Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာနိုင်ငံက ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီးအကြောင်း

by Thutamm
July 31, 2019
Reading Time: 1min read
0
မြန်မာနိုင်ငံက ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီးအကြောင်း
Share on FacebookShare on Twitter

မူရင်းရေးသားသူ – သူလှိုင်

ဒီကနေ့ခေတ်မှာတော့ လေယာဉ်အပိုင်စီးမှု၊ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်စဉ်တွေဟာ မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ လေယာဉ်ကို အကြမ်းဖက်သမားတွေက “ပျံသန်းနေတဲ့ဗုံး” အဖြစ် အသုံးချခဲ့ကြတဲ့ 9/11 ဖြစ်စဉ်ကြီးကိုလည်း စာရှုသူများအနေနဲ့ မှတ်မိကြဦးမယ်ထင်ပါတယ်။ ခရီးသည်တင်လေယာဉ်ကြီး ၄ စင်းကို အကြမ်းဖက်သမားတွေကအပိုင်စီးပြီး ၂ စင်းကတော့ အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့က ကမ္ဘာ့ကုန်သွယ်မှုအဆောက်အအုံ (World Trade Centre) ကို တည့်တည့်ကြီး ဝင်တိုက်ပစ်လိုက်တယ်။

တစ်စင်းကတော့ ကမ္ဘာမှာ လုံခြုံရေးစနစ် အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားကြတဲ့ အမေရိကန်တို့ရဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခိုက်ခဲ့တယ်။ စတုတ္ထမြောက်တစ်စင်းကတော့ လေယာဉ်စီး ခရီးသည်တွေက လေယာဉ်အပိုင်စီးသူတွေကို မကြောက်မရွံ့နဲ့ ပြန်လည်ခုခံခဲ့တာကြောင့် လိုရာပစ်မှတ်ကို မရောက်ရှိနိုင်တော့ဘဲ မြေပြင်ပေါ်ကို ထိုးကျပျက်စီးသွားခဲ့ရတယ်။ လူပေါင်း ၃၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ်ကြီးဟာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ရတာကြောင့် 9/11 ဖြစ်စဉ်လို့ ကမ္ဘာတစ်ဝှမ်းလုံးက တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားခဲ့ကြတာပါ။ ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားခဲ့ရတဲ့ လေယာဉ် အပိုင်စီးမှု ဖြစ်စဉ်တွေထဲမှာ ယနေ့အချိန်အထိ လူအသေအပျောက်အများဆုံးဖြစ်စဉ်လို့ မှတ်တမ်းဝင်ခဲ့ရပါတယ်။ ယနေ့အချိန်အထိ သွေးချောင်စီးနေဆဲဖြစ်တဲ့ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေဟာ အဲဒီ 9/11 ဖြစ်စဉ်ကြီးရဲ့ နောက်ဆက်တွဲ အနိဌာရုံတွေပါပဲ။

ဒီလိုလေယာဉ်ပြန်ပေးဆွဲမှုဟာ လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်ကတည်းက မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ တိတိကျကျပြောရရင်တော့ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ မြန်မာ့လေကြောင်းပိုင် ဒါကိုတာ ခရီးသည်တင်လေယာဉ်ကြီးကို မြန်မာလူမျိုးတွေကပဲ အပိုင်စီးခဲ့ကြတာပါ။ အတိတ်သမိုင်းရဲ့စာမျက်နှာတွေကို တစ်ဖန် ပြန်လှန်လိုက်မယ်ဆိုရင်တော့..

မြန်မာပြည်ကြီး လွတ်လပ်ရေးမရသေးခင် (တစ်နည်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်) တစ်နှစ်အလိုလောက်မှာပဲ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ (ဗမာပြည်) (အလံနီ) ဟာ စတင်တောခိုပြီး ဖဆပလကို ဆန့်ကျင်နေခဲ့ကြပါပြီ။ ရခိုင်ပြည်နယ်မှာလည်း ဘူးသီးတောင်နဲ့မောင်းတောဒေသတွေကို မူဆလင်ပြည်နယ်တစ်ခုအဖြစ် သီးခြား ထူထောင်လိုကြတဲ့ မူဂျာဟစ်တွေကလည်း လွတ်လပ်ရေးမရမီကတည်းက သူပုန်ထနေကြပါပြီ။ မြန်မာပြည်လွတ်လပ်ရေးရပြီးလို့ ၇၆ ရက်အကြာဖြစ်တဲ့ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာတော့ သခင်သန်းထွန်းဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကလည်း တောခိုသွားကာ ဝန်ကြီးချုပ်ဦးနုရဲ့ ဖဆပလအစိုးရကို တော်လှန်တိုက်ခိုက်နေကြပါပြီ။

များမကြာမီမှာဘဲ စောစံဘိုးသင်နဲ့ စောဘဦးကြီးတို့ ဦးဆောင်တဲ့ KNU (Karen National Union) နဲ့ KNDO (Karen National Defence Organization) တို့ကလည်း “ကရင်ပြည်နယ်ပေးရန်၊ ကရင်ပြည်နယ်သည် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်နိုင်ခွင့် ရှိရန်၊ ကရင်ပြည်နယ်တွင် ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်းတို့ကို ထည့်သွင်းပေးရန်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဖဆပလ အစိုးရကို လက်နက်စွဲကိုင် တော်လှန် တိုက်ခိုက်နေကြပါပြီ။

