Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့မြေပေါ်က မဟာမိတ် စစ်သင်္ချိုင်းများ

by Thutamm
August 13, 2019
Reading Time: 1min read
0
မြန်မာ့မြေပေါ်က မဟာမိတ် စစ်သင်္ချိုင်းများ
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာ့ာ့သမိုင်းတွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစစ်ကြီး နှစ်ပွဲအနက် ပထမကမ္ဘာစစ်ကြီး( ၁၉၁၄ခုနှစ်-၁၉၁၈ခုနှစ်)အတွင်း လူ ၁၇ သန်းသေဆုံး ၍ သန်း၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး(ခရစ်နှစ်၁၉၃၉-၁၉၄၅ )အတွင်း လူဦးရေ သန်း ၆၀ကျော် သေကျေ၊ ဒဏ်ရာရရှိခဲ့ကြသည်။ မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာအနှံ့စစ်မြေပြင် အသီးသီးတွင် စစ်သည်များသာမက အရပ်သား ပြည်သူများ လည်း သေကျေခဲ့ကြရပေသည်။ စစ်ပွဲကြီးများအပြီးတွင် အနိဋ္ဌာရုံများစွာကျန်ရှိခဲ့ရာ စစ်သင်္ချိုင်းများကို စစ်၏ပြယုဂ်များအဖြစ် မြင်တွေ့နိုင်ကြသည်။

ကမ္ဘာာစစ်ကြီး နှစ်ခုပြီးဆုံးပြီးနောက် စစ်အတွင်းကပေါင်းစည်းခဲ့သည့် မဟာမိတ်နိုင်ငံများသည် စစ်ပွဲများတွင် ကျဆုံးခဲ့သည့် မိမိတို့စစ်သည်များ၏ အထိမ်းအမှတ်ဂူများထားရှိရန် နိုင်ငံအသီးသီး၌ မဟာ မိတ်စစ်သင်္ချိုင်းများကို တည်ဆောက် ခဲ့ကြ သည်။ ထို့ကြောင့် ကျဆုံးစစ်သည်များ၏ ကျန်ရစ်သူမိသားစုများသည် စစ်သင်္ချိုင်းများရှိ အထိမ်းအမှတ် အုတ်ဂူများ၌ မိမိ တို့ကိုး ကွယ်ရာဘာသာထုံးတမ်းများအတိုင်း သွားရောက်ဂါဝရပြုနိုင်ခဲ့ကြပြီး နှစ်ကာလ ကြာရှည်လာချိန်တွင် သမိုင်းဝင် စစ်သင်္ချိုင်းများ အဖြစ် ထင်ရှားလာခဲ့သည်။

မြန်မာနိုင်ငံ နှင့် စစ်သင်္ချိုင်းများ

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့၌ စစ်သင်္ချိုင်းနှစ်ခုနှင့် သံဖြူဇရပ်မြို့ ၌ စစ် သင်္ချိုင်းတစ်ခု တည် ဆောက်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မဟာမိတ် စစ် သင်္ချိုင်း ဖြစ်သည့် ရန်ကုန် စစ်သင်္ချိုင်းကို ၁၉၄၅ ခုနှစ်တွင် ဖွင့်လှစ်၍ အထိမ်းအမှတ် အုတ်ဂူ ၁၃၈၁ ခု ထားရှိခဲ့သည်။

စစ်သင်္ချိုင်းသုံးခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထောက်ကြန့်စစ် သင်္ချိုင်းသည် အကြီးဆုံးဖြစ်ပြီး ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပွဲများအတွင်း မြန်မာနိုင်ငံ စစ်မြေပြင်အသီးသီးတွင် ကျဆုံးခဲ့ သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦး၏ အထိမ်းအမှတ် အုတ်ဂူငယ်များကို ထားရှိသည်။ ထို့အတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အုတ်ဂူငယ် ၃၇၇၁ ခု ရှိသည့် မဟာမိတ် စစ်သင်္ချိုင်း တစ်ခုကို ၁၉၄၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်စစ်သင်္ချိုင်း

