မြန်မာ့သမိုင်းထဲက ဖိနပ်တိုက်ပွဲ

Posted on

ဖိနပ်တိုက်ပွဲ ဟု ဆိုသောကြောင့် ဖိနပ်တွေကို တိုက်သည့်ပွဲမဟုတ်သလို အပြန်အလှန်ထိုးသတ်ရသော တိုက်ပွဲလည်း မဟုတ်ကြောင်းပါ။ ဘုရားကျောင်းကန်များတွင် ဖိနပ်စီးကြသော ဥရောပလူမျိုးများကို မြန်မာလူမျိုးများ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော ပြဿနာကြီးတစ်ရပ်သာ ဖြစ်သည်။

ကိုလိုနီခေတ်အတွင်းက အင်္ဂလိပ်လူမျိုးအပါအဝင် အနောက်ဥရောပသားများသည် ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ ကျောင်းကန် ဘုရားများတွင် ဖိနပ်စီးကာ ဝင်ထွက်သွားလာလျှက်ရှိသည်။ ထိုအပြုအမှုကို သက်ဆိုင်ရာဂေါပကများက မကန့်ကွက်ရဲကြ။ မကြိုက်လှသော်လည်း ကြောက်ရွံ့သဖြင့် ငြိမ်ခံနေသလိုဖြစ်ခဲ့သည်။

အင်္ဂလန်မှ ဝတ်လုံတော်ဘွဲ့ရကာ ပြန်လာသော ဦးသိမ်းမောင်သည် ပြည်မြို့ရွှေဆံတော်ဘုရားကို သွားရာမှ ဘုရားအဝင်အဝတွင် ရေးထားသော “ဗြိတိသျှလူမျိုးများနှင့် ဥရောပတိုက်သားများမှအပ မည်သူမျှဖိနပ်မစီးရ”ဟူသော စာတန်းကို မြင်ကာအတော်ခံပြင်းသွားသည်။ အင်္ဂလိပ်နှင့် နိုင်ငံခြားသားများကို တရားဝင်ဖိနပ်စီးခွင့် ပြုထားသကဲ့သို့ ဖြစ်နေသည်။ ဦးသိမ်းမောင်သည် ဂေါပကအဖွဲ့အား အကျိုးအကြောင်းရှင်းပြရာ လက်ခံပြီး “မည်သူမျှ ဖိနပ်မစီးရ” ဟူသော စာတန်းကို ပြောင်းလဲချိတ်ဆွဲခဲ့သည်။ မကြာမီ အန္ဒိယဘုရင်ခံချုပ်မြန်မာပြည်ကိုလာမည်ဖြစ်ပြီး ဘုရားများကိုလည်း ရောက်ရှိမည်ဖြစ်သည်။ ပြည်မြို့အရေးပိုင်က “မည်သူမျှ ဖိနပ်မစီးရ” ဟူသော စာတန်းကို ဖြုတ်ခိုင်းသည်။ ဂေါပကအဖွဲ့က ဦးသိမ်းမောင် အားပေးမှုဖြင့် ဖြုတ်မပေးပေ။ ဤတွင် ဖိနပ်ပြဿနာကြီးပေါ်ပေါက်လာတော့သည်။