ပြည်သူ့ရဲဘော်လို့ခေါ်တဲ့ ရဲဘော်ဖြူတွေကလည်း တောခိုသွားပါပြီ။ တပ်မတော်ထဲမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ အတော်များများကလည်း သူတို့ယုံကြည်ရာ အဖွဲ့အစည်းတွေထံ တောခိုပူးပေါင်းသွားကြပြီး တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လိုက်ကြတဲ့ အတွက် ဖဆပလအစိုးရဟာ “ရန်ကုန်အစိုးရ” လို့တောင် လှောင်ပြောင်ခံနေရပါပြီ။ ခြုံပြီးပြောရရင်တော့ တစ်ချိန်တုန်းက လွတ်လပ်ရေးတိုက်ပွဲကြီးကို အတူလက်တွဲပြီး ဆင်နွဲှခဲ့ကြသူတွေအချင်းချင်း အယူအဆတွေ ကွဲလွဲကာ ရောင်စုံသူပုန်တွေထနေကြတာမို့ တစ်တိုင်းပြည်လုံးမှာ သေနတ်သံတွေမစဲ၊ ယမ်းငွေ့တွေတဝဲဝဲနဲ့ ပြည်တွင်းစစ်မီးလျှံတွေ တဟုန်းဟုန်းတောက်လောင်နေတဲ့ အချိန်ပါ။

ရန်ကုန်နဲ့အနီးဆုံးဖြစ်တဲ့ အင်းစိန်ကိုပါ KNDO တပ်တွေက ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် သိမ်းပိုက်လိုက်ကြတာမို့ အင်းစိန်စစ်မျက်နှာက အမြောက်သံ၊ စိန်ပြောင်းသံ၊ ဗုံးသံ၊ သေနတ်သံတွေကို ရန်ကုန်မြို့ထဲကတောင် တထိတ်ထိတ်တလန့်လန့်နဲ့ ကြားနေရပါပြီ။ ဝန်ကြီးချုပ်ဦးနုဟာ အင်းစိန်အထိ တပ်စွဲထားနိုင်နေပြီဖြစ်တဲ့ KNDO ခေါင်းဆောင်တွေထံ တိုက်ပွဲတွေကြားကနေ အသက်စွန့်သွားရောက်ပြီး အတတ်နိုင်ဆုံး ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့်လည်း အဖြေကတော့ ထူးမခြားနားပါဘဲ။

“အစိုးရရုံးစိုက်ရာ ရန်ကုန်မြို့ကိုပါသိမ်းမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်ငူမှာရှိတဲ့ KNDO တပ်တွေဟာ အင်းစိန်က KNDO တပ်တွေနဲ့ ပူးပေါင်းဖို့အတွက် ရန်ကုန်ဘက်ကို ချီတက်လာကြတာကြောင့် နောက်ဆုံးမှာတော့ ဖဆပလအစိုးရဟာ ရန်ကုန်မကျအောင် ရှိတဲ့တပ်တွေနဲ့ အစွမ်းကုန်ခုခံဖို့ ပြင်ဆင်ရပါတော့တယ်။ ရခိုင်စစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင်) ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကာ အင်းစိန် စစ်မျက်နှာကို ဦးစီးတိုက်ခိုက်စေပါတယ်။

ဒီလိုနဲ့ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ မေလ ၂၂ ရက်နေ့အထိ ၃ လနဲ့ ၂၂ ရက်ကြာ ဖြစ်ပွားခဲ့ရတဲ့ အင်းစိန်တိုက်ပွဲကြီးမှာ တပ်မတော်သားတွေရဲ့ စွန့်လွှတ်စွန့်စားမှု၊ ကျောင်းသူကျောင်းသားတွေ အပါအဝင် ပြည်သူလူထုတွေရဲ့ ပူးပေါင်းကူညီမှုတို့ကြောင့် KNDO တွေဟာ အင်းစိန်ကနေ ဒရောသောပါး ဆုတ်ခွာသွားခဲ့ရပါပြီ။ စစ်ပွဲရဲ့ချိန်ခွင်လျှာကလည်း တစ်မျိုးတစ်ဖုံလှည့်ပြောင်းသွားပြီး ရန်သူတွေ သိမ်းပိုက်ထားခဲ့ကြတဲ့မြို့တွေကို အစိုးရတပ်တွေက တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။

အင်းစိန်စစ်မျက်နှာကနေ ဆုတ်ခွာသွားခဲ့ရတဲ့ KNDO ခေါင်းဆောင် စောဘဦးကြီးလည်း နိုင်ငံခြားအကူအညီရှာဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်ကို သွားရင်း ကော့ကရိတ်မြို့နဲ့ ၂၅ မိုင်ခန့်သာ ကွာဝေးတဲ့ မိုးတောင်းကူး (ပိုးကတ်အော) ကျေးရွာမှာ ခေတ္တ စခန်းချနေစဉ် သတင်းအရ ထက်ကြပ်လိုက်လံ ရှင်းလင်းခဲ့တဲ့ တပ်မတော်စစ်ကြောင်းတစ်ခုနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ကာ ၁၉၅၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျဆုံးသွားခဲ့ရပါပြီ။

စစ်မျက်နှာအသီးသီးမှာ အရေးမလှဖြစ်နေတာကြောင့် စိတ်ဓာတ်တွေ ဆက်တိုက်ကျဆင်းနေပြီဖြစ်တဲ့ KNDO တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ပြန်လည် မြှင့်တင်ပေးနိုင်ဖို့အတွက် KNU ခေါင်းဆောင်တွေဟာ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာ လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့ရပါတော့တယ်။ အစိုးရတပ်တွေဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင် တိုက်ခိုက်လာရုံသာမက လက်နက်ကြီးတွေကိုပါ ဖောဖောသီသီ အသုံးပြုနိုင်တာကြောင့် သူတို့တပ်တွေ အထိနာနေရတာလို့ ကောက်ချက်ဆွဲမိကြတဲ့ KNU ခေါင်းဆောင်ပိုင်းတွေဟာ လိုအပ်နေတဲ့ လက်နက်ကြီးတွေရရှိနိုင်ဖို့အတွက် အပူတပြင်း ဆွေးနွေးနေကြရပါပြီ။

