ကျွန်တော်တို့အများစုသိကြတာက မြို့တစ်မြို့ကို နိုင်ငံတစ်နိုင်ငံတည်းကသာ ပိုင်တယ်ဆိုတာပါ။ ဒါပေမယ့် နိုင်ငံ နှစ်နိုင်ငံ တစ်ဝက်စီပိုင်တဲ့မြို့ရှိနေတယ်ဆိုရင် မိတ်ဆွေအံသြသွားမှာလား။ တကယ်ရှိပါတယ်။
ဒီမြို့လေးကတော့ Dinxperlo ဆိုတဲ့မြို့ငယ်လေးတစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံ အရှေ့ပိုင်း ဂျာမနီနယ်စပ်မှာတည်ရှိပါတယ်။ လူဦးရေ ၇၄၀၀ ကျော်နေထိုင်ပြီး ဒီမြို့ကိုနယ်သာလန်က တစ်ဝက် ဂျာမနီကတစ်ဝက် ပိုင်ဆိုင်ပါတယ်။ နယ်သာလန်ဘက်မှာ ၃ပုံ ၂ပုံခန့်ပါတာကြောင့် အများစုသိကြတာကတော့ ဒီမြို့ဟာ နယ်သာလန်ရဲ့မြို့ဆိုတာပါပဲ။
ဒါပေမယ့် အဓိကလမ်းမကြီးရဲ့တစ်ဖက်ခြမ်းကိုရောက်သွားတာနဲ့ ဂျာမနီပိုင်ဖြစ်သွားပါပြီ။ လမ်းတစ်ဖက်ခြမ်းက အိမ်တွေအားလုံးဟာ ဂျာမနီနိုင်ငံထဲမှာ ပါရှိသွားပြီး ဂျာမနီကတော့ ဒီနေရာကို Hellweg လို့ခေါ်ပါတယ်။ တစ်မြို့တည်းနေပြီး နိုင်ငံသားကတော့ နှစ်မျိုးဖြစ်နေပါတယ်။
အားလုံးစုပေါင်း နေထိုင်ကြ အလုပ်လုပ်ကြပြီး ဘာသာစကားကိုတော့ အဲဒီအရပ်မှာသုံးတဲ့ သီးသန့်ဘာသာစကားတစ်ခုကို အသုံးပြုပါတယ်။ ရံဖန်ရံခါမှာတော့ ဒတ်ချ် နဲ့ ဂျာမန်စကားတွေကိုပြောကြပါတယ်။ ဒီနေရာရဲ့လုံခြုံရေးကို နယ်သာလန် ရဲ နဲ့ ဂျာမနီရဲတွေပူးပေါင်းထားတဲ့ ရဲဌာနက တာဝန်ယူထားပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဂျာမနီ နဲ့ နယ်သာလန်ရဲတွေကို တွဲမြင်နေရမှာဖြစ်ပါတယ်။
တစ်မြို့တည်း နှစ်နိုင်ငံကွဲနေလို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြဿနာဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဂျာမနီ နဲ့ နယ်သာလန်ဟာ ချစ်ကြည်ရင်းနှီးပြီး နိုင်ငံသားတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွယ်ကူစွာကူးလူးသွားလာနိုင်ပါတယ်။ တခြားနိုင်ငံဘက်ကူးပြီးအလုပ်လွယ်ကူစွာလုပ်ခွင့်ရှိသလို ၊ လည်ပတ်ဖို့ကိုလည်း ခွင့်ပြုထားပါတယ်။
ဒီမြို့လေးရဲ့နာမည်ကြီးတဲ့နေရာနှစ်ခုကတော့ နယ်သာလန်ရဲ့အသေးငယ်ဆုံးဘုရားကျောင်းဖြစ်တဲ့ De Rietstap ဘုရားရှိခိုးကျောင်းလေးနဲ့ Grenslandmuseum ပြတိုက်ပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်းမွန်ပြီး နာရီဝက်တစ်ခါထွက်တဲ့ ရထားတွေလည်းရှိပါတယ်။ စားသောက်ဆိုင်များအလွန်ပေါတဲ့အပြင် လှပတဲ့ရှု့ခင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိတဲ့ မြို့ငယ်လေးလည်းဖြစ်ပါတယ်။