ်မှာ ခေါင်းမထူနိုင်သေးပဲ အထိနာနေသေးသည့်အချိန်ဖြစ်နေခြင်းပင်။ အတွင်းပိုင်းရောက်လာသည်နှင့့်် တဖြည်းဖြည်းနှင့်မှောင်စပျိုးလာပြီ။ စစ်ဆင်ရေးကို ယခုလိုညနေအချိန်ရွေးချယ်ရခြင်းက အကယ်၍ ပစ်ချခံရသည့်လေယာဉ်မှလေသူရဲများကို ကယ်ဆယ်ရေးလုပ်ရပါက ညပိုင်းတွင်လုပ်နိုင်ရန်ဖြစ်သည်။ ဒေသစံတော်ချိန် ၆နာရီ၃၅မိနစ်တွင် လေယာဉ်တွေက ဘဂ္ဂဒက်မြို့အယ်တူဝေသာအရပ်ရှိ Osirak နျူကလီးယားဓာတ်ပေါင်းဖို နှင့် ၁၂ မိုင်အကွာသို့ရောက်လာသည်။

ထိုနေရာအရောက်တွင်လေယာဉ်တွေကို ပေ၆၀၀၀အမြင့်သို့ရုတ်ချည်း ဆွဲတင်လိုက်ကြသည်။ ထို့နောက်တဖန် နျူကလီးယားဓာတ်ပေါင်းဖိုရှိရာသို့ ဦးတည်၍ သားကောင်ကိုသုတ်တော့မည့်လင်းယုန်ငှက်များအလား တဟုန်ထိုးအရှိန်ပြင်းစွာဖြင့်စိုက်ဆင်းလာသည်။ နျူကလီးယား ဓာတ်ပေါင်းဖိုပေါ်အရောက်၌ အက်ဖ်၁၆တိုက်လေယာဉ်များက ပါလာသော ပဲ့ထိန်းမဲ့ဗုံးများကို အတွဲလိုက်ဖြုတ်ချသည်။ စုစုပေါင်းဗုံး၁၆ လုံးကြဲချသည့်အနက် ၈လုံးက ဓာတ်ပေါင်းဖို ကို တိုက်ရိုက်ထိမှန်သည်။ စုစုပေါင်း စစ်ဆင်ရေးဆင်နွဲချိန်က နှစ်မိနစ်ပင်မကြာလိုက်ပေ။

နျူ ကလီးယားဓာတ်ပေါင်းဖိုဗုံးကြဲရာတွင်ပါဝင်ခဲ့သည့် လေသူရဲများ

လေကာ တပ်ဖွဲ့ဝင်အများစုက စောစောကမှ ဂျူတီဖြုတ်ပြီး ညနေစာထွက်စားကြသည်။ ကျန်ရှိသောလေယာဉ်ပစ်အမြောက်တချို့တလေ က ကြိုကြားကြိုးကြားပစ်ခတ်သော်လည်း အစ္စရေးလေယာဉ်တွေကို ဒုက္ခ မပေးနိုင်ခဲ့။ စစ်ဆင်ရေးပြီးသည်နှင့် အစ္စရေးလေယာဉ်အုပ်မှူးက စကားဝှက်ဖြင့် စစ်ဆင်ရေးအောင်မြင်စွာဆင်နွဲပြီးကြောင်း စကားဝှက် ကိုလှမ်းပို့လိုက်သည်။ ဗုံးကြဲပြီးသည်နှင့် လေယာဉ်များအားလုံးအပေါ်ကိုထောင်တက်ပြီး ပေ ၄၀၀၀၀ အမြင့်မှလာရာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြန်လာခဲ့ရာ အစ္စရေးသို့ချောမောစွာရောက်ရှိကြသည်။