တချို့ခေါင်းဆောင်တွေက ငွေကြေးရှာဖွေပြီး တစ်ဖက်နိုင်ငံကလက်နက်ကြီးတွေကို ဝယ်ယူဖို့၊ တချို့ခေါင်းဆောင်တွေကတော့ အဲဒီအချိန်တုန်းက မြန်မာ့နယ်စပ်တွေကို စတင်ကျူးကျော် ဝင်ရောက်တပ်စွဲနေပြီဖြစ်တဲ့ တရုတ်ဖြူ (KMT) တပ်တွေဆီကနေ လက်နက်ကြီးတွေကိုဝယ်ယူဖို့၊ တချို့ခေါင်းဆောင်တွေကတော့ ကျွမ်းကျင် ပညာရှင်တွေ ခေါ်ယူပြီး လက်နက်ကြီးတွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့.. စသည် စသည်ဖြင့် အမျိုးမျိုး တင်ပြဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးတော့ ကရင်ပြည်နယ်ရဲ့ဒေါနတောင်တစ်နေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်တွေနဲ့ မဟာမိတ်တပ်တွေ လျှို့ဝှက်မြုပ်နှံထားခဲ့ကြတဲ့ လက်နက်ကြီးတွေကို ရှာဖွေဖော်ထုတ်ပြီး တိုက်ပွဲဝင်တပ်တွေထံ အမြန်ပို့ပေးဖို့ဆိုတဲ့ တပ်မှူးတစ်ယောက်ရဲ့တင်ပြချက်ကို KNU ခေါင်းဆောင်တွေ စိတ်ဝင်စားသွားခဲ့ပါပြီ။ အဲဒီလက်နက်ကြီးတွေကို မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမနဲ့ မြေပြန့်ဒေသတွေမှာ တပ်စွဲထားဆဲ ဖြစ်တဲ့ KNDOတပ်ဖွဲ့ဝင်တွေဆီရောက်အောင် ပို့ပေးနိုင်မယ်ဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ယူဆလိုက်ကြတဲ့ KNU ခေါင်းဆောင်တွေဟာ စစ်ဆင်ရေး စီမံချက်တစ်ရပ် ချမှတ်လိုက်ပါတော့တယ်။

အဲဒီစီမံချက်ကတော့ ဒုတိယကမ္ဘာစစ် လက်ကျန် စစ်လက်နက်ပစ္စည်းတွေကို အရှေ့ရိုးမစစ်ရေးတာဝန်ခံ ဗိုလ်မှူးဒေါ်နယ်က တာဝန်ယူစုဆောင်းပြီး ရရှိလာမယ့် လက်နက် ခဲယမ်းတွေကို မြစ်ဝကျွန်းပေါ်ဒေသရဲ့ KNDO တပ်မှူးတွေဖြစ်တဲ့ ဗိုလ်ကျင်ဖေနဲ့ ဗိုလ်ဟန်ကြည်တို့က တပ်ခွဲတစ်ခွဲနဲ့ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ မြေပြန့်ဒေသတွေကို ဆက်လက်ပို့ဆောင်ပေးဖို့ပါ။ KNU ခေါင်းဆောင်တွေရဲ့ အဲဒီဆုံးဖြတ်ချက်ကို အလေးအနက်ထားပြီး စဉ်းစားနေသူကတော့ KNDO တပ်မှူး တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးစောကျော်အေးပါ။ သူစဉ်းစားနေတာက အကယ်၍ အဲဒီလက်နက်ကြီးတွေကို ရှာဖွေရရှိခဲ့ဦးတော့.. ကရင်ပြည်နယ်ကနေ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမဒေသကို ဆက်လက်ပို့ဆောင်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူနိုင်ပါဘူး။

အမြောက်လက်နက်ကြီးတွေအပါအဝင် အလွန်လေးလံလှတဲ့ အဲဒီ လက်နက် ခဲယမ်းတွေကို သယ်ယူရမယ့်မြေပြင်ခရီးက တောတောင် မြစ်ချောင်းတွေအသွယ်သွယ်ကို ခက်ခဲကြမ်းတမ်းစွာဖြတ်ကျော်ရမယ့်အပြင် ကံမကောင်းရင် လမ်းခရီးမှာ အစိုးရ စစ်ကြောင်းတွေနဲ့တိုးပြီး တိုက်ပွဲတွေ ဖြစ်ပွားနိုင်ပါတယ်။ လိုရာခရီးမရောက်ခင် ကစဉ့်ကလျားဖြစ်သွားနိုင်ပါတယ်။ စောကျော်အေးရဲ့စုံစမ်းထားချက်အရ ဒေါနတောင်ခြေရင်းက ဇီးဖြူတောင်ဆိုတဲ့ နေရာမှာ ဂျပန်လေယာဉ်ကွင်းအဟောင်းတစ်ခု ရှိနေပါတယ်။ ပြုပြင်ပြီးအသုံးပြုမယ်ဆိုရင် သုံးလို့ရနိုင်တဲ့ အခြေအနေမျိုးပါ။

ဒါကြောင့် စောကျော်အေးဟာ အဲဒီအချိန်က ကမ္ဘာပေါ်မှာ ဘယ်သူမှမတွေးခေါ်ကြသေးတဲ့ အတွေးတစ်ခု ဝင်လာမိပါတော့တယ်။
ဟုတ်ပါတယ်..
သူတွေးမိတဲ့အစီအစဉ်ကတော့ အစိုးရပိုင် လေယာဉ်တစ်စီးကို လျှို့ဝှက်အပိုင်စီးပြီးရင် အဲဒီလက်နက်ခဲယမ်းတွေကို လေယာဉ်နဲ့ ဆက်လက်ပို့ဆောင်ဖို့ပါ။ လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိလှတဲ့ စောကျော်အေးကတော့ သူ့ရဲ့အစီအစဉ်တွေ ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့ပါတယ်။၁၉၅၄ ခုနှစ်၊ ဧပြီလရဲ့ ညတစ်ညမှာ KNU တပ်မဟာ (၁) မှ တပ်မင်းကြီးဖြစ်သူ ဗိုလ်ချုပ်ကော်ထူး (ခ) ကျော်သန်းမြင့်ထံ သူ့ရဲ့စိတ်ကူးကို ဦးစွာတင်ပြသည်။

