Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သြစတြေးလျနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 8, 2019
Reading Time: 2min read
0
သြစတြေးလျနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဩစတြေးလျနိုင်ငံ၏ တရားဝင်အမည်မှာ ဩစတြေးလျ ဓနသဟာယ နိုင်ငံဟု ခေါ်ဝေါ်ပြီး ကမ္ဘာ့တောင်ဖက်ခြမ်းတွင် တည်ရှိသည်။ ဩစတြေးလျနိုင်ငံတွင် ကမ္ဘာ့အသေးဆုံးတိုက်ဖြစ်သော ဩစတြေးလျတိုက်၊ တက်စမေးနီးယားကျွန်းမကြီး၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုပေါင်းများစွာ ပါဝင်သည်။ အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဖက်၌ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် ပါပူအာနယူးဂီနီနိုင်ငံ၊ အရှေ့မြောက်ဖက်၌ ဆော်လမွန်ကျွန်းစုများ၊ ဗနွားတူနိုင်ငံနှင့် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဖက်တွင် နယူးဇီလန်နိုင်ငံတို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်းက တိုက်တစ်ခုလုံးကို နေရာယူထားသော တိုက်ဟူ၍ ဩစတြေးလျတစ်ခုသာ ရှိသည်။

Australia ဟူသောစကားလုံးသည် လက်တင်ဘာသာစကား australis မှ ဆင်းသက် လာသည်။ တောင်ပိုင်း “southern” ဟု အဓိပ္ပါယ်ရသည်။ ရောမခေတ်က “unknown land of the south” အမျိုးအမည် မသိသေးသော ကမ္ဘာ့တောင်ပိုင်းကုန်းမြေ (terra australis incognita) ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း ဒဏ္ဍာရီလာပုံပြင်များအရ သိရှိရသည်။ ခိုင်လုံသော အထောက်အထား မှတ်တမ်းအနေဖြင့် ၁၆၂၅ခုနှစ်တွင် မာစတာ ဟက္ကလွတ် ရေးသားသော “A note of Australia del Espíritu Santo” စာအုပ်တွင် Australia ဟူသောစကားလုံးကို သုံးနှုန်းထားကြောင်း ပထမဆုံး တွေ့ရှိရသည်။

၁၆၃၈ ခုနှစ်တွင် ဩစတြေးလျမြေပေါ်သို့ ပထမဆုံး အခြေချခဲ့သော ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ၏ မှတ်တမ်းများတွင် Australische ဟု ရေးသားသုံးနှုန်းခဲ့ကြသည်။ ဟူသော စကားလုံးကို တွင်ကျယ်စွာ အသုံးပြုလာကြသည်မှာ ၁၈၀၄ ခုနှစ်ရောက်မှ ဖြစ်သည်။ မက်သယူး ဖလင်းဒါးစ်က ၁၈၁၄ ခုနှစ်တွင် ထုတ်ဝေသော A Voyage to Terra Australis ဟူသည့် စာတမ်းများနှင့် ရေပုံများတွင် စတင်သုံးစွဲလိုက်ခြင်းဖြစ်သည်။ ၁၈၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရုံးမှ တရားဝင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် Admiralty မှ သဘောတူလက်ခံပြီး ဩစတြေးလျတိုက်ဟု တရားဝင် ပြဌာန်းလိုက်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၀,၀၀၀ မှ ၆၀,၀၀၀ ကြားခန့်လောက်ကတည်းက ဩစတြေးလျတိုက်တွင် လူသားတို့ စတင်အခြေချ နေထိုင်ခဲ့ကြသည်ဟု ပညာရှင်များ တွက်ဆကြသည်။ ကုန်းမြေ အနေအထား အနီးဆုံးဖြစ်သော အရှေ့တောင်အာရှဒေသမှ ပင်လယ်ကိုဖြတ်သန်းကာ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ ၁၈ ရာစုနှစ် ဥရောပတိုက်သားများ စတင်ရောက်ရှိလာချိန်အထိ အဆိုပါ ဒေသခံ ဩစတြေးလျ တိုင်းရင်းသားများမှာ အမဲလိုက်ခြင်း၊ ယာဇ်နတ်ပူဇော်ပသခြင်းတို့ဖြင့်သာ အသက်မွေးကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။

