နည်းပညာတွေ တိုးတက်လာတာနဲ့ အညီ အရင်က သုံးခဲ့တဲ့ ပစ္စည်းတွေဟာလည်း သူ့ထက်မြင့်တဲ့ ထုတ်ကုန်တွေထပ်ထပ်ပေါ်လာတဲ့အတွက် တဖြည်းဖြည်းပျောက်ဆုံးလာရပါတယ်။ ဂဏန်းတွက်စက် ၊ နာရီ ၊ ရီကော်ဒါ ၊ ကြိုးဖုန်း ၊ ကက်ဆတ်တို့နေရာမှာ ယနေ့စမတ်ဖုန်းတစ်လုံးတည်းနဲ့ အစားထိုးနိုင်နေပြီ ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီ ပျောက်ဆုံးသွားနိုင်တဲ့အရာတွေရဲ့ စာရင်းကိုတော့ Business Insider ကနေ စုစည်းပေးထားခြင်းဖြစ်ပါတယ်။
၁။ ပုံနှိပ် မဂ္ဂဇင်းများ
Teen Vogue နဲ့ Nylon ကဲ့သို့ အမေရိကန်က နာမည်ရှိပြီးသား မဂ္ဂဇင်းတွေဟာ ပုံနှိပ်မဂ္ဂဇင်းကဏ္ဍ ကို ရပ်တန့်လိုက်ပြီး အွန်လိုင်းမဂ္ဂဇင်းများအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ အွန်လိုင်းသုံးစွဲသူ တဖြည်းဖြည်းများပြားလာပြီးတဲ့နောက်ပိုင်း ကမ္ဘာ့နိုင်ငံအများစုက ပုံနှိပ် မဂ္ဂဇင်း ဂျာနယ်တွေ ဖတ်ရှု့သူနည်းပါးလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နာမည်ရှိတဲ့ မဂ္ဂဇင်း ဂျာနယ် တချို့ဖတ်ရှု့သူနည်းပါးမှုကြောင့် ရပ်ဆိုင်းသွားရတာ အားလုံးအသိပါ။
၂။ သတင်းစာများ
တချိန်ကတော့ သတင်းစာတွေကို အထူးအားကိုးပြီး ဖတ်ခဲ့ကြပါတယ်။ ဒီလိုဖတ်ရဖို့ နယ်မြို့တွေဆိုရင် တစ်ရက်နောက်ကျပြီးမှ ရရှိကြပါတယ်။ အခုတော့ သတင်းစာဖတ်သူဟာလည်း နည်းပါးသွားရပါပြီ။ အကြောင်းကတော့ အွန်လိုင်းကနေ သတင်းတွေကို ချက်ချင်းလက်ငင်း သိရှိနေပြီ ဖြစ်လို့ပါပဲ။
၃။ ဒစ်ဂျစ်တယ် ကင်မရာများ
တချိန်ကတော့ ပိုက်ဆံအနည်းငယ် တတ်နိုင်သူတိုင်းဟာ ဓာတ်ပုံရိုက်ဖို့ အတွက် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးကိုတော့ ဝယ်ထားလေ့ ရှိကြပါတယ်။ အခုတော့ နောက်ဆုံပေါ်ဖုန်းတွေမှာ ဒစ်ဂျစ်တယ်ကင်မရာ အလား ဓာတ်ပုံရိုက်လို့ ရတဲ့ စနစ်တွေ ပါဝင်နေပြီ ဖြစ်တာကြောင့် တကယ့်စိတ်ပါဝင်စားသူတွေမှတပါး ဒစ်ဂျစ်တယ် ကင်မရာဝယ်ယူသုံးစွဲသူ နည်းလာခဲ့ပါပြီ။ နောင်တချိန်မှာတော့ ဓာတ်ပုံရိုက်တာကို အရမ်းနှစ်သက်တဲ့သူတွေမှပဲ သုံးစွဲတော့မယ့် အရာဖြစ်ပါတယ်။
၄။ Hard drive ၊ Thumb drive များ