မြန်မာနိုင်ငံ၏ ပထမဆုံး မဟာမိတ်သင်္ချိုင်းဖြစ်သည့် ရန်ကုန် စစ်သင်္ချိုင်းကို စမ်းချောင်းမြို့နယ်၊ ယခုဟံသာဝတီ အဝိုင်း အနီးတွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှတို့သည် ဂျပန်များ လက်အောက်မှ ရန်ကုန်မြို့ကို ၁၉၄၅ ခုနှစ်မေလတွင် ပြန်လည်ရယူခဲ့ပြီးနောက် ရန်ကုန်စစ်သင်္ချိုင်းနေရာကို သင်္ချိုင်းအဖြစ် စတင်အသုံးပြုခဲ့သည်။ ရန်ကုန် ထောင် အတွင်း ကွယ်လွန်ခဲ့သည့် မဟာမိတ်စစ်သုံ့ပန်းများအပါအဝင် ရန်ကုန်မြို့နှင့်အနီးဝန်းကျင် ဒေသများ တွင် မြှုပ်နှံခဲ့သည့် မဟာ မိတ်စစ်သည် အလောင်းများကို ရန်ကုန်စစ်သင်္ချိုင်း သို့ပြောင်းရွှေ့ခဲ့သည်။

ပထမကမ္ဘာစစ်အတွင်း ရန်ကုန်မြို့ တွင် သေဆုံးခဲ့ပြီး ရန်ကုန် တပ်မြေ သင်္ချိုင်းတွင်မြှုပ်နှံထားသည့် မဟာမိတ်စစ်သည် ၃၅ ဦးနှင့် ပုဇွန်တောင်တွင် မြှုပ်နှံထားသူ တစ်ဦးကို ၁၉၄၈ ခုနှစ်တွင် ရန်ကုန်သင်္ချိုင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်စစ်သင်္ချိုင်းတွင် အထိမ်းအမှတ်ဂူ ၁၃၈၁ ခုကို ထားရှိသည့်အနက် ၈၆ ခုကို အမည်မှတ်တမ်းမရှိချေ။ စစ် သင်္ချိုင်း အဝတွင် ၁၉၃၉ ခုနှစ် မှ ၁၉၄၅ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သူများကို ရည်ညွှန်းလျက် `ဤနေရာ၌ ဂုဏ်ပြုအပ် သည့် ရေတပ်၊ ကုန်း တပ်နှင့်လေတပ်သားများနိယာမ ခေါင်းချဘို့ရန် ဤသုဿန်တည်ရှိသောမြေနေရာသည်ကား မြန်မာလူမျိုးတို့၏ ကောင်းမှုတည်း` ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ကမ္ဗည်းရေးထိုးထားသည်။

သံဖြူဇရပ် စစ်သင်္ချိုင်း

သံဖြူဇရပ်စစ်သင်္ချိုငးးသည် သံဖြူဇရပ် မောင်းမကန်ကားလမ်းဘေးတွင်တည်ရှိပြီး ၂၅ ဧက ကျော်ကျယ်ဝန်းသည်။ ဒုတိယ ကမ္ဘာစစ်ပွဲကာလအတွင်းက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်သည့် သေမင်းတမန်ရထား ဖောက်လုပ်ရာတွင် သေဆုံးခဲ့သည့် မဟာမိတ်စစ်သည် ၃၁၄၉ ဦး နှင့် ဒတ်ချ် စစ်သည် ၆၂၁ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူများကို သံဖြူဇရပ် စစ်သင်္ချိုင်းတွင် ထားရှိ သည်။ သံဖြူဇရပ် စစ်သင်္ချိုင်း ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဘုရင်ခံ ဆာဟူးဘရန့့်တို့က ဖွင့် လှစ် ပေးခဲ့သည်။

သံဖြူဇရပ်မြို့ရှိ မဟာမိတ် စစ်သင်္ချိုင်းသည် မွန်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် ပြည်ပ ခရီးသွား များ သွားရောက်လေ့ရှိသည့် ခရီးသွား နယ်မြေ တစ်ခု အဖြစ် ထင်ရှားသည်။ သံဖြူဇရပ်မြို့သည် ရန်ကုန် ထားဝယ်မီးရထားလမ်း၊ရန်ကုန် ကော့သောင် မော်တော်ကားလမ်းနှင့် မော်လမြိုင် ကျိုက္ခမီ မော်တော်ကားလမ်းတို့ ဆုံသည့် နေရာတွင်တည်ရှိပြီး မော်လမြိုင်မြို့မှ တောင်ဘက်သို့မိုင် ၄၀ ကွာဝေး၍ ရေးမြို့မှ မြောက် ဘက် သို့ ၅၇ မိုင်ကွာဝေးသည်။