ဥရောပမှ ဒတ်ခ်ျလူမျိုး စူးစမ်းရှာဖွေသူတို့၏ ၁၆၀၆ ခု ရှာဖွေတွေ့ရှိမှု အပြီးတွင် ဩစတြေးလျအရှေ့ခြမ်းကို ဗြိတိသျှတို့က ပိုင်နက်အဖြစ် ၁၇၇၀ တွင် ကြေငြာခဲ့သည်။ အစကနဦးပိုင်းတွင် ၂၆ ဇန်နဝါရီ ၁၇၈၈ မှ အစပြု၍ နယူး ဆောက်ဝေး ကိုလိုနီဒေသသို့ ရာဇဝတ်မှု ကျူးလွန်သူတို့အား ပို့လွှတ်ရာ ဒေသအဖြစ် အသုံးပြုခြင်းအားဖြင့် အင်္ဂလိပ်တို့ စတင် ရောက်ရှိလာခဲ့သည်။ လူဦးရေ တိုးပွားလာပြီး နယ်မြေသစ်များ ရှာဖွေတွေ့ရှိ လာသည်နှင့်အမျှ ၁၉ ရာစုနှစ်တွင် ဗြိတိသျှ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသော ရေမြေခြား ကိုလိုနီတိုင်းကြီး ၅ တိုင်းကို ထပ်မံ တည်ထောင်ခဲ့သည်။ ဇန်နဝါရီလ ၁ ရက် ၁၉၀၁ တွင် ကိုလိုနီတိုင်းကြီး ၆ တိုင်းကို ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းခဲ့ပြီး ဩစတြေးလျ ဓနသဟာယနိုင်ငံကို ထူထောင်ခဲ့သည်။

အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၇.၆၉သန်း ရှိပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက်အကြီးဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၈ခုနှစ်အရ လူဦးရေ ၂၅သန်းနီးပါးရှိပြီး နိုင်ငံသားတစ်ဦးစီ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၂၁၉၁ ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်နှင့်အညီ စီးပွားရေးမှာလည်း အလွန်ဖွံ့ဖြိုးတိုးတက်လှပြီး သြစတြေးလျဒေါ်လာ(AUD) ကိုသုံးသည်။ အဓိကလုပ်ငန်းများမှာ ဘဏ်လုပ်ငန်း ၊ ကျန်းမာရေး ၊ ဆောက်လုပ်ရေး ၊ သတ္တုတူးဖော်ရေး ၊ သိပ္ပံနှင့်နည်းပညာဝန်ဆောင်မှုလုပ်ငန်း ၊ စက်မူလုပ်ငန်း ၊ စိုက်ပျိုးရေးလုန်ငန်းတို့ဖြစ်ကြသည်။ ၂၀၁၇ခုနှစ်စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းတွင် နံပါ ၁၈နေရာတွင် ရပ်တည်နေသည်။

အုပ်ချုပ်ရေး

ဖက်ဒရယ်ပြည်ထောင်စုအပေါ်အခြေခံထားသော စည်းမျဉ်းခံဘုရင်စနစ် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲမှာ ဒုတိယမြောက် အဲလီဇဘက် ဘုရင်မကြီး ဖြစ်သည်။ ဘုရင်ခံချုပ်တွင် အာဏာရှိသော်လည်း ဝန်ကြီးချုပ်မှသာ နိုင်ငံကို အုပ်ချုပ်သည်။ သို့ရာတွင် ဘုရင်ခံချုပ်သည် ဝန်ကြီးချုပ်ကို ကျော်လွန်၍ အာဏာသုံးပိုင်ခွင့် ရှိကြောင်းကို ၁၉၇၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းဖြစ်ချိန်တွင် ဘုရင်ခံချုပ်က ဝတ္တလမ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြင့် ပြသခဲ့သည်။ အစိုးရတွင် အာဏာပိုင်အဖွဲ့အစည်း သုံးရပ်ရှိသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ဖြစ်ကြသည်။

ဩစတြေးလျနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏အချုပ်အခြာအာဏာကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့က ချုပ်ကိုင်ခြင်းမရှိစေရန် အောက်ပါအတိုင်း အစိုးရ၏ အာဏာပိုင်အဖွဲ့ သုံးခုကြားတွင် ခွဲဝေအုပ်ချုပ်စေသည်။ ထိုအစိုးရ အာဏာပိုင်အဖွဲ့ သုံးဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာများမှာ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ နှင့် တရားစီရင်ရေး အာဏာတို့ဖြစ်ကြသည်။

