အမေရိကန်ကော်လိုရာဒို ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာန နဲ့ နည်းပညာကုမ္ပဏီ Arrivo က ပူးပေါင်းပြီး ဒီမှန်ပေါင်းချောင် သယ်ယူပို့ဆောင်ရေးစနစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ကို Hperloop စနစ်လို့ခေါ်ပြီး ယာဉ်ကြောပိတ်ကြပ်ညပ်နေလေ့ရှိတဲ့မြို့ကြီးတွေမှာ အတားအဆီးမရှိပဲ အလျှင်မြန်ဆုံး သွားလာပို့ဆောင်နိုင်တဲ့စနစ်ဖြစ်ပါတယ်။ ခေတ်သစ်နည်းပညာတစ်ခုကို စတင်တယ်လို့ဆိုရင်လည်း မမှားပါဘူး။
ပထမဆုံးအနေနဲ့ အမေရိကန် ကော်လိုရာဒိုက ဒန်ဗားမြို့မှာ စတင်တည်ဆောက်နေတာဖြစ်ပြီး မကြာခင်မှာစမ်းသပ်တော့မှာ ဖြစ်ပါတယ်။ လမ်းကြောင်းကတော့ ဖန်ပြွန်နဲ့ပုံသဏ္ဍာန်တူပြီး ကုန်ပစ္စည်း နဲ့ ခရီးသည်တွေကို အတွဲလိုက် အတွဲလိုက်သယ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားနဲ့ ဖိအားနည်းတဲ့ပြွန်ထဲမှာ သွားလာမှာဖြစ်ပြီး ကွန်ပျူတာစနစ်နဲ့ထိမ်းချုပ်မယ့် ဒီစနစ်ဟာ တစ်နာရီကို မိုင်၂၀၀ခန့်အထိ မြန်နှုန်းမြင့်သွားလာနိုင်မှာဖြစ်ပါတယ်။ လမ်းကြောင်းတွေမှာလည်း သံလိုက်ဆွဲအားစနစ်ကိုထည့်ထားတာကြောင့် အလွန်မြန်ပေမယ့် တုန်ခါမှုရှိမှာမဟုတ်ပါဘူး။ပြွန်ချောင်းအတွင်းတစ်လျှောက်သွားလာစေမှာ ဖြစ်တဲ့အတွက် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
သူတို့တွေရဲ့ရည်မှန်းချက်ကတော့ ဒီစနစ်ဟာ Denver မြို့ကမည်သည့်နေရာကိုမဆို မိနစ် ၂၀ ထက် ပိုမသွားရစေဖို့ဖြစ်ပါတယ်။ ကော်လိုရာဒို သယ်ယူပို့ဆောင်ရေးဌာန( CDOT) ရဲ့ အကြီးအကဲ Shailen Bhatt ကလည်း
“Denver မြို့မှာ အခုဆို ယာဉ်ကြောပိတ်ဆို့မှုတွေအရမ်းဖြစ်နေတယ်။ ဘာနဲ့တူလဲဆိုရင် ၁၉၅၀-၆၀ ကဆောက်ထားတဲ့လမ်းတွေကို ၁၉၈၀လူဦးရေနဲ့ အသုံးပြုနေရသလိုပါပဲ။ ဒါကြောင့် ဒီစနစ်သစ်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတာဖြစ်ပါတယ်” လို့ဆိုပါတယ်။
“ဒီနစ်သာ အဆင်ပြေပြေနဲ့ အောင်မြင်သွားရင်တော့ လူနေထူထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများတဲ့မြို့ကြီးတွေအတွက် အလွန်အဆင်ပြေစေမှာပါ။ ကျွန်တော်တို့ Arrivo ကုမ္ပဏီကနေ ၂၁ရာစုခေတ်မီနည်းပညာနဲ့အတူ သွားချင်တဲ့နေရာတိုင်းကို အချိန်တိုအတွင်းသွားလာစေနိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်” လို့ Arrivo ရဲ့ CEO Brogan Bambrogan က ပြောသွားပါတယ်။ ဒီစနစ်ကို ၂၀၂၀ခုနှစ် မတိုင်မီအကောင်အထည်ဖော်စမ်းသပ်သွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ အားလုံးအောင်မြင်ပြီး တရားဝင်ပြေးဆွဲနိုင်စေဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
VIDEO