ဂျပန်နိုင်ငံသည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်၍မိုင် ၂၅၀ ကျော်ရှည်သည့် မီးရထားလမ်းကို ဒုတိယ ကမ္ဘာ စစ်အတွင်း ၁၉၄၂ ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၄ လ စီမံကိန်းဆောင်ရွက်ခဲ့ရာ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ လ တွင် ပြီးစီးခဲ့သည်။ မီးရထားလမ်းသည် မြန်မာနိုင်ငံ သံဖြူဇရပ် မြို့မှစတင်၍ ထိုင်းနိုင်ငံ ဘန်ပေါင်းတွင် အဆုံးသတ်ခဲ့ရာ မြန်မာ နိုင်ငံဘက်ခြမ်း တွင် မိုင် ၇၀ ကျော် ရှည်လျားသည်။ ရထားလမ်းဖောက်လုပ်ခဲ့စဉ် မြန်မာပြည်သူများနှင့် စစ်သုံ့ပန်းများစွာ အသက်ဆုံးရှုံးခဲ့သဖြင့် သေမင်းတမန်ရထားလမ်း ဟု အမည်တွင်ခဲ့သည်။

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ နယ်စပ် တောင်ကြားကို ဖြတ်သန်းလျက် ထိုင်းနိုင်ငံ ဘန်ပေါင်းရှိ ဘန်ကောက် စင်္ကာပူ မီးရထားလမ်းနှင့် ချိတ်ဆက်သည့် သေမင်းတမန်မီးရထားလမ်းကို ထိုင်းနိုင်ငံဘက်ခြမ်းတွင်တစ်စု၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် တစ်စုခွဲကာ စစ်သုံ့ပန်းများနှင့် ပြည်သူများက ဖောက်လုပ်ခဲ့ကြရသည်။ ရထားလမ်းဖောက်လုပ်စဉ် အစာအာဟာရ မပြည့်စုံမှု၊ ရာသီဥတု ဆိုးရွားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှု၊ဖက်ဆစ်များ ၏ ညှဉ်းပမ်းမှုစသည့် အကြောင်းများစွာကြောင့် မြန်မာတိုင်းရင်းသား ၈၀၀၀၀ ကျော်နှင့် မဟာမိတ်တပ်သား ၁၃၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရပြီး သေဆုံးသူများကို ရထားလမ်း တစ်လျောက် မြှုပ်နှံခဲ့သည်ဟု စစ်သင်္ချိုင်းများ မှတ်တမ်းတွင် ရေးသားထားသည်။

မြန်မာ နိုင်ငံဒေသအသီးသီးမှ ကျန်းမာသန်စွမ်း သော အမျိုးသားများကို မရ ရသည့် နည်းဖြင့် စုဆောင်းခဲ့သဖြင့် ချွေးတပ်ဆွဲသည်ဟု ထင် ရှားခဲ့ပြီး မီးရထားလမ်း ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့ရာတွင် လုပ်သားပေါင်း ၈၀ ၀၀၀ မှ ၁၀၀ ၀၀၀ အကြားသေဆုံးခဲ့သည်။ သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ရာတွင် အလုပ်လုပ်ခဲ့ရသည့် မဟာမိတ်စစ်သုံ့ပန်း ၆၁၀၀၀ ဦးအနက် ၁၂၃၉၉ ဦး သေဆုံးခဲ့သည်။ မီးရထားလမ်းဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားများအပါအဝင် အာရှ တိုင်းရင်းသား ၂၇၀၀၀၀ အနက် ၉၀၀၀၀ ကျော် သေဆုံးခဲ့ကြရကြောင်း ထိုင်းမြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်းတွင်ဖော်ပြထားသည်။