ဥပဒေပြုရေး အာဏာ

လွှတ်တော်သည် ဥပဒေပြုရေး နှင့် ဥပဒေပြင်ဆင်ရေး ဆိုင်ရာလုပ်ပိုင်ခွင့် အာဏာရှိသည်။ ၎င်း လွှတ်တော်ကို ဩစတြေးလျနိုင်ငံ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

အုပ်ချုပ်ရေး အာဏာ

ဥပဒေပြုရေးကပြဌာန်းထားသော တရားဥပဒေများကို အကောင်ထည်ဖော် အသက်သွင်းရန်အလုပ်မှာ အုပ်ချပ်ရေးအာဏာွဖစ်သည်။ ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ဩစတြေးလျနိုင်ငံ ဝန်ကြီးများနှင့် ဘုရင်ခံချုပ်တို့ပါဝင်သည်။ ဝန်ကြီးတစ်ဦးစီသည် အစိုးရဌာနတစ်ခု၊ သို့မဟုတ် တစ်ခုထက်ပိုသောဌာနများကို တာဝန်ယူကြရသည်။

တရားစီရင်ရေး အာဏာ

ဩစတြေးလျနိုင်ငံတွင် တရားသူကြီးများသည် တရားဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် လက်တွေ့ကျင့်သုံးဖော်ဆောင်ရန် အခွင့်အာဏာရှိသည်။ တရားရုံးနှင့် တရားသူကြီးများသည် လွှတ်တော်နှင့် အစိုးတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင်မရှိသော တရားစီရင်ရေးအတွက် သီးသန့်တည်ရှိသောအဖွဲ့ဖြစ်သည်။

ပြည်နယ်များနှင့် ဒေသကြီးများ

ပြည်နယ် (၆)ခုရှိသည်။ နယူးဆောက်သ်ဝေးလ်စ် (New South Wales – NSW)၊ ကွင်းစ်လန် (Queensland – QLD)၊ တောင်ပိုင်း ဩစတြေးလျ (South Australia – SA)၊ တက်စ်မေးနီးယား (Tasmania – TAS)၊ ဝိတိုရိယ (Victoria – VIC)၊ အနောက်ပိုင်း ဩစတြေးလျ (Western Australia – WA) တို့ဖြစ်ကြသည်။ ထို့အပြင် အဓိက ဒေသကြီး နှစ်ခုရှိသည်။ ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကြီး (Northern Territory – NT) နှင့် ဩစတြေးလျ မြို့တော် ဒေသကြီး (Australian Capital Territory – ACT) တို့ဖြစ်သည်။

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်သည် ဗြိတိသျှလူမျိုးတို့ ကိုလိုနီနယ်မြေ စတင်ထူထောင်ခဲ့သော ပြည်နယ်တစ်ခု ဖြစ်သည်။ ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော် ဆစ်ဒနီမြို့သည် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင်း မြို့တော်ဖြစ်သည်။ ကမ္ဘာကျော် ဆစ်ဒနီ ဟာဘာဘရစ်ဂ်ျ (Harbour Bridge) – ဆိပ်ကမ်းတံတား နှင့် ဆစ်ဒနီ အော်ပရာဟာက်စ် (Opera House) ပြဇာတ်ရုံတို့မှာ ဆစ်ဒနီမြို့တော်၏ အထင်ကရနေရာများဖြစ်ကြသည်။ ၎င်းပြည်နယ်တွင်း၌ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) တိုင်းရင်းသားလူမျိုးစုနွယ်များ အများဆုံးနေထိုင်ကြသည်။

ကွင်းစလန်ပြည်နယ်

ကွင်းစလန်ပြည်နယ်၏ မြို့တော်မှာ ဘရစ်စဘန် (Brisbane) မြို့ ဖြစ်သည်။ ဒုတိယ အကြီးဆုံး ကွင်းစလန်ပြည်နယ်၏ မြောက်ဘက်တွင် တောရက်စ် ရေလက်ကြားကျွန်းများ၊ အပူပိုင်းအမြဲစိမ်းသစ်တောများ၊ အပူချိန် သင့်တင့်လျောက်ပတ်သော ကမ်းရိုးတမ်း နေရာများ နှင့် ရာသီလိုက် ခြောက်သွေ့ကုန်းတွင်းပိုင်း တို့ ရှိကြသည်။ ဤ ပြည်နယ်တွင်း၌ ကမ္ဘာတွင်နာမည်ကြီးသော မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် အရှေ့ဖက်ကမ်းရိုးတမ်းတစ်လျှောက် သွယ်တန်းလျက်ရှိသည်။