Hard Drive ၊ Thumb drive များရဲ့ သုံးစွဲမှုဟာ ယခုထိတော့ အရေးပါနေပါသေးတယ်။ ဒါပေမယ့် cloud သိုလှောင်မှု စနစ်ဟာ တိုးတက်လာပြီဖြစ်တဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာ လူအများစုဟာ data တွေကို Cloud စနစ်နဲ့ သိမ်းဆည်းကြမှာဖြစ်တဲ့အတွက် Pysical Drive တွေဟာ သုံးစွဲသူနည်းပါးသွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါတယ်။
၅။ မြေပုံစာရွက်များ
တချိန်ကတော့ မြေပုံစာရွက်တွေဟာ ခရီးသွားသူများအတွက် အဖော်မွန်ပါပဲ။ ဒါပေမယ့် Google Map ရဲ့ ဖြည့်စွက်မှုတဖြည်းဖြည်းပြည့်စုံလာပြီးတဲ့နောက်မှာ မြေပုံစာရွက်တွေကို မသုံးကြတော့ ဖုန်းတိုင်းမှာပါတဲ့ Google Map ကို ပဲ သုံးစွဲနေကြပြီဖြစ်ပါတယ်။
၆။ CD , DVD , DVD Players
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ စီဒီ ဒီဗီဒီ နဲ့ ဒီဗီဒီ စက်တွေရဲ့ ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါတယ်။ သီချင်းပဲ နားထောင်ချင်ချင် ၊ ဗီဒီယိုပဲ ကြည့်ချင်ချင် စီဒီ ၊ ဒီဗီဒီ နဲ့ ဒီဗီဒီ စက်တွေကို အားကိုးရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ လိုအပ်တဲ့နေရာအနည်းငယ်ကလွဲလို့ ဒါတွေကို သိပ်မသုံးကြတော့ပါဘူး။ အင်တာနက်ရှိတဲ့ ဖုန်းကတစ်ဆင့် အွန်လိုင်းမှာ နှစ်သက်ရာသီချင်း ၊ ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှု့နားထောင်တာပဲဖြစ်ဖြစ် ၊ ဒေါင်းလုပ်ဆွဲပြီး မိမိရဲ့ ဖုန်း(သို့) ကွန်ပျူတာထဲကို ထည့်ပြီး အချိန်မရွေးပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။
၇။ ဘေစာရွက်များ
မီတာဘေ ၊ ဖုန်းဘေများကို အရင်ကတော့ စာရွက်တွေနဲ့ ပေးကာ သက်ဆိုင်ရာရုံးမှာ သွားရောက်ဆောင်ရပါတယ်။ အခုတော့ ဘဏ်နဲ့ ချိတ်ထားကာ ဖုန်းထဲကနေပဲ လွယ်လွယ်ကူကူဆောင်လို့ရနေပါပြီ။
၈။ ဂဏန်းပေါင်းစက် ၊ နှိုးစက် ၊ လက်ပတ်နာရီ
အားလုံးသိတဲ့ အတိုင်း ဒီအရာ သုံးခုစလုံးရဲ့ လုပ်ဆောင်ချက်ဟာ ဖုန်းတိုင်းမှာ ပါရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်တဲ့သူ ၊ သုံးရတာနှစ်သက်လို့ သီးသန့်ဝယ်တဲ့သူ အနည်းငယ်ကလွဲလို့ ဒီအရာတွေ အသုံးပြုမှု နည်းပါးလာပါပြီ။
၉။ ကြိုးဖုန်းများ ၊ ဖုန်းရုံများ