အီရတ်နိုင်ငံတွင် ဆက်ဒမ်ဟူစိန်ခေါင်းဆောင်သည့် ဘသ် ပါတီအာဏာရလာသည့် ၁၉၆၈ ခုနစ်မှစ၍ နျူကလီးယားစွမ်းအင်ရရှိရေးကို စိတ်ဝင်စားလာခဲ့သည်။ အကောင်းစိတ်ဝင်စားသည် တော့မဟုတ်ပေ။ အာရပ်ကမ္ဘာတွင် ခေါင်းဆောင်မူနေရာရလို၍ဖြစ်သည်။ ခေါင်းဆောင်မူနေရာရရန် ဒုတ်ကြီးကြီးရှိဖို့လိုသည်။ ၁၉၇၀ နောက်ပိုင်းနှစ်များတွင် အီရတ်က နျူကလီးယားပိုင်ဆိုင်ရေးစီမံကိန်းကို တစိုက်မတ်မတ်လုပ်လာခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဒေါ်လာသန်း၃၀၀တန် ဓာတ်ပေါင်းဖိုတစ်ခုဆောက်လုပ်ပေးဖို့ ပြင်သစ်နှင့့် သဘောတူညီချက်ရရှိခဲ့သည်။ ထိုသဘောတူညီချက်အရ ပြင်သစ်က အီရတ်နိုင်ငံအတွက် မဂ္ဂါဝပ်၅၀ထွက်ရှိမည့် light water နည်းပညာသုံးဓာတ်ပေါင်းဖိုတခုဆောက်ပေးပြီး သန့်စင်ပြီးပလူတိုနီယမ် ၇၂ ရမ်ကို ထောက်ပံ့ပေးရမည်ဖြစ်သည်။

၁၉၇၉ခုနှစ်တွင် အီရတ်နိုင်ငံဘဂ္ဂဒက်နှင့် ၁၀မိုင်ခန့်အကွာ အယ်တူဝေသာအရပ်၌ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့သည်။ အီရတ်၏ နျူကလီးယားပိုင်ဆိုင်ရေးကြိုးပမ်းမူကို အစ္စရေးက မျက်လုံးဒေါက်ထောက်ကြည့်နေခဲ့သည်။ အီရတ်၏ နျူကလီးယားစက်ရုံ စီမံကိန်းမှာ လက်နက်ထုတ်လုပ်ရန်မဟုတ်ပဲ ငြိမ်းချမ်းရေးကိစ္စအတွက်သာရည်ရွယ်ကြောင်း ပြင်သစ်နှင့်အီရတ်နိုင်ငံက ထပ်တလဲလဲ ထုတ်ဖော်ပြောကြားထားသော်လည်း အစ္စရေး ကအယုံအကြည်မရှိပေ။ မယုံတာကိုလဲအပြစ်ပြောလို့မရ။ ဆက်ဒမ်က သူ့အာရပ်အပေါင်းအသင်းတွေရှေ့မှာကျတော့ ပြောတာကတမျိုး။ သူ့ နျူကလီးယားစီမံကိန်းသည် ဇီယွန်ဝါဒီတွေကို မီးလောင်တိုက်သွင်းဖို့ဖြစ်ကြောင်း ကြွားဝါသည်။ အီရတ်တို့ နျူကလီးယားလက်နက်ပိုင်ဆိုင်လာသောနေ့သည် အစ္စရေးနိုင်ငံ၏နောက်ဆုံးနေ့ဖြစ်ရမည်ဟု အာရပ်အသိုင်းအဝန်းကြားတွင် ကြွေးကြော်သည်။