တောင်ပိုင်း ဩစတြေးလျ ပြည်နယ်

တောင်ပိုင်း ဩစတြေးလျ ပြည်နယ်သည် ကျောက်ဆောင်ကမ်းပါး ပေါများထူထပ်သည်။ လူသိများကျော်ကြားသော ဝိုင်အရက်များ ထွက်သည့် နေရာများရှိသည်။ ၎င်းပြည်နယ်၏ မြို့တော်မှာ အယ်ဒန်(လ်)လေ (Adelaide) ဖြစ်ပြီး ကိုလိုနီခေတ်ချိန်က တည်ဆောက်ထားခဲ့သော ဗိသုကာလက်ရာမွန်များစွာ ကျန်ရစ်တည်ရှိဆဲဖြစ်သည်။

တက်စ်မေးနီးယား ပြည်နယ်

တက်စ်မေးနီးယား ပြည်နယ်သည် ဩစတြေးလျနိုင်ငံ၏ အသေးဆုံးပြည်နယ်ဖြစ်ပြီး၊ ‘ဘေ့စ် စထရိတ်’ ရေလက်ကြား (Bass Strait)က ထိုပြည်နယ်နှင့် ပင်မ ဩစတြေးလျတိုက်ကုန်းမြေကို ပိုင်းခြားထားသည်။ တက်စ်မေးနီးယားကျွန်းမြေပေါ်တွင် လူအနည်းစုသာနေထိုင်သည့် အပြင်လူသူ အရောက်အပေါက် နည်းသဖြင့် တော်တော်များများ ကုန်းမြေများမှာ သဘာဝ အတိုင်းရှိ၍ လူတို့၏ဒဏ် မခံရပေ။ တက်စ်မေးနီးယား ပြည်နယ်၏ မြို့တော်မှာ ဟိုးဘတ်ထ် (Hobart) ဖြစ်သည်။

ဝိတိုရိယ ပြည်နယ်

ဝိတိုရိယ ပြည်နယ်မှာ ဩစတြေးလျတိုက်၏ ကုန်းတွင်းပိုင်းပြည်နယ်များတွင် အသေးဆုံးပြည်နယ် တစ်ခုဖြစ်သည်။ ထိုပြည်နယ်တွင် ၁၈၅၀ ခုနှစ်များတွင်း ရွှေထွက်စဉ်ကာလများက တည်ဆောက်ထားခဲ့သော အလွန်ကောင်းမွန်လှသည့် ဗိသုကာလက်ရာများ လည်းရှိသည်။ ဝိတိုရိယ ပြည်နယ်၏ မြို့တော်မှာ မဲလ်ဘန်း (Melbourne) ဖြစ်သည်။

အနောက်ပိုင်း ဩစတြေးလျ ပြည်နယ်

အနောက်ပိုင်း ဩစတြေးလျ ပြည်နယ်သည် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် သဲကန္တာရကြီးများရှိပြီး၊ အနောက်တောင်ဘက်တွင်မူ မြေဩဇာကောင်း၍ ကောက်ပဲသီးနှံ စိုက်ပျိုးရန် သင့်တော်သည့်အပြင်၊ ဝိုင်အရက်ချက်သည့် စပျစ်ပေါရာတည်နေရာဖြစ်သည်။ ထိုပြည်နယ်တွင် အဓိကအားဖြင့် သတ္တုတွင်းလုပ်ငန်း လုပ်ကွက်များကိုလုပ်ကြသည်။ ပြည်နယ်လူဦးရေ စုစုပေါင်း၏ လေးပုံသုံးပုံမှာ ၎င်းပြည်နယ်၏ မြို့တော်ဖြစ်သော ပတ်သ်မြို့ (Perth) တွင် မှီတင်းနေထိုင်ကြသည်။