စောကျော်အေးက KNDO

လူငယ်တပ်မှူးတွေထဲမှာ လုပ်ရဲကိုင်ရဲရှိသည်။ တက်ကြွသည်။ သူမှန်တယ်ထင်ရာကိုလည်း မကြောက်မရွံ့ တင်ပြတတ်လေ့ရှိသူ..ဒါကြောင့် ဗိုလ်ချုပ်ကော်ထူးက စော်ကျော်အေး၏အစီအစဉ်များကို ဂရုတစိုက် နားထောင်သည်။ သို့ပေမယ့် စောကျော်အေးရဲ့ တင်ပြချက်ကိုတော့ လက်မခံ။ ကရင်တော်လှန်ရေးစကတည်းက အတူတူလက်တွဲပြီး တိုက်ပွဲဝင်လာခဲ့ကြသည့် စောကျော်အေးလိုတပ်မှူးကောင်းတစ်ယောက် အကြောင်းမဲ့ဆုံးရှုံးသွားမှာကိုလည်း မလိုလားတာကြောင့်..
“မဖြစ်နိုင်ပါဘူး စောကျော်အေးရာ။ တခြားနည်းလမ်းသာ ရွေးစမ်းပါ” ဟု အမိန့်ပေးရင်း ဖျောင်းဖျသည်။

စောကျော်အေးက စိတ်ဓာတ်မကျ။ ပဲခူးရိုးမကနေ ရန်ကုန်ကို လျှို့ဝှက်စွာ ဆင်းလာသည်။ ရန်ကုန်ကနေ ပုသိမ်ကို ခရီးသည်တင်လေယာဉ်ပျံနှင့် ခရီးဆက်သည်။ အစိုးရစုံထောက်များ သူ့ကို မရိပ်မိ။ ပုသိမ်ရောက်တော့ ငယ်ပေါင်းလည်းဖြစ်၊ တိုက်ဖော်တိုက်ဖက်လည်းဖြစ်သော အနောက်ရိုးမတောင်ခြေတွင် တပ်စွဲထားသည့် KNU တပ်မဟာ (၄) ၏ တပ်မင်းကြီးဖြစ်သူ ဗိုလ်မှူးကြီးအော်စဘွန်းထံ ဆက်လက် သွားရောက်ပြီး သူ့ရဲ့အကြံအစည်နဲ့ ဗိုလ်ချုပ်ကော်ထူးရဲ့အမိန့်များကို ပြန်ပြောင်း ပြောပြသည်။

“သေ မြေကြီး.. ရှင် ရွှေထီး”၊ “တုံးတိုက်တိုက်.. ကျားကိုက်ကိုက်” ဖြစ်လိုရာဖြစ်.. လေယာဉ်အပိုင်စီးမည့်ကိစ္စကို မဖြစ်မနေ ဆောင်ရွက်လိုသည်ဟု ယတိပြတ်ပြောသည်။

ဗိုလ်မှူးကြီးအော်စဘွန်းကလည်း သူငယ်ချင်းဖြစ်သူရဲ့ စိတ်ဓာတ်ပြင်းထန်မှုကို သိရှိထားသူမို့..”ဟိုကဗိုလ်ချုပ် ခွင့်မပြုပေမယ့် ဒီကဗိုလ်ချုပ်ဆီ သွားပြီး ခွင့်တောင်းမယ်ကွာ”ဟု ပြောဆိုအားပေးကာ နှစ်ဦးသား KNU အနောက်တိုင်းဌာနချုပ်တာဝန်ခံ ဗိုလ်ချုပ်ကြီး စောစိန်မှုံထံ သွားရောက် တင်ပြကြသည်။
KNU ဗိုလ်ချုပ်ကြီး စောစိန်မှုံရဲ့ အဖြေကတော့..
“မင်းတို့တွေ ဘယ်လိုဖြစ်ကုန်ကြတာလဲ။ ကမ္ဘာမှာတောင် ဒါမျိုးတစ်ခါမှ မကြားဖူးဘူး။ မင်းတို့ ရူးနေကြပြီလား”.. တဲ့။

“ဟေ့ စောကျော်အေး..
ဘာမှပူမနေနဲ့။ စိတ်လည်းမပျက်နဲ့ဟေ့။ အထက်လူကြီးတွေကို တင်ပြစရာရှိတာ တင်ပြပြီးပြီမို့ ငါတို့ဘက်က တာဝန်ကျေနေပြီပဲ။ သူတို့ခွင့်ပေးမှ ငါတို့လုပ်နိုင်တာမဟုတ်ဘူး။ ငါတို့ဟာငါတို့ မဖြစ် ဖြစ်အောင် ဆက်လုပ်ကြမယ်ကွာ။ ကဲ.. အဲဒီတော့ ငါ့ဘက်က ဘာအကူအညီပေးရမလဲဟေ့”
ဗိုလ်မှူးကြီးအော်စဘွန်းက စောကျော်အေးရဲ့ အစီအစဉ်တွေကို သဘောကျနှစ်ခြိုက်နေသူမို့ စောကျော်အေးကို အားပေးသည်။

စောကျော်အေးကလည်း သတ္တိရှိပြီး အမိန့်နာခံ စည်းကမ်းကောင်းသည့် ရဲဘော်နှစ်ယောက်နှင့် လမ်းစရိတ်အဖြစ် ငွေ ၂၀၀၀ သာ သူ့ကိုပေးလိုက်ဖို့ပြောသည်။ ကျန်တာ သူ့ဟာသူဆက်လုပ်မည်.. တဲ့။ အော်စဘွန်းက စောကျော်အေးကို သူ့စခန်းမှာပဲ သုံးရက်ခန့်စောင့်နေဖို့ဟု ပြောဆိုကာ KNDO တိုင်းတပ်ရင်းမှူးဖြစ်သူ ဗိုလ်မြရင်နှင့် မြို့နယ်တာဝန်ခံတို့ထံ သူကိုယ်တိုင် သွားရောက်တင်ပြတော့သည်။ ရက်ချိန်းအတိုင်း အော်စဘွန်း ပြန်ရောက်လာတော့ သူနဲ့အတူ ဗိုလ်မြရင်ပါ ပါလာသည်။ ဗိုလ်သိန်းကျော်နှင့် စောအငြိမ်း ဆိုသည့် လူငယ်နှစ်ယောက်လည်းပါလာသည်။ ထိုလူငယ်နှစ်ယောက်က စောကျော်အေးနှင့် အတူလိုက်ပါမည့်သူများပင်..