အစ္စရေးက ပြင်သစ်အစိုးသို့ချည်းကပ်၍ အီရတ်နှင့် နျူကလီးယားသဘောတူညီထားချက်ကို ဖျက်သိမ်းစေရန် သံတမန်ရေးနည်းလမ်းများဖြင့် ကြိုးစားခဲ့သည်။ သို့သော်အရာမထင်။ ထို့ကြောင့်အခြားနည်းလမ်းများကို သုံးစွဲလာသည်။ အစ္စရေးအနေဖြင့် အီရတ်တို့ နျူကလီးယားလက်နက်မပိုင်ဆိုင်နိုင်စေရန် မဖြစ်ဖြစ်သည့်နည်းဖြင့်တားဆီးရပေမည်။ ဤသည်မှာ သူ့အတွက် သေရေးရှင်ရေးဖြစ်သည်။ ၁၉၇၉ ခုနှစ် ဧပြီလတွင် အီရတ်သို့ပို့မည့် နျူကလီးယားဓာတ်ပေါင်းဖိုပစ္စည်းများ ပြင်သစ်ဆိပ်ကမ်း၌ သဘောၤတင်ရန်စောင့်နေစဉ် ဗုံးဖောက်ခွဲခံရသည်။

၁၉၈၀ ခုနှစ်ဇွန်လတွင် အီရတ် နျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်း၏ ညွှန်ကြားရေးမှူးဖြစ်သူ အီဂျစ်သိပ္ပံပညာရှင် ရီဟီယာအယ်မာရှက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ အခြားသူများမှာလည်း ခြိမ်းခြောက်စာများအပို့ခံရသည်။ အီရတ် နျူကလီးယားစီမံကိန်းမှာ ပါဝင်ကြသည့် ကန်ထရိုက်တာကုမ္ပဏီများတွင် ဗုံးပေါက်ကွဲမူများဖြစ်ပွားသည်။ လက်သည်ရှာမရ။ ဒီကြားထဲမှာပင် အီရတ်နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်းကတဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ အီရတ်တို့အနေဖြင့် နောင်တနှစ်နှစ်နှစ်အတွင်း နျူးကလီးယားဗုံးထုတ်နိုင်တော့မည်ဟု အစ္စရေးဝန်ကြီးချုပ် မီနာချမ်းဘီဂင်ကအခိုင်အမာယုံကြည်ယူဆလာခဲ့သည်။

ထောက်လှမ်းရေးသတင်းများအရလည်း ၁၉၈၁ ခုနှစ်နွေရာသီသည်အစ္စရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိလာရသည်။ ထို့ကြောင့် အချိန်နောက်မကျသေးမီ အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို ဖျက်ဆီးပစ်ရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထိုအချိန်တွင် အီရတ် မှာ အီရန်နှင့် စစ်ပွဲစတင်နေပြီဖြစ်သည်။ စစ်ပွဲကာလအတွင်း၁၉၈၀ စက်တင်ဘာ၃၀ ရက်နေ့တွင် အီရန်က အက်ဖ်-၄ ဖန်တွန်ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့် ဆောက်လက်စ Osirak နျူကလီးယားစက်ရုံကို လာရောက်ဗုံးကြဲသည်။ သို့သော်ကြီးကြီးမားမားမပျက်စီးခဲ့။ အဓိကကျသောဓာတ်ပေါင်းဖိုအခန်း ကို တစုံတရာထိခိုက်အောင်မလုပ်နိုင်ခဲ့။

Osirak Nuclear reactor အကွက်ချပုံစံ

ထိုစဉ်ကအီရန်တို့ဓာတ်ပုံရိုက်ယူထားသော နျူကလီးယားဓာတ်ပေါင်းဖိုတည်နေရာအကွက်ချပုံစံ layout plan အသေးစိတ်ကို အစ္စရေးတို့က အပေးအယူလုပ်ပြီး ရရှိခဲ့သည်။ ထိုအပေးအယူအတွင်း၌ အစ္စရေးတို့ ဆင်နွှဲမည့် ဓာတ်ပေါင်းဖို ဗုံးကြဲစစ်ဆင်ရေးအတွင်း လိုအပ်ပါက အစ္စရေးလေယာဉ်များ သူ့နယ်မြေထဲ အရေးပေါ်ဆင်းသက်ရန်ပါ အီရန်တို့ကခွင့်ပြုပေးခဲ့သည်။ ခိုမေနီ က အစ္စရေးတို့အပေါ်ဤမျှသဘောကောင်းနေရခြင်းမှာလည်း အီရတ်သာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားပါက အရင်ဆုံး မသာပေါ်မည့်သူက လောလောဆယ်အီရတ်နှင့်စစ်ဖြစ်နေသော သူတို့ဖြစ်နေခြင်းကြောင့်ပင်။