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကြီး

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကြီး၏ မြောက်ဘက်တွင် အပူပိုင်းကုန်းမြေနှင့် တောင်ဘက်တွင် မြေနီ သဲကန္တာရတို့ရှိကြသည်။ လူဦးရေနည်းပြီး အများစုမှာ ထိုပြည်နယ်၏ မြို့တော် ဒါရ်ဝင်မြို့ (Darwin)တွင် နေထိုင်သည့်အပြင် ၎င်းဒါရ်ဝင်မြို့ နှင့် အဲလစ်စပရင်းစ် (Alice Springs)မြို့ကြားရှိ အဝေးပြေးကားလမ်းကြီးတလျောက်တွင် နေထိုင်ကြသည်။ အဲလစ်စပရင်းစ် (Alice Springs)မြို့သည် ဩစတြေးလျနိုင်ငံအလယ်တဝိုက်တွင် ခရီးသွားများ အလည်သွားရာ နာမည်ကြီး မြို့လေးတစ်မြို့ဖြစ်သည်။

ဩစတြေးလျ မြို့တော် ဒေသကြီး

ဩစတြေးလျ မြို့တော် ဒေသကြီး၏တည်နေရာသည် ဆစ်ဒနီမြို့ နှင့် မဲလ်ဘန်းမြို့ကြားတွင်တည်ရှိသည်။ ဩစတြေးလျ မြို့တော် ဒေသကြီးဟုဆိုသည့်အတိုင်း ဩစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာ တည်ရှိရာပြည်နယ်ဖြစ်သည်။ ၎င်းမြို့တော် ကန်ဘာရာသည် လွှတ်တော် ‘ပါလီမန် ဟောက်စ်’ (Parliament House) နှင့် ဗဟိုတရားရုံး ‘ဟိုင်းကော့တ်’ (High Court) တို့ကဲ့သို့သော အရေးကြီးသည့် နိုင်ငံတော် အထင်ကရ အဖွဲ့အစည်းများ ရုံးစိုက်ရာ အရပ်ဖြစ်သည်။

သြစတြေးလျနိုင်ငံ၏ အချက်တချို့

သြစတြေးလျနိုင်ငံ၏ အမြင့်ဆုံးတောင်မှာ Kosciuszko တောင်ဖြစ်ပြီး အမြင့်ပေ ၇၃၀၁ပေ ရှိသည်။

သြစတြေးလျနိုင်ငံရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ Uluru ခေါ် Ayers Rock ဟာ နိုင်ငံအလယ်ဗဟိုမှာတည်ရှိနေပြီး တစ်ခုတည်းရပ်တည်လျှက်ရှိသော ကမ္ဘာ့အကြီးဆုံးကျောက်ဆောင်ဖြစ်သည်။

သြစတြေးလျ၏ အရှည်ဆုံးမြစ်မှာ Murray မြစ်ဖြစ်ပြီး၁၅၅၈မိုင် ရှည်လျားသည်။

သြစတြေးလျ အရှေ့ပိုင်းတွင်ရှိသည့် မဟာသန္တာကျောက်တန်းကြီးမှာ ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကြီးဖြစ်သည်။ ထိုသန္တာကျောက်တန်းကြီးကို ကျောက်တန်းပေါင်း ၃ထောင်ကျော်ဖြင့်ဖွဲ့စည်းထားပြီး သန္တာကောင်မျိုးစိတ် ၃၅၀ကျော် နှင့် ငါးအမျိုးအစားပေါင်း ၁၅၀၀ခန့်နေထိုင်သည်။

တိုင်းရင်းသားဘာသာစကား၄၅အပါအဝင် ဘာသာစကားပေါင်း ၂၀၀ကျော်ကိုသုံးစွဲကြသည်။ ရုံးသုံးဘာသာစကားမှာ Australian Englishဘာသာစကားဖြစ်ပြီး အခြားအများဆုံးသုံးစွဲကြသည့်ဘာသာစကားမှာ Italian, Greek, Cantonese, Arabic, Vietnamese နှင့် Mandarin တို့ဖြစ်သည်။

ကမ္ဘာပေါ်တွင် အခြားမည်သည့်နိုင်ငံတွင်မှ မရှိသည့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၇၅၀ခန့်သည် သြစတြေးလျတွင်ရှိသည်။

