ရေးသားသူ – မြမဉ္ဇူဝေ (ကျုံမငေး)
မြန်မာ နိုင်ငံမှ ပထမဆုံး ဖလော့ရင့် နိုက်တင်ဂေး ဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုန်းမြ (၁၉၂၂- ၂ဝဝ၉)ခေါ် စာရေးဆရာမ မြမာလာ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသည် စံပြသူနာပြု တစ်ဦးဖြစ်သော ”ဖလော့ရင့် နိုက်တင်ဂေး” ကို ဂုဏ်ပြုသော အားဖြင့် သူနာပြုခြင်း၊ အသက်ကယ်ခြင်း စသည့် လုပ်ရပ်များ အပေါ်၌ ထူးထူးခြားခြား ဂုဏ်ပြု ထိုက်သူများအား”ဖလော့ရင့်နိုက်တင်ဂေး” ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ထိုဆုကို နှစ်နှစ်တွင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ကမ္ဘာလုံး၌ ၃၆ ဦး ချီးမြှင့်ရန်နှင့် စံပြသူနာပြု ဆရာမကြီး ဖလော့ရင့်နိုက် တင်ဂေး၏ မွေးနေ့ ၁၂ရက်နေ့တွင် ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၆၃ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီ ကော်မတီ၏ ချီးမြှင့်ဆု ဖလော့ရင့် နိုက်တင်ဂေး ဆုကို မြန်မာနိုင်ငံမှ ပထမဆုံး ဆုရှင်အဖြစ် ကမ္ဘာနှင့် ရင်ပေါင်တန်း၍ ဆုရရှိခဲ့ သူမှာ သူနာပြုဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြ ဖြစ်သည်။ ဆရာမကြီးကို အဖရှေ့နေကြီး ဦးဦးဖေ၊ အမိ ဒေါ်ခင်တို့မှ ၁၂၈၄ ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက် (၁၉၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်)တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့တွင် မွေးဖွားခဲ့သည်။
၁၉၃၈ ခုနှစ်တွင် မိုးကောင်းမြို့၌ အမျိုးသမီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ရာတွင် ကိုယ်တိုင်ပါဝင် ဦးဆောင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာ့ တပ်မတော်မှ မကျန်းမာသူ၊ ထိခိုက်သူ ရဲဘော်များအား စေတနာဖြင့် ပြုစုကုသ ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူနာပြု လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ရင်း ၁၉၄၅ ခုနှစ်မတ် ၂၇ရက် ဂျပန်တော်လှန်ရေး ကာလများ၌ စွန့်စွန့်စားစား ပါဝင်ခဲ့သည်။ထိုနှစ်မှာပင် ပဲခူးမြို့ ပြည်သူ့ ဆေးရုံမှ သားဖွားနှင့် သူနာပြု သင်တန်း အောင်မြင် လာခဲ့ပြီး ၁၉၄၈- ၁၉၄၉ ခုနှစ်များတွင် ရှေ့တန်းစစ်မျက်နှာ ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် တပ်မတော် အမှတ် (၂) စစ်ဆေးရုံ၌ အမှုထမ်းခဲ့သည်။ စစ်ဘက် ဆိုင်ရာ တာဝန်ဖြင့် ရှေ့တန်း စစ်မျက်နှာများတွင် ရန်သူ့ကျည်ဆန်များ ကြား၌ သက်စွန့် ဆံဖျား စစ်ပွဲ ပေါင်းများစွာတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၈၂ ခုနှစ်တွင် တပ်မတော် အမှတ် (၂)ဆေးရုံ၌ အမှုထမ်း နေစဉ် ဗိုလ်မှူး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည် နိုင်ငံအတွက် သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေကြသော စစ်သည်များ နှင့်အတူ စစ်ထွက် ရာတွင် ပါဝင်ခဲ့သည်။
အာဇာနည် ရဲမေအဖြစ် စံပြုထိုက်သူ ဖြစ်သောကြောင့် ဖလော့ရင့် နိုက်တင်ဂေးဆု သာမက နိုင်ငံတော်မှ ချီးမြှင့်သည့် ”မော်ကွန်းဝင် ဒုတိယ” အဆင့်နှင့် လွတ်လပ်ရေး စည်းရုံးမှု အင်္ဂလိပ်လွတ်မြောက်ရေး ဆုတံဆိပ်၊ စစ်မှုထမ်းကောင်း တံဆိပ်၊ ပြည်ပ ရန်နှိမ် နင်းခြင်း ဆုတံဆိပ်၊ ပြည်သူ့စစ်ပွဲဝင် ဆုတံဆိပ်နှင့် ကြက်ခြေနီ ဂုဏ်ထူး ဆောင်ဆု တံဆိပ်များကိုလည်း ရရှိခဲ့သည်။
ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည် ယခုအခါတွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်၊ သမိုင်းဝင် ဂုဏ်ထူးရှင် တစ်ဦးအဖြစ်ဖြင့် နာမည်တွင် ကျန်နေ ခဲ့ပါသည်။မြန်မာနိုင်ငံ အတွက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ကမ္ဘာ့ အသိအမှတ်ပြု ချီးမြှင့်ခဲ့သော ဂုဏ်ထူးဆောင် ”ဖလော့ရင့် နိုက်တင်ဂေး” ဆုတံဆိပ်ကို မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိခဲ့သူ အဖြစ် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင် ဆရာမကြီးသည် ၁၉၆၃ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်ကို ရရှိခဲ့သည်။ ဆရာမကြီး၏ ဘဝနေဝင်ချိန်မှာ ၂ဝဝ၉ ခုနှစ် အောက်တို ဘာ ၂၇ ရက် ဖြစ်သည်။
ဒုတိယမြန်မာ့ဂုဏ်ဆောင်ဖလော့ရင်နိုက်တင်ဂေးဆုရှင်
ဒုတိယဖလော့ရင့်နိုက်တင်ဂေးဆုရှင်မှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ် ဖြစ်သည်။ သူသည်ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်စစ်ကြောင်း ဒဏ်ရာရရဲဘော်များနှင့် အရပ်သူ အရပ်သားများအား သက်စွန့်ဆံဖျား ပြုစုပေးခဲ့မှုတို့ကြောင့် ၁၉၉၃ ခုနှစ်တွင် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရသည်။ အဆိုပါဆုရှင်ကို ၁၉၄၄ခုနှစ်တွင် အဘဦးအမ်လိပ်ယော်+အမိ ဒေါ်လန်ထောင်း တို့မွေးဖွားလာခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် နမ်းခမ်းမြို့သာသနာပြုဆေးရုံတွင်သူနာပြုနှင့် သားဖွားသင်တန်းကို တက်ရောက်ခဲ့ပြီး သူနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
တတိယဖလောရင့် နိုက်တင်ဂေးဆုရှင်
တတိယမြောက် မြန်မာဂုဏ်ဆောင်ဖလော့ရင့်နိုက်တင်ဂေးဆုရှင်မှာ သားဖွားဆရာမ ဒေါ်သိန်းရီဖြစ် သည်။ သူသည် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာတွင် မီးလောင်နေသော နေအိမ်အတွင်းမှအသက် (၈)နှစ်အရွယ် ကလေးငယ်အား စွန့်စွန့်စားစား ကယ်တင်ခဲ့မှုအတွက်ကြောင့် ၂၀၀၁ ခုနှစ်တွင် အဆိုပါဆုကိုထိုက်တန်စွာချီးမြှင့်ခံခဲ့ရသည်။ အဆိုပါဆုရှင်ကို အဘဦးထွန်းစိန်+အမိ ဒေါ်နန်းလိပ်တို့မှ ၁၉၅၁ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၁၉၇၃ အောက်တိုဘာလတွင် သားဖွားဆရာမသင်တန်းကို တက်ရောက်အောင်မြင်ကာ သူနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်သည်။
စတုတ္ထ ဖလောရင့်နိုက်တင်ဂေးဆုရှင်
၂၀၁၅ နှစ် စတုတ္ထအကြိမ်မြောက် မြန်မာ့ဂုဏ်ဆောင်ဖလော့ရင့်နိုက်တင်ဂေးဆုရှင်မှာ ဦးစနိုင်နိုင်ထွန်း ဖြစ်သည်။ သူသည် ၂၀၀၈ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောနာဂစ်မုန်တိုင်းကာလအတွင်း မိမိတာဝန်ကျရာ ဟိုင်းကြီးကျွန်းရှိ မုန်တိုင်း ဒဏ်ခံပြည်သူများအား ဘေးကင်းရာသို့ကူညီရွှေ့ပြောင်းပေးခြင်း သူနာပြုစုပေးခြင်း တို့ကို သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သောကြောင့် ၂၀၁၅ ခုနှစ် မေလ ( ၁၂ )ရက်နေ့တင် အဆိုပါဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဦးစနိုင်နိုင်ထွန်းကို ၁၉၇၈ ခုနှစ်၊မတ်လ၊(၂၂)ရက်နေ့၊အဖဦးထွန်းမြင့်၊အမိ ဒေါ်ဘုမတို့ကဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်၊ ပေပင်တောင်ရွာမ (၁) တွင်မွေးဖွားခဲ့ပါသည်။ ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဖြစ်ပြီး မွေးချင်း (၈) ယောက်အနက် (၅) ယောက်မြောက်ဖြစ်ပါသည်။၁၉၉၇ ခုနှစ်တွင် မြောက်မြမြို့၊ အထက (၁) တွင်တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီးအင်္ဂလိပ်စာအဓိကဖြင့်ဝိဇ္ဇာဘွဲ့ကိုအဝေးသင်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ သူနာပြုနှင့် သားဖွားသင်တန်းကို ပုသိမ်မြို့တွင် တက်ရောက်အောင်မြင်ခဲ့ပြီး မအူပင်အထွေထွေရောဂါကုဆေးရုံကြီးတွင် (၅.၈.၂၀၀၄) ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံ(ငပုတောမြို့နယ်)တွင်အထက်တန်းသူနာပြုတစ်ယောက်အနေဖြင့် (၂.၁.၂၀၀၈) ရက်နေ့မှယနေ့အထိ တာဝန်ထမ်းဆောင် ထမ်းဆောင်လျှက်ရှိသည်။
မြမဉ္ဇူဝေ (ကျုံမငေး)