အမှန်စင်စစ် အစ္စရေးနှင့် အီရန် မှာလည်း ဂျင်းစိမ်းနှင့်မိတ်သလင်ဖြစ်သည်။တည့်ကြသည်မဟုတ်။ သို့သော်ဘုံရန်သူ အီရတ်ကို ဆော်မည့် အရေးကိုတော့ နှစ်ဦးသဘောမျှကြသည်။ အီရန်ထံမှ နျူကလီးယားစက်ရုံ layout plan ပုံရပြီးသည့်နောက် ထိုပုံစံအတိုင်း နျူကလီးယားဓာတ်ပေါင်းဖို အတုလုပ်ပြီး ဗုံးကြဲသည့် လေ့ကျင့်ခန်းများလုပ်သည်။ ထိုလေ့ကျင့်ခန်းများအတွင်း အစ္စရေးပိုင်းလော့သုံးဦး သေဆုံးခဲ့ရသည်။ လေ့ကျင့်ရာတွင် စစ်ဆင်ရေးအတွင်း ဗုံးကြဲလေယာဉ်အဖြစ်သုံးရန် ရည်ရွယ်ထားသော အေ၅ လေယာဉ်များသုံး၍လေ့ကျင့်ခဲ့သော်လည်း နောက်ပိုင်း ပိုမိုခေတ်မီသော အက်ဖ်၁၆ လေယာဉ်များကို လက်ခံရရှိခဲ့သည့်အတွက် အမှန်တကယ်စစ်ဆင်ရေး လုပ်သည့်အချိန်၌ အက်ဖ်၁၆လေယာဉ်များကို အသုံးပြုခဲ့သည်။

နျူကလီးယားဓာတ်ပေါင်းဖိုကိုတိုက်ခိုက်ရာ၌ပါဝင်ခဲ့သည့်အမှတ်အသား တြိဂံပုံကို လေယာဉ်ဘေးမှာရေးဆွဲထားပုံစစ်ဆင်ရေး လုပ်သည့်အချိန်၌ အက်ဖ်၁၆လေယာဉ်များကို အသုံးပြုခဲ့သည်။

နျူကလီးယားဓာတ်ပေါင်းဖိုကို ဗုံးကြဲပြီး နောက်တနေ့မှာပင် အစ္စရေးဝန်ကြီးချုပ် ဘီဂင်က ကျေညာချက်ထုတ်ပြန်သည်။
“အစ္စရေးနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို အစ္စရေးလေတပ်က သွားရောက်ဗုံးကြဲဖျက်ဆီးလိုက်ပါပြီ။ ဂျူးလူမျိုးတွေ မီးလောင်တိုက်သွင်း အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အဖြစ်အပျက်မျိုး သမိုင်းမှာနောက်တစ်ကြိမ်မရှိစေရဘူး”

အီရတ် နျူကလီးယားဓာတ်ပေါင်းဖို ဗုံးကြဲခံရသည့်သတင်းက တစ်ကမ္ဘာလုံး ဟိုးလေးတကြော်ကြော်ဖြစ်သွားသည်။ သတင်းစာအားလုံး၏ အဓိက ခေါင်းကြီးသတင်းတစ်ပုဒ်အဖြစ် ပါလာသည်။ ဗုံးကြဲတိုက်ခိုက်မူကြောင့် ဓာတ်ပေါင်းဖိုမှာလုံးဝပျက်စီးသွားသည်။ အီရတ်စစ်သား၁၀ဦး နှင့် ပြင်သစ်အရပ်သား အင်ဂျင်နီယာတစ်ဦးသေဆုံးသည်။ အစ္စရေးက လူအထိအခိုက်အနည်းဆုံးဖြစ်အောင် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ညနေပိုင်းကို ရွေးခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