ရထားလမ်း မိုင် ၂၆၀ ခန့်ရှိ ရာ တစ်မိုင်လျှင်မဟာမိတ်စစ်သုံ့ပန်း ၄၇ ဦးနှင့် အာရှတိုက်သား ချွေးတပ် အလုပ်သမား ၃၄၆ ဦး သေဆုံးခဲ့ရကြောင်း ကိုယ်တွေ့ ချွေးတပ်မှတ်တမ်း ပြုစုခဲ့သူ စာရေးဆရာ လင်းယုန်သစ်လွင်က ရေးသားခဲ့သည်။ သံဖြူဇရပ်စစ်သင်္ချိုင်းသည် လှပအေးချမ်းသည့် အသွင်ကို ဆောင်နေသော်လည်း စစ်၏အနိဋ္ဌာရုံ တစ်ရပ်အဖြစ် နိုင်ငံများ အကြား ရန်မီးတောက်လောင်ခဲ့မှု ရလာဒ်ဆိုး တစ်ခုကို သက်သေပြလျက်ရှိနေပေသည်။

ထောက်ကြန့်စစ်သင်္ချိုင်း

ထောက်ကြန့်စစ်သင်္ချိုင်းသည် ရန်ကုန် ပြည် ကားလမ်းမ၏ အရှေ့ဘက်ခြမ်း၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြို့ မှ မြောက်ဘက်သို့ ၂၅ ကီလိုမီတာ (၁၆ မိုင်) ကွာဝေးပြီး မင်္ဂလာဒုံမြို့နယ်၊ထောက် ကြန့်ကျေးရွာအနီးတွင် တည်ရှိသဖြင့် ထောက် ကြန့်သင်္ချိုင်းဟု ထင်ရှားခဲ့သည်။ ထောက်ကြန့်မြို့သည် ယခင်က ရွာကြီးတစ်ရွာသာဖြစ်သော်လည်း ရန်ကုန် ပဲခူး ကားလမ်း နှင့် ရန်ကုန်ပြည် ကားလမ်းဆုံ ဖြစ်သဖြင့် စည်ကားသော နေရာတစ်ခုဖြစ်သည်။

စစ်သင်္ချိုင်းအဝတွင် စိုက်ထူထားသည့် အစိမ်းရောင် ဆိုင်းဘုတ်ပေါ်တွင်“ ဤသင်္ချ ိုင်းတည်ရှိရာ မြေသည်ကား ပထမနှင့် ဒုတိယကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့သော ကုန်းတပ်၊ရေတပ်၊လေတပ်သားတို့၏ ထာဝရလဲလျောင်းရာနှင့်ကျန်ရစ်သူတို့ လာရောက် ဂါဝရ ပြုရာ ဆိပ်ငြိမ်ပရဝဏ် ဖြစ်သည်” ဟု မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည်။ ထောက်ကြန့်စစ်သင်္ချိုင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ စစ်မြေပြင် အသီးသီးတွင်ကျဆုံး ခဲ့သည့် မဟာမိတ်စစ်သည် ၆၃၇၄ ဦးတို့၏ အထိမ်းအမှတ် အုတ်ဂူငယ်လေးများကို ပြုလုပ်ထားသည်။

အုတ်ဂူ ၅၂ ခု သည် ပထမ ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူများ၏ ဂူများဖြစ်ပြီး အုတ်ဂူ ၈၆၇ ခု သည် အမည်မသိ စစ်သည်များ၏ ဂူများဖြစ်သည်။ယင်းဂူများတွင် အိန္ဒိယ လူမျိုးစစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရ ဂူ များပါဝင်ပြီး ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်ကျဆုံးခဲ့သည့် မြန်မာ အင် ဂျင်နီယာတပ်(BURMA SAPPER & MINERS) မှ အသက် ၃၁ နှစ် အရွယ် ဗိုလ်ကြီးစိန်ထွန်း၏ အမှတ်တရ အုတ်ဂူကို လည်း မြင် တွေ့နိုင်ပေသည်။

သေဆုံးသူအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသဖြင့် အထိမ်းအမှတ်ဂူငယ်များပေါ်တွင် ခရစ်ယာန် ဘာသာ အထိမ်းအမှတ် လက်ဝါးကပ်တိုင်ပုံများကို ပြုလုပ်ထားသည်။ထို့အတူ စစ်သင်္ချိုင်းများ၏ အလယ်တွင်လက်ဝါးကပ်တိုင်ကြီးများကို ထောင်ထားသည်။ဗုဒ္ဓဘာသာဝင်များ၏ အထိမ်းအမှတ်ဂူများတွင် အမည်နှင့် ယှဉ်တွဲလျက် စေတီပုံများကိုမြင်ကြရပေသည်။ အစ္စလာမ် ဘာသာကိုးကွယ်သူများ၏ အုတ်ဂူများကို အာရဗီ ဘာသာဖြင့် မှတ်တမ်းရေးထိုးထားကာ နေရာသီးသန့် ပြုလုပ် ပေးထား သည်။