အမေရိကန်မှာတော့ ၂၀၁၆ခုနှစ်ဟာ အိမ်အများစုမှာ ကြိုးဖုန်းအသုံးမပြုတော့တဲ့ ပထမဆုံးနှစ်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း လက်ကိုင်ဖုန်းတွေပေါလာပြီးတဲ့နောက်မှာ ကြိုးဖုန်းကို သုံးလေ့မရှိတော့တာ အားလုံးအသိပါ။ ဌာနဆိုင်ရာရုံး ၊ ကုမ္ပဏီ နဲ့ လုပ်ငန်းတချို့မှာသာ ကြိုးဖုန်းကို အသုံးပြုတော့တာကြောင့် ကြိုးဖုန်းရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားပြီဖြစ်ပါတယ်။ ဖုန်းရုံတွေလည်း အလားတူပါပဲ။ လူတိုင်းနီးပါး ကိုယ်ပိုင်ဖုန်းတွေကိုင်လာနိုင်ပြီးတဲ့နောက်မှာ ဖုန်းရုံတွေလည်း မရှိတော့ပါဘူး။
၁၀။ ခလုတ်ပါတဲ့ ဖုန်းများ
လက်ကိုင်ဖုန်းတွေ စပေါ်ကာစက ကီးပတ်ဖုန်းတွေကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကီးပတ်ဖုန်းတွေနေရာမှာ touch screen ဖုန်းတွေက အစားထိုးဝင်ရောက်လာပါတယ်။ ပထမဆုံး Touch Screen ဖုန်းကတော့ ၁၉၉၃ခုနှစ်ကတည်းကပေါ်ခဲ့တဲ့ IBM Simon ဖုန်းဖြစ်ပါတယ်။ အဲဒီနောက်တော့ တဖြည်းဖြည်းနဲ့ ဖုန်းပေါ်က ခလုတ်ဟာ နှစ်ခု သုံးခုသာ ရှိပါတော့တယ်။ အဲဒီနောက်တော့ ခလုပ်တစ်ခုသာပါရှိရာကနေ အခုဆိုရင် ဖုန်းအမျိုးအစားတော်တော်များများဟာ ခလုပ်တွေကိုဖျောက်ပစ်လိုက်ကြပါပြီ။ နောက်ပိုင်းမှာ ဖုန်းအားလုံးဟာ ခလုတ်မပါတဲ့ ဖုန်းတွေဖြစ်သွားတော့မှာပါ။
၁၁။ မှီငြမ်းစာအုပ်များ
အွန်လိုင်းကဏ္ဍ လျှင်မြန်စွာတိုးတက်လာပြီးတဲ့နောက်မှာ စာအုပ်စာတမ်းတွေ အားလုံးနီးပါးဟာလည်း အင်တာနက်ပေါ်ရောက်နေခဲ့ပြီ ဖြစ်ပြီး အချိန်မရွေး ရှာဖွေဖတ်ရှု့နိုင်နေပါပြီ။ အပြင်မှာ သွားရောက်ရှာဖွေရတဲ့ အခြေအနေဟာ တဖြည်းဖြည်းနည်းပါးသွားပြီး အများစုဟာ အင်တာနက်ပေါ်မှာပဲ လေ့လာ ရှာဖွေကြပါတော့တယ်။
၁၂။ ငွေယူ ၊ ငွေလွှဲစနစ် ၊ ချက်လက်မှတ် စာအုပ်များ
အွန်လိုင်းဘဏ်စနစ်တွေ တိုးတက်လာပြီးတဲ့နောက်မှာ လူကိုယ်တိုင်သွားရတဲ့ ငွေယူ ငွေလွဲစနစ်တွေ ၊ ချက်လက်မှတ်စနစ်တွေဟာ အသုံးပြုမှု နည်းပါးလာခဲ့ပါပြီ။ နောက်ပိုင်းမှာ ငွေကြေးစနစ်ဟာ ဒီဂျစ်တစ်စနစ်ဖြစ်လာတော့မယ် ဆိုတာ အသေအချာပါ။
၁၃။ Password များ
ယခုတိုင်တော့ Password များကို မှတ်သား သုံးစွဲနေကြရဆဲပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်ဗွေစနစ် နဲ့ Face ID စနစ်တွေကို စတင်စမ်းသပ်နေပြီဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ ဒီစနစ်တွေ တိကျသေချာလာခဲ့ရင် Password တွေကို သုံးစွဲကြတော့မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ ဖုန်းအများစုဟာ လက်ဗွေစနစ်ကို သုံးစွဲနေပြီဖြစ်ပါတယ်။