အော်စဘွန်းရဲ့လျှို့ဝှက်စခန်းလေးအတွင်းမှာ အော်စဘွန်း၊ ဗိုလ်မြရင်၊ မြို့နယ်တာဝန်ခံနှင့် စောကျော်အေးတို့ ခေါင်းချင်းဆိုင်ပြီး
ခရီးစတင်ထွက်ခွာမည့်ရက်၊ လေယာဉ်ကြီး ဆင်းသက်ရမည့်နေရာ၊ လေယာဉ်ပျံ ဆင်းအလာကို စောင့်ကြိုပေးရမည့် တပ်ဖွဲ့.. စသည်ဖြင့် အသေးစိတ်တိုင်ပင်ကာ ဆွေးနွေးညှိနှိုင်းကြသည်။ စောကျော်အေး လိုအပ်သလိုအသုံးပြုနိုင်ဖို့ ငွေ ၂၀၀၀ လည်း တပါတည်းပေးအပ်လိုက်သည်။

သည်လိုနှင့် သတ်မှတ်ထားသည့်ရက်တွင် ဗိုလ်မှူးစောကျော်အေး၊ ဗိုလ်သိန်းကျော်နှင့် စောအငြိမ်းတို့သုံးဦးသား ဗိုလ်မှူးကြီး အော်စဘွန်း၏ ပဲခူးရိုးမစခန်းမှနေ၍ တောလမ်းခရီးဖြင့် ပုသိမ်သို့ လျှို့ဝှက်စွာ စတင်ထွက်ခွာလာခဲ့ကြတော့သည်။ ထိုမှတစ်ဆင့် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ တွင် ရန်ကုန်မြို့သို့ရောက်လာခဲ့ကြသည်။ စောကျော်အေးက အကွက်စေ့သည်။ လေယာဉ်တစ်ခါမှမစီးဖူးသည့် တပည့်ကျော် နှစ်ယောက် အတွေ့အကြုံရစေရန်အတွက် သာမန်လေယာဉ်စီးခရီးသည်တွေအဖြစ် ဟန်ဆောင်ကာ ရန်ကုန်သို့ လေယာဉ်ဖြင့် ခပ်တည်တည် ခရီးဆက်ခဲ့ခြင်းပင်။

ရန်ကုန်တွင် လျှို့ဝှက်စွာတည်းခိုနေထိုင်ရင်း မြေပြင်တပ်ဖွဲ့များ လေယာဉ်ဆင်းသက်မည့် နေရာသို့ ရောက်ရှိနိုင်မည့်ရက်နှင့်ချိန်ကိုက်ကာ ဇွန်လ ၂၅ ရက်နေ့ ရန်ကုန်-စစ်တွေ လေယာဉ် လက်မှတ်သုံးစောင်ကို ဝယ်ယူလိုက်ကြသည်။ သည်လိုနှင့် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ၊ ၂၀ မိနစ်တိတိတွင် စောကျော်အေးတို့သုံးဦး လိုက်ပါလာကြသည့် မြန်မာ့လေကြောင်းပိုင် ဒါကိုတာ ခရီးသည်တင် လေယာဉ်အမှတ် XY-ACT သည် မင်္ဂလာဒုံ လေယာဉ်ကွင်းပြေးလမ်းမှ တိမ်တိုက်တွေ ကြားထဲသို့ စတင်ထိုးတက် ပျံသန်းနေပေပြီ။

လေယာဉ်ပေါ်မှာတော့ လှကျော်၊ မောင်မောင်၊ အစိန်ဟု နာမည်ပြောင်းထားကြသည့် စောကျော်အေးတို့သုံးဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၄ ဦး လိုက်ပါလာကြသည်။ ခရီးသည်တွေထဲမှာ ဘုန်းတော်ကြီးတစ်ပါးလည်း ပါလာသည်။ မြန်မာဝတ်စုံကိုဝတ်ဆင်ထားကြသည့် စောကျော်အေးတို့ရဲ့ပေါင်တွေမှာကတော့ လေယာဉ်အပိုင်စီးရာမှာအသုံးပြုကြမည့် ခြောက်လုံးပြူးသေနတ်များက အသေအချာ ချည်နှောင်လျက်…

လေဆိပ်တာဝန်ကျ လုံခြုံရေးဝန်ထမ်းများက သူတို့ရဲ့ကိုယ်ပေါ်မှာ ဘာမျှ မရှာ…ဒီအချိန်အထိ အစီအစဉ်တွေအားလုံးက ဘာမှ အထစ်အငေါ့ မရှိ။ အားလုံး ချောချောမွေ့မွေ့…တစ်ခုပဲပြောစရာရှိသည်။ စောကျော်အေးရဲ့ ရှေ့ထိုင်ခုံမှာ ယူနီဖောင်းဝတ် တပ်မတော် စစ်ဗိုလ်တစ်ဦး ထိုင်နေသည်။ သူ့နာမည်က ဗိုလ်ကြီးကျော်သာ..ရန်ကုန်မှစစ်တွေသို့ အစိုးရတာဝန်ဖြင့် ခရီးသွားရမည့်သူ။ ပြောရရင်တော့ ဆွမ်းခံရင်း ငှက်သင့်…