စစ်သည်အများစုသည် မြန်မာနိုင်ငံ စစ်မြေပြင်လေးခုဖြစ်သည့် မိတ္ထီလာ၊စစ်တွေ၊ မန္တလေးနှင့် ဆားမှော်တို့တွင် ကျဆုံး ခဲ့ ကြသူများဖြစ်ကာ စစ်သည်များ၏ ရုပ်ကြွင်းများအား အဆိုပါဒေသ သုဿန်များတွင်ရေရှည်ထိန်းသိမ်းရန် ခက်ခဲမှုရှိသဖြင့် ရန်ကုန် မြို့သို့ သယ်ယူကာ ထောက်ကြန့် စစ်သင်္ခ ျိုင်းတွင် မြှုပ်နှံခဲ့သည်။ မြစ်ကြီးနား တိုက်ပွဲတွင်ကျဆုံးခဲ့ပြီး မြစ်ကြီးနား ချင်ဒစ် သုဿန် တွင်မြှုပ်နှံထားသော စစ်သည် ရုပ် ကြွင်းများကို ထောက်ကြန့် စစ်သင်္ချိုင်းသို့နောက်ဆုံး သယ်ယူခဲ့သည်။

ပထမကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် မဟာမိတ်စစ်သည်များအနက် ဟင်္သာတမှ ရုပ်အလောင်းတစ်ခု၊မိတ္ထီလာ စစ်တပ် နယ်မြေမှ ရုပ်အလောင်း ရှစ်ခု၊ သရက် မှ လေးခု၊ တန်မခန် မှ လေးခု၊ မန္တလေးစစ်တပ်မှ ၁၂ ခု နှင့် မေမြို့ တပ်နယ်မှ ၂၂ ခု စုစု ပေါင်း ရုပ်အလောင်း ၅၁ ခု ကို ၁၉၅၀ ပြည့်နှစ်တွင် ထောက်ကြန့်စစ်သင်္ချိုင်း သို့သယ်ယူ ခဲ့သည်။ပထမကမ္ဘာစစ် အတွင်း ကျဆုံး စစ်သည် ၁၉ ဦးတို့၏ ရုပ်ကြွင်းများကို အောင်ပန်း၊ ပုသိမ်၊ကွမ်းခြံကုန်း၊လွိုင်ကော်၊မိုင်းတုံ၊ပြည်၊ပျဉ်းမနားနှင့်ရွှေဘိုသင်္ချိုင်းများတွင် မြှုပ်နှံခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတောတွင်း နှင့် မြို့ရွာများ၏ လမ်းဘေးသင်္ချိုင်းများတွင် မြှုပ်နှံထားသည့် စစ်သည်အချို့၏ ရုပ်အလောင်းများကိုလည်း ထောက်ကြန့်စစ်သင်္ချိုင်းသို့သယ်ယူခဲ့သည်။

ထောက်ကြန့် ဗြိတိသျှ ဓနသယာယ စစ်သင်္ချိုင်းရှိ အမှတ်တရ ဂူငယ်များတွင် အင်္ဂလိပ်အစိုးရက ချီးမြှင့်သော ဗစ်တိုရီး ယားတံဆိပ် (Victoria Cross) ရရှိသူ ခုနစ်ဦးပါဝင်ရာ နှစ်ဦးမှာ အိန္ဒိယစစ်သည်များဖြစ်ကြသည်။ အမှတ်တရ ကျောက်စာတိုင် ပေါ်တွင် ရန်ကုန်စစ်မြေပြင်တွင်ကျဆုံးခဲ့သူများ၏ အမည်များကို မွေးသက္ကရာဇ်များ ၊ ကျဆုံးရက်များနှင့် အတူ မှတ်တမ်းတင်ထား သည်။ သူတို့သည် လွတ်လပ်သော ပြည်သူအားလုံးအတွက် ကျဆုံးခဲ့ကြသည် (They died for all free men) ဟု အဓိပ္ပာယ်ရ သော စာတန်းကို အင်္ဂလိပ်၊ဟင်ဒီ၊ အူရဒူ၊မြန်မာဘာသာများဖြင့် ကျောက်စာတိုင်ပေါ်တွင် ရေးသားထားသည်။