၁၄။ ရီမုဒ်ကွန်ထရိုးများ
အသံနဲ့ စေခိုင်းမှု စနစ် ၊ စမတ်ဖုန်းတွေနဲ့ ကွန်ထရိုးလုပ်နိုင်တဲ့ စနစ်တွေကို တဖြည်းဖြည်း ထွန်းကားလာပြီးတဲ့နောက်မှာ ရီမုဒ်ကွန်ထရိုးတွေကို အသုံးပြုကြတော့မှာ မဟုတ်ဘူး။ လိုအပ်တဲ့ စက်အမျိုးအစားရဲ့ ဆော့ဝဲကို ဖုန်းမှာထည့်လိုက်တာနဲ့ ဖုန်းဟာ ရီမုဒ်ကွန်ထရိုး အဖြစ်ပြောင်းလဲသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဒီစနစ်ကိုပြောင်းလဲသွားမှာပါ။
၁၅။ ကြိုးပါတဲ့ နားကြပ်များ ၊ အားသွင်းကြိုးများ
wireless စနစ်တွေ လည်း တိုးတက်လာပြီးတဲ့နောက်မှာ နောက်ပိုင်းမှာ ကြိုးပါတဲ့ နားကြပ်တွေ ၊ အားသွင်းကြိုးတွေပျောက်ကွယ်သွားပြီး ကြိုးမဲ့စနစ်ကို အသုံးပြုကြတော့မှာ ဖြစ်ပါတယ်။ ယခုလည်း ကြိုးမဲ့အားသွင်းကြိုးတွေ ၊ နားကြပ်တွေ စထွက်နေပြီဖြစ်ပါတယ်။
၁၆။ ကားသော့များ
BMW ကား အမျိုးအစားမှာ သော့မလိုပဲ တံခါးဖွင့်လို့ရတဲ့ App တစ်မျိုးရှိပါတယ်။ ဒါအပြင် ကားသော့တွေနေရာကို နောက်ပိုင်းမှာ ဖုန်း app နဲ့ အစားထိုးတော့မယ့် အကြောင်းကို စက်တင်ဘာလမှာ ကြေငြာခဲ့ပါတယ်။
၁၇။ ခရီးသွားအေဂျင်စီများ
၂၀၀၀ ခုနှစ်က အမေရိကန်မှာ ခရီးသွားအေဂျင်စီ ကုမ္ပဏီပေါင်း ၁၂၄၀၀၀ ရှိခဲ့ရာမှာ ၂၀၁၄ခုနှစ်မှာတော့ ၇၄၀၀၀ သာ ကျန်ပါတော့တယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းကတော့ ခရီးသွားတွေဟာ တစ်နေ့ထက်တစ်နေ့များပြားလာကြပေမယ့် ခရီးသွားအေဂျင်စီတွေနဲ့ မသွားကြတော့ပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလာသူတွေ များပြားလာလို့ ဖြစ်ပါတယ်။ အင်တာနက်က ခရီးသွားရီဗျူးတွေကိုဖတ်ပြီး ကိုယ့်ဘာသာ သွားလာခြင်းဟာ ခရီးသွားအေဂျင်စီတွေနဲ့ သွားလာရတာထက် စရိတ်စက အလွန်သက်သာတယ်လို့ သိရပါတယ်။
ဒါတွေကတော့ ၂၀၂၀ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တယ်လို့ Business Insider ဝဘ်ဆိုဒ်က ခန့်မှန်းထားတဲ့ အရာတွေပဲဖြစ်ပါတယ်။
သုတဇုန်
Ref:
30 things that might be obsolete by 2020 By Talia Lakritz (Business Insider)