ဒါပေမယ့် စောကျော်အေးကတော့ ဒါတွေကို ဂရုမစိုက်တော့။ လေယာဉ်ထွက်ပြီး ၅ မိနစ်ခန့်အကြာမှာပင် တပည့်ကျော်နှစ်ဦးကို မျက်ရိပ်ပြလိုက်ပြီး အဆိုပါစစ်ဗိုလ်၏နံဘေးကို ခြောက်လုံးပြူးဖြင့် ထောက်ထားလိုက်ကာ လေယာဉ်ကြီးကို အပိုင်စီးလိုက်ပြီဖြစ်ကြောင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။ စောကျော်အေး၏လှုပ်ရှားမှုကို တပည့်ကျော်နှစ်ဦးနှင့် အဆိုပါစစ်ဗိုလ်က လွဲလျှင် ကျန်သည့်ခရီးသည်များအားလုံး တစ်ဦးမျှ မရိပ်မိကြသေး။ခြောက်လုံးပြူးနှင့် နံဘေးကိုထောက်ထားသည်မို့ အနှီစစ်ဗိုလ်လည်း ဘာမျှ မတတ်နိုင်။

လေယာဉ်က ဧရာဝတီမြစ်ကြီးကို စတင် ဖြတ်ကျော်လိုက်သည်နှင့် စော်ကျော်အေးက တပည့်ကျော်နှစ်ယောက်ကို အချက်ပေးလိုက်သည်။သုံးယောက်သား ခြောက်လုံးပြူးများကို ဆွဲထုတ်ကာ ခရီးသည်များကိုချိန်လိုက်ပြီး လေယာဉ်ကြီးကို အပိုင်စီးလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ကြသည်။ ခရီးသည်များအားလုံး အံ့သြတကြီးဖြစ်နေရုံကလွဲပြီး ဘာမျှ မတတ်နိုင်ကြတော့။ ဗိုလ်သိန်းကျော်နှင့် စောအငြိမ်းက ခရီးသည်များကို ခြောက်လုံးပြူးနှင့် ချိန်ထားစဉ်အတွင်း စော်ကျော်အေးက လေယာဉ်ဦးပိုင်းရှိပိုင်းလော့အခန်းကို ချက်ချင်းပြေးသွားသည်။ အခန်းတံခါးကို ခပ်ကြမ်းကြမ်းပင် ကန်ဖွင့်လိုက်သည်။

လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် အဆက်အသွယ်လုပ်နေသည့် ရေဒီယိုအရာရှိ Mr. Ray ၏ခေါင်းကို ခြောက်လုံးပြူးနှင့် တေ့ပြီး တယ်လီဖုန်းခွက်နှင့် ကြိုးများကို ဆွဲဖြုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ပေါက်ချဖျက်ဆီးလိုက်သည်။ ထိုအချိန်မှစပြီး လေကြောင်းထိန်းမျှော်စင်နှင့် XY-ACT ဒါကိုတာ ခရီးသည်တင် လေယာဉ်ကြီးမှာ ရေဒီယိုအဆက်အသွယ် လုံးဝပြတ်တောက်သွားတော့သည်။

စောကျော်အေးကတော့ သူ့အလုပ်ကို ခပ်သွက်သွက်လုပ်သည်။ ရေဒီယိုအရာရှိကို ပိုင်းလော့အခန်းထဲမှခေါ်ထုတ်ကာ ကျန်ခရီးသည်များနှင့်ရောထားလိုက်ပြီး ဗိုဘ်သိန်းကျော်ကိုအပ်လိုက်သည်။ တစ်ဖန် စောကျော်အေးက လေယာဉ်ပိုင်းလော့များရှိရာသို့ အတင်း ပြေးဝင်လိုက်ပြီး သေနတ်မောင်းကိုဆွဲတင်ကာ ချိန်ထားလိုက်လေသည်။
လေယာဉ်မောင်းနှင်နေသူက အင်္ဂလိပ်လူမျိုး Mr. A.E. Hare..နံဘေးမှာရှိနေသူတွေက ပထမအရာရှိ ဦးကိုကိုနှင့် ကုန်စည်လက်ထောက်အရာရှိ ဦးကိုကိုကြီး…
စောကျော်အေးက..
“အခုအချိန်ကစပြီး ဒီလေယာဉ်ပျံကြီးကို ငါတို့ အပိုင်စီးလိုက်ပြီကွ။ ငါတို့ဟာ သူခိုးဓားပြတွေ မဟုတ်ဘူး။ ကရင်တော်လှန်ရေးသမားတွေပဲ။ အဲဒီတော့.. မင်းတို့ ငါညွှန်ပြတဲ့နေရာကို လေယာဉ်ဆင်းပါ.. ဒါပဲ”
ဟု မြေပုံစာရွက်ကိုထိုးပေးလိုက်ရင်း ခပ်ဆတ်ဆတ် အမိန့်ပေးလိုက်သည်။ ပထမ အရာရှိ ဦးကိုကိုက အင်္ဂလိပ်လိုဘာသာပြန်ပြီး ပြောဆိုပေးရသည်။

သို့သော်ငြား Mr. Hare ကတော့ စောကျော်အေးရဲ့လက်ထဲကသေနတ်ကို ကလေးကစားစရာ ရေပြွတ်သေနတ်လေးဟု ယူဆနေလေသလား မသိ..
မြေပုံစာရွက်ကိုလည်း လုံးဝလှည့်မကြည့်ဘဲ လေယာဉ်ကြီးကို ချက်ချင်း နောက်ကြောင်းပြန်လှည့်တော့သည်။ လေယာဉ်အမြန်နှုန်းကို မူလ မိုင် ၁၀၀ နှုန်းမှ ၁၅၀ မိုင်နှုန်းသို့ အရှိန်မြှင့်တင်လိုက်ပြီး မောင်းနှင်နေရုံသာမက လေယာဉ်ကြီးကိုလည်း ဘယ်ညာလူးသွားအောင်ပါ ယိမ်းထိုးကာ ဝဲပျံလိုက်တော့သည်။ Mr. Hare ပညာပြပေပြီ…
ဟုတ်သည်လေ..
သူ့အကြံအစည်က လေယာဉ်လူးလိမ့်သွား၍ စောကျော်အေး ဟန်ချက်ပျက်သွားလျှင် တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်ကိုး…