စစ်သင်္ချိုင်း အလယ်ရှိ အထိမ်းအမှတ် ကျောက်စာတိုင်ကြီးများပေါ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်မြေပြင် များ၌ ကျဆုံးခဲ့သော စစ်သည် ၂၇၀၀၀ ၏ အမည်များကိုရေးသားထားသည်။ ထောက်ကြန့် မဟာမိတ် စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ ပြီး အာရှ စစ်ဘက်ဆိုင်ရာ အမှတ်တရ နေရာများတွင် လာရောက်ကြည့်ရှုသူ အများဆုံးနေရာတစ်ခုဖြစ်လာခဲ့ကာ နိုင်ငံတကာတွင် Taukkyan War Cemetery ဟု ထင်ရှားခဲ့သည်။

မြန်မာနိုင်ငံရှိ မဟာမိတ်စစ်သင်္ချိုင်းများကို တနင်္ဂနွေ နေ့ မှ လွဲ၍ နေ့စဉ် နံနက် ၇ နာရီ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ထားရာ လာရောက်ကြည့်ရှု အပမ်းဖြေကြသူများကို နေ့စဉ်မြင်တွေ့ကြရပေသည်။ ယင်းစစ်သင်္ချိုင်းများကို ဓနသဟာယ စစ် သင်္ချိုင်း ကော်မရှင်က ထိန်းသိမ်းစောင့်ရှောက်ပြီး သင်္ချိုင်းအသုံးစရိတ်များကို ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် နိုင်ငံများက မိမိတို့ နိုင်ငံသားများ၏ အုတ်ဂူအရေအတွက်အတိုင်း အချိုးကျ ရံပုံငွေ ထည့်ဝင်ကြရသည်။ စစ်သင်္ချိုင်းများ အထွေထွေ စရိတ် အားလုံးကို ဗြိတိသျှ ဓနသဟာယ ရံပုံငွေမှ ကျခံပြီး စစ်သင်္ချိုင်းသို့ လာရောက်ကြည့်ရှု ကြ သော ပြည်သူများအား ဝင်ကြေး မယူဘဲ ဖွင့်လှစ်ပြသ ထားသည်။

စစ်သင်္ချိုင်းများသို့ နိုင်ငံပေါင်းစုံမှ ကျဆုံးစစ်သည်များ၏ မိသားစုများက လာရောက်ဂါရဝပြုလေ့ရှိကြပြီး အောက်မေ့ဘွယ် အခမ်းအနားများ လာရောက် ပြု လုပ်ကြသကဲ့သို့ ပြည်တွင်းမှ ခရီးသွားများသည်လည်း စစ်သင်္ချိုင်းများသို့ သွားကာ အနားယူ အပမ်းဖြေ လေ့လာလေ့ရှိကြသည်။ စစ်သင်္ချိုင်းသို့လာရောက်ကြသူများသည် စစ်ပွဲများအတွင်းကျဆုံးခဲ့သူများ၏ အထိမ်းအမှတ်ဂူများကို ကြည့်ရှုလျက် စစ်ပွဲ၏ အနိဋ္ဌာရုံများကို သတိမူမိသကဲ့သို့စစ်ပွဲများမရှိသော ငြိမ်းချမ်းသည့် လူမှုဘဝများကို တောင့်တမိကြမည်သာဖြစ်ပေသည်။ စစ်သင်္ချိုင်းများကို လှပစွာ မွမ်းမံလျက် အပမ်းဖြေ ဥယျာဉ်များသဖွယ် ပြုလုပ်ထားသော်လည်း စစ်သင်္ချိုင်းများသည် လူသား အချင်းချင်းဖြစ် ပွားခဲ့သည့် ရန်မီး တောက်လောင်ခြင်း၏ သမိုင်း ရလာဒ်များကို သက်သေပြလျက်ရှိနေပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၃)
ထိုင်းမြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း (လင်းယုန်သစ်လွင်)
World Cemeteries in Myanmar (CWGC)

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက် ထုတ် မြန်မာ့အလင်းသတင်းစာမှ

Tags: myanmar knowledgemyanmar places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!