ကံအားလျှော်စွာ အိန္ဒိယဘုရင်ခံချုပ် လာမည့်အစီအစဉ်ပျက်သွားသော်လည်း ဖိနပ်ပြဿနာမှာ ပြီးမသွားပါ။ ဦးသိမ်းမောင်က တစ်နိုင်ငံလုံးရှိ ဘုရားကျောင်းကန် စေတီများတွင် ဖိနပ်လုံးဝ မစီးရေး တိုက်တွန်းလှုံဆော်သည်။ သာသနာပိုင် ဆရာတော်ကြီးများထံ လျှောက်ထားသော်လည်း ဤကိစ္စနှင့်ပတ်သတ်၍ အချိန်မကျသေး ဟု အမိန့်ရှိသည်။ သို့သော် ဦးသိမ်းမောင်က မလျှော့ ၊ ၁၉၁၇ ပျဉ်းမနားတွင်ပြုလုပ်သော ဝိုင်အမ်ဘီအေ ပြည်လုံးကျွတ်ညီလာခံတွင် ဖိနပ်ပြဿနာကို တင်ပြခဲ့သည်။ ညီလာခံက ဦးသိမ်းမောင်အဆိုကို ထောက်ခံကာ ကျောင်းကန်များတွင် နိုင်ငံခြားသားများ လုံးဝ ဖိနပ်မစီးရဟု ဆုံးဖြတ်လိုက်ကြသည်။

ဤသို့ ဖြင့်တတိုင်းပြည်လုံး ထိုပြဿနာကို ကန့်ကွက်ကြသည်။ စာရေးဆရာ သတင်းစာဆရာများကလည်း ကန့်ကွက်သည်။ အထင်ရှားဆုံးမှာ ဦးဘကလေး၏ သူရိယသတင်းစာပါ ကာတွန်းဖြစ်သည်။ ထိုကာတွန်းမှာ အင်္ဂလိပ်ဇနီးမောင်နှံအား ရွှေတိဂုံကုန်းတော်ပေါ်ကို ဘုရားလူကြီးနှစ်ဦးက ထမ်းတင်နေပုံနှင့် ထိုသို့ထမ်းတင်ပေးသောကြောင့် ဖိနပ်မချွတ်ပဲ ဘုရားပေါ်သို့ ရောက်ရ၍ ကျေးဇူးတင်ကြောင်း ပြောဟန်ပါသည့် ကာတွန်းဖြစ်သည်။ ဂေါပက အဖွဲ့က ယင်းကာတွန်းကို မကျေနပ်၍ ရန်ကုန်ပုလိပ်မင်းကြီးထံ တိုင်ကြားရာ သူရိယတိုက်ပိုင်ရှင် ဦးဘဘေ နှင့် အုပ်ချုပ်သူ ဦးလှဖေတို့ကို ခေါ်၍ ဆူပူကြိမ်းမောင်းသည်။ ထိုသတင်းကို ပြည်သူလူထုက မကျေနပ်ကြ။ ဝိုင်အမ်ဘီအေက ကြီးမှူး၍ ဂျူဗလီဟောတွင် ထိုဖိနပ်မစီးရေး ပြဿနာကို အပြင်းအထန်ကန့်ကွက်လေတော့သည်။ ဖိနပ်ပြဿနာကြောင့် တတိုင်းပြည်လုံးစည်းလုံးခဲ့ရသည်။

ဖိနပ်ပြဿနာသည် နိုင်ငံရေး နှင့် အမျိုးသားရေးပြဿနာဖြလာသောအခါ အင်္ဂလိပ်အစိုးရအနေဖြင့် အဖြေရှာလာရတော့သည်။ ပထမတွင် အင်္ဂလိပ်လူမျိုးများအား ဘုရားကျောင်းကန်များသို့ မသွားကြရန် ညွှန်ကြားခဲ့သော်လည်း လုံးဝတား၍မရသဖြင့် ၁၉၁၉ခုနှစ်တွင် ဘုရားစေတီပုထိုးများတွင် “နိုင်ငံခြားသားများ ဖိနပ်မစီးရ” ဟူသောအမိန့်ကို တရားဝင် ထုတ်ပြန်ပေးခဲ့သည်။ ဖိနပ်ပြဿနာပြီးဆုံးသွားပြီးနောက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သော ဦးသိမ်းမောင်သည်လည်း “ဖိနပ်သိမ်းမောင်” ဟု နာမည်ကျော်သွားလေတော့သည်။

Ref;
ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် – မြဟန်
မြန်မာ့စွယ်စုံကျမ်း