နျူကလီးယားဓာတ်ပေါင်းဖို လေကြောင်းမှအတိုက်ခံရသည့်အတွက် တာဝန်ပေါ့လျော့မူဖြင့် အီရတ်အနောက်ပိုင်းနယ်မြေ လေကြောင်းရန်ကာကွယ်ရေးတပ်မှ အရာရှိအတော်များများ ဆက်ဒမ်၏အမျက်ဒေါသအောက်တွင်သေဒဏ်ပေးခြင်းခံရသည်။ ဤတိုက်ခိုက်မူအတွက် အစ္စရေးကို တကမ္ဘာလုံးက ဝိုင်းဝန်းရူံ့ချကြသည်။ အမေရိကန်နှင့် ဆိုဗီယက်ကလည်း ရှုတ်ချသည်။ အာရပ်နိုင်ငံများကတော့ ပြောစရာမလို။ အစ္စရေးကို အမဲဝိုင်းဖျက်ကြတော့မလို ပြောကြဆိုကြသည်။ သို့သော် ဘယ်အာရပ်နိုင်ငံကမှ အစ္စရေးကို စစ်ရေးဖြင့် လက်တုန့်ပြန်ရန်မစဉ်းစားကြပါ။ တကယ်တော့ အီရတ်၏နျူကလီးယားဓာတ်ပေါင်းဖို အဖျက်ဆီးခံလိုက်ရတာကို သူတို့စိတ်ထဲက ကြိတ်ဝမ်းသာနေကြသည်။

New York Times, Washington Post, Gardian စသည့်သတင်းစာကြီးများကလည်း အစ္စရေးလုပ်ရပ်ကို နိုင်ငံတကာဥပဒေကိုချိုးဖောက်သော အကြမ်းဖက်လုပ်ရပ်အဖြစ် ရူံ့ချကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှင့် အထွေထွေညီလာခံကလည်း အစ္စရေးကို ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်များချမှတ်သည်။ အာရပ်နိုင်ငံများက အစ္စရေးကို လက်နက်တင်သွင်းမူပိတ်ပင်ဖို့ ကုလကိုတိုက်တွန်းသည်။ သို့သော် အမေရိကန်က ပြစ်တင်ရှုတ်ချရုံထက် ပိုလုပ်တာမျိုးကို လက်ခံမည့်ပုံမပေါ်ပါ။ အစ္စရေးနိုင်ငံတွင်းမှာလည်း ဝေဖန်ရှုတ်ချမူများမလွတ်။ မီနာချမ်းဘီဂင်အနေဖြင့် အီရတ်နျူကလီးယားဓာတ်ပေါင်းဖိုကို တိုက်ခိုက်ဖို့အမိန့်ပေးခြင်းသည် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် သူ့ပါတီမဲရစေဖို့ နိုင်ငံရေးစတန့်ထွင်မူ သက်သက်ဟု အတိုက်အခံတို့ကစွပ်စွဲကြသည်။

သို့သော် ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲအတွင်း၌ အီရတ်က အစ္စရေးကို စကဒ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သောအခါ၌ မီနာချမ်းဘီဂင်၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကို အားလုံးက အသိအမှတ်ပြုလာခဲ့သည်။ ထိုအချိန်က အစ္စရေးလွှတ်တော်အမတ် ၁၂၀ အနက် အယောက်၁၀၀က စုပေါင်းလက်မှတ်ရေးထိုးထားသည့် ကျေးဇူးတင်လွှာ ကို အငြိမ်းစားဝန်ကြီးချုပ်ဘီနာချမ်းဘီဂင် ထံပေးပို့ခဲ့ကြသည်။

Written by Kyawmin Aung

Tags: militaryworld historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!