သြစတြေးလျလူမျိုးများ၏ ပျမ်းမျှသက်တမ်းမှာ ၈၂.၈နှစ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္တမြောက်အသက်အရှည်ဆုံးဖြစ်သည်။

သိုးအလွန်ပေါသောနိုင်ငံဖြစ်ပြီး စုစုပေါင်းသိုးကောင်ရေမှာ နိုင်ငံလူဦးရေ၏ ၂ဆကျော်ဖြစ်သည်။

သြစတြေးလျနိုင်ငံအနောက်ပိုင်းရှိ The Great Victoria သဲကန္တာရသည် စတုရန်းကီလိုမီတာ ၃၄၈၇၅၀ကျယ်ဝန်းပြီး UK နိုင်ငံထက်ပို၍ကြီးမားသည်။

သြစတြေးလျသည် မီးတောင်ရှင်မရှိသည့် တစ်ခုတည်းသောတိုက်ဖြစ်သည်။

သားပိုက်ကောင်သည် သြစတြေးလျနိုင်ငံ၏ အမှတ်အသားဖြစ်သည်။ ၂၀၁၁ခုနှစ်စာရင်းအရပင် သားပိုင်ကောင်ပေါင်း ၃၄သန်းကျော်ရှိသည်။

ကမ္ဘာ့အရှည်ဆုံး ခြံစည်းရိုးဖြစ်သည့် dingo ခြံစည်းရိုးသည် သြစတြေးလျတွင်ရှိပြီး အရှည် ၅၅၃၀ကီလိုမီတာရှိသည်။

ကမ္ဘာ့အမြင့်ဆုံး စတီးကွေးတံတားဖြစ်သည့် Harbor Bridge သည် သြစတြေးလျနိုင်ငံ ဆစ်ဒနီတွင်တည်ရှိသည်။

သြစတြေးလျနိုင်ငံ၏ ထူးဆန်းသည့်မြို့တစ်ခုအမည်မှာ ‘၁၇၇၀’ ဖြစ်ပြီး ကွင်းစလန်ပြည်နယ်တွင်တည်ရှိနေသည်။

ကမ်းခြေပေါင်း ၁သောင်းကျော်ရှိပြီး ကမ္ဘာပေါ်တွင်ကမ်းခြေအများဆုံးနိုင်ငံဖြစ်သည်။

ဆစ်ဒနီ အော်ပရာ ပြဇာတ်ရုံ သည် ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆစ်ဒနီမြို့ ရှိ ဖျော်ဖြေရာ နေရာ အများအပြားရှိသော ဇာတ်ရုံ တစ်ခု ဖြစ်သည်။ ထို အဆောက်အဦးသည် ၂၀ရာစု၏ အကျော်ကြားဆုံးနှင့် ထူးခြားမှု အရှိဆုံး အဆောက်အဦး စာရင်းတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ဩစတြေးလျနိုင်ငံကို အစိမ်းရောင်နှင့် ရွှေဝါရောင် တို့ကကိုယ်စားပြုသည်။ ထို ရွှေဝါရောင်မှာ ‘ဂိုးလ်ဒန်း ဝါထယ်လ်'(Golden Wattle)ပန်းပွင့်၏ အရောင်လည်းဖြစ်သည်။ ဩစတြေးလျနိုင်ငံ ကိုယ်စားပြု အားကစားအသင်းများ၏ ဝတ်စုံသည် အများအားဖြင့် ထို အစိမ်းရောင် နှင့် ရွှေဝါရောင် တို့ကို အသုံးပြုထားကြသည်။

မဟူရာဖလား ခေါ် ‘အိုပယ်လ်’ (Opal) သည် ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုသော ကျောက်မျက်တစ်မျိုးဖြစ်သည်။ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) လူမျိုးတို့ ဒဏ္ဍာရီတွင်ကား မိုးကောင်းကင်မှ သက်တန့်ရောင်စင်သည် ဤကမ္ဘာမြေကြီးကိုထိမိသောအခါဝယ် မြေကြီးတွင်တည်ရှိနေကြသော ကျောက်စိုင်ကျောက်ခဲများက အရောင်ကူးကာ ထိုမဟူရာဖလား ခေါ် ‘အိုပယ်လ်’ကျောက် ဖြစ်လာသည်ဟုလည်း ယုံကြည်ကြသည်။

မြန်မာ့စွယ်စုံကျမ်း
သုတဇုန်

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!