သို့ပေမယ့် စောကျော်အေးက သူ့ထက် ပိုလည်သည်။ သည်လိုတွေဖြစ်လာနိုင်တာကို ကြိုတင်တွက်ချက်ထားပြီးသား။ သည်တော့..
“ဟေ့.. ဒီမှာကြည့်လိုက်စမ်း။ ဟောဒါ လက်ပစ်ဗုံးပဲကွ။ အထဲမှာ ၄ စက္ကန့်စနက်တံ သွင်းထားပြီးသား။ ဟောဒါက ဗုံးထိန်းပင်တံ.. အဲဒီပင်တံကို ဟောဒီလိုဆွဲထုတ်တယ်ကွ” ဟု ဟစ်အော်ပြီး လက်ပစ်ဗုံးပင်တံကို သွားဖြင့်ကိုက်ကာ ခမ်းကြမ်းကြမ်းဆွဲဖြုတ်ရင်း
လေယာဉ်စက်ခန်းထဲသို့ ဆတ်ကနဲ ထွေးထုတ်လိုက်သည်။ ပြီးတော့..
“မင်းတို့က ဘယ်လောက်သတ္တိရှိနေကြလို့လဲ။
တကယ်ကော သေရဲကြရဲ့လား။ အေး.. ငါကတော့ ငါတို့ရဲ့တော်လှန်ရေးအတွက် ငါ့ရဲ့အသက်ကိုစွန့်ဖို့ အစောကြီးကတည်းက ဆုံးဖြတ်ထားတဲ့သူကွ။ အခုလည်း ငါ့ရဲ့အသက်ကိုပေးဖို့ နည်းနည်းကလေးမှ ဝန်မလေးဘူး။ အခုသေသွားရင်လည်း မြတ်သောသေခြင်းလို့ ခံယူထားတယ်။ အဲဒီတော့ မင်းတို့ကို နောက်ဆုံးအခွင့်အရေး ပေးတဲ့အနေနဲ့ ဘုရားရှိခိုးခွင့်ပြုတယ်။ ဘုရားသာ တကြပေတော့ဟေ့..”
ပြောပြောဆိုဆို စောကျော်အေးက သူ့လက်ထဲမှလက်ပစ်ဗုံးကို မြှောက်လိုက်ပေပြီ။

သူယုံကြည်ရာအတွက် အသက်စွန့်ဖို့အထိ သံန္နိဌာန်ချထားသောစောကျော်အေးက သူ့လက်ထဲမှလက်ပစ်ဗုံးကို ပစ်ခွဲရန်အတွက် One, Two, Three ကို ဟစ်အော်ရင်း တကယ်လုပ်တော့မည်ဆိုတော့ Mr. Hare တစ်ယောက် Three မရောက်မီမှာပင် စောကျော်အေးကို “ဟိုး.. ဟိုး” ဟုအော်ကာ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။ ကျန်သည့် မြန်မာအရာရှိနှစ်ယောက်ရဲ့ မျက်နှာကလေးများမှာလည်း ဆီးရွက်ခန့်သာ..

သည်လိုနှင့် လေယာဉ်ကြီးက စောကျော်အေးညွှန်ပြရာ ပုသိမ်အနောက်ဘက် ပင်လယ်ကမ်းခြေတစ်နေရာကို မကြာမီမှာ ရောက်ရှိလာလေတော့သည်။
ပုသိမ်နှင့်ကျောက်ဖြူအကြားက ပင်လယ် ကမ်းစပ်တလျှောက် သဲသောင်ပြင်အပေါ်မှာ စောကျော်အေးညွှန်ကြားသည့်အတိုင်း လေယာဉ်ကြီးက ခေါက်တုံ့ခေါက်ပြန် ဝဲကာ ပျံကာဖြင့် လာကြိုနေကြမည့် KNDO တပ်ဖွဲ့ဝင်များကို တရစပ် ရှာဖွေနေလေသည်။ သို့သော် သဲသောင်ပြင်ပေါ်မှာ ကြိုတင် ချိန်းဆိုထားသည့် KNDO တပ်ဖွဲ့ဝင်များ မဆိုထားနှင့်.. ခွေးတစ်ကောင် ကြောင်တစ်မြီး တောင်မှ မတွေ့ရ။ ဘယ်လိုဖြစ်တာပါလိမ့်..

ထိုအချိန်တွင် ဇွန်လ ၂၃ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာပါ သတင်းတစ်ပုဒ်က စောကျော်အေးရဲ့ခေါင်းထဲ ဝင်လာသည်။ “ပုသိမ်ခရိုင်၏အနောက်ဘက် ပင်လယ် ကမ်းခြေတွင် အမျိုးအမည်မသိရသေးသော လက်နက်ကိုင်သောင်းကျန်းသူများအချင်းချင်း တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး အသေ အပျောက် အကျအဆုံးများရှိကြောင်း”.. တဲ့။
ဟုတ်သည်လေ.. ပုသိမ်အနောက်ဘက် ပင်လယ်ကမ်းခြေ ဒေသ တွေမှာက လက်နက်ကိုင်သောင်းကျန်းသူတွေ ပေါများလှသည့်အပြင် “ပျူစောထီး” လို့ခေါ်တဲ့ ကာကွယ်ရေးတပ်တွေပါ ရှိနေကြတာ မဟုတ်လား..
လက်နက်ကိုင်တွေအချင်းချင်း နယ်မြေလု တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်ပွားနေတဲ့ ဒေသ..

တန်တော့..သူတို့လေယာဉ်ကိုလာကြိုကြမည့် ဗိုလ်ကြီး အော်စတင်ဦးစီးတဲ့ KNDO တပ်ဖွဲ့ဝင်တွေဟာ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကြိုတင်ချိန်းဆိုထားတဲ့နေရာကို အချိန်မီ ရောက်မလာနိုင်ကြတော့ဘူးထင်ပါရဲ့…လေယာဉ်ပျံဝဲနေသည်မှာလည်း ၂ နာရီကျော် ကြာလာခဲ့ပြီ။ လေယာဉ်ဆီလက်ကျန်ကလည်း နည်းနေပေပြီ။ စောကျော်အေးရဲ့လက်ထဲမှာ အခုအချိန်အထိ ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ပင်ဖြုတ်ပြီး လက်ပစ်ဗုံး ကလည်း ကိုင်ထားရတာကြာမြင့်နေပြီဖြစ်လို့ လက်အံတောင်သေချင်နေပေပြီ။

လေယာဉ်မှူး Mr. Hare ကတော့ လေယာဉ်ဆီလက်ကျန်ပြ ဒိုင်ခွက်ကိုတစ်လှည့်၊ စောကျော်အေးရဲ့လက်ထဲက ချွေးစေးတွေ ရွှဲနစ်နေတဲ့ လက်ပစ်ဗုံးကိုတစ်လှည့်၊ ကြည့်ရင်း ကြည့်ရင်းဖြင့် ဇောချွေးတွေပျံလာတော့သည်။ စောကျော်အေးကိုယ်တိုင်လည်း ဝေခွဲမရသည့် အတွေးများဖြင့် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့…သူအပါအဝင် သူ့ရဲ့တပည့်တွေ၊ လေယာဉ်ဝန်ထမ်းတွေ၊ လေယာဉ်ပေါ်မှာ လိုက်ပါလာကြတဲ့ ခရီးသည်တွေအားလုံးရဲ့ အသက်က သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပြီကိုး။ သည်တော့..
“စဉ်းစားစမ်း စောကျော်အေး.. မင်း အခု ဘာဆက်လုပ်မလဲ..

နောက်ဆုံးဆီကုန်ခါနီးမှ မကျီးစင်ရွာဂွမြို့နယ် သဲသောင်ပြင်ပေါ်ထိုးချခဲ့ပါသည်။ လေယာဉ်ပျံပေါ်တွင် ကျောက်ဖြူငွေတိုက်သို့ ပို့မည့်လစာငွေများပါခဲ့ပါသည်။ ငွေသေတ္တာများကို လှေပေါ်တင်စဉ်ရဲဘော်ဖြူမှ ဝိုင်းတိုက်ရာ ကစဉ့်ကလျားထွက်ပြေးခဲ့ရပါသည်။ ထိုအချိန်တွင် လေယာဉ်ပျံဆင်းရန် သတ်မှတ်နေရာဖြစ်သော ယခင်ငဆော်ကြီးရွာ ယခုငွေဆောင်မှ စောင့်နေသော တပ်မဟာ (၄)မှူး စောအော့စ်ဘွန်းမှ သတင်းရရခြင်း မိမိတပ်ဖွဲ့နှင့် ပြန်လည်တိုက်ခိုက်ရာ ရဲဘော်ဖြူများလက်မှ ငွေများပြန်လည်ရရှိပြီး သုံးပုံ တစ်ပုံ အားပေးခဲ့ကာ ကျန်ငွေများအား K.N.D.O ဌာနချုပ် ဗိုလ်ချုပ်စိန်မှူးလက်သို့ အပ်ခဲ့ပါ၏။

ဗိုလ်ချုပ်စိန်မှုံမှ ငွေအားလက်နက်ခဲယမ်းမီးကျောက်အပြင် အခြားမဆိုင်သည့် ဘုရားကျောင်းဆောက်ရန် အတွက် ငွေသုံးမည်ကို လက်မခံဘဲ တပ်မအစည်းအဝေးလုပ်ရာ မတက်ဘဲ ဆက်သားလွှတ်ကာ လေယာဉ်ပျံပြန်ပေးဆွဲတာနဲ့ ပတ်သက်ပြီး အရေးမယူလျှင် အလင်းဝင်မည်ဟု အကိုဝမ်းကွဲဝန်ကြီး စောအောင်ပ ဆီစေလွှတ်ပြောဆိုရာ အရေးယူခြင်းမရှိသည့် အတွက်လက်နက်နှင့် လူအင်အား (၅၀၀)နှင့်အတူ ငပုတောအား တက်တိုက်ခိုင်းစဉ်လမ်းတွင် ကြိုတင် စီစဉ်ထားသည့် အတိုင်း ဒုဗိုလ်မှူးကြီး သောင်းကြည်ထံ (၁၉၅၄)သြဂုတ်လ(၁၄)ရက်တွင် လက်နက် လူအင်အား(၂၅၀)ဖြင့် အလင်းဝင်ခဲ့ပါသည်။ ကျန်(၂၅၀)မှာ ကျန်ရစ်ခဲ့ပါသည်။

အလင်းဝင်ပြီး ဟင်္သာတမွေးရပ်မြေခြံတွင် မိမိအလင်းဝင်ရဲဘော်များနှင့်အတူ နိုင်ငံတော်မှ စောအော့စ်ဘွန်းအား ရဲအုပ်ရာထူးပေးကာ ကရင်အရံရဲတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းတာဝန်ထမ်းဆောင်ခဲ့ပါ။ ၎င်းနောက်(၁၉၆၃)တွင် ဒုရဲမှူးရာထူးဖြင့် ကျောက်ပန်းတောင်းရဲဝန်ထောက်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါ၏ ။ ကျန်တပည့်များလဲ အဆင့်အသီးသီးဖြင့် တိုင်းဒေသအသီးသီးသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခံခဲ့ရပါသည်။ စောအော့စ်ဘွန်းမှာ ကျောက်ပန်းတောင်းမြို့ မေမြို့၊ ပျဉ်းမနား၊ မြို့နောက်ဆုံး ညောင်တုန်းမြို့မှ (၁၉၇၆)ခုနှစ် ဧပြီလမှာ ပင်စင်ယူပြီး ဟင်္သာတတွင် စိုက်ပျိုးမွေးမြူးရေးလုပ်ကိုင်လျှက် (၁၉၈၉)အောက်တိုဘာ(၂၄)ည(၉း၄၅) ဟင်္သာတပြည်သူ့ဆေးရုံတွင် ခရစ်တော်တွင် အိပ်ပျော်သွားပါသည်။

မူရင်းရေးသားသူ – သူလှိုင်

Tags: amazingmyanmar historymyanmar knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!