မြန်မာ့ပထမဆုံး ဆရာဝန် (သို့) ဒေါက်တာရှောလူး

Posted on

အနောက်တိုင်း ခေတ်မီဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းသည်မှာ အနှစ် တစ်ရာငါးဆယ်ခန့် ရှိပြီးဖြစ်သည်။ ယင်းသို့ ပေါ်ထွန်းခဲ့သည့် ဆရာဝန်များထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူးသည် ပထမဆုံး ဖြစ်လေသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ မွန်လူမျိုး ဒေါက်တာ ရှောလူး(Dr. Shaw Lu)ပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။

အမေရိကန်ရောက် ဒေါက်တာရှောလူး

သို့ရာတွင် ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ အမ္မရို့စ် ဒီရိုဇားရီးယိုး(Ambrose de Rosario)ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် (၁၈၀၆)ခုနှစ်တွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။ အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူ (ဝါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ ကို စတင်ချခဲ့သူကား ဒေါက်တာ ရှောလူးပင် ဖြစ်သည်။

ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မွန်လူမျိုးများ ဖြစ်ကြသည်။ မိခင်မှာ မွန်ဘုရင် ဗညားဒလ၏ ညီတော် မြဝတီမြို့စား (ဗရဲ့ပတိုင်း) ၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်((Adoniram Judson)နှင့် အိမ်နီးချင်းဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။ သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြပေးရသူ ဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။

၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၇ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ ထိုအချိန်၌ တနင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၇ ခုနှစ်၊ နှစ်နှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။

စစ်ဘာရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယစစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။ (မှတ်ချက်။ ။တစ်ချို့စာအုပ်များတွင် မောင်ရှောလူးသည် ၁၈၅၇-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာပြီး သင်းအုပ်ဆရာဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်ဟု ပါရှိလေသည်။)

သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် အမေရိကန်ပြည်သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား သင်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ သုံးဆယ်မြို့၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ကရုဏာ သက်သွားသည်။

ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ထိုခေတ် အမေရိကန်သို့ သင်္ဘောခရီးဖြင့် သွားရသည်မှာ မလွယ်ကူချေ။ သင်္ဘောကလည်း ယနေ့ခေတ်ကဲ့သို့ ခေတ်မမှီသဖြင့် ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။ ၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ ဆရာမကြီး၏ ဆောင်ရွက်ပေးချက် အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဗတ်ရှိ တက္ကသိုလ် ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် သူလိုချင် တောင့်တသော ပညာရပ်များကို ဆည်းပူးတိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။

ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရီ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုစဉ်က အမေရိကန်ပြည်တွင် ကုန်ပစ္စည်းများ ပေါများခဲ့သည်။ ထိုစဉ်က ကော်ဖီတစ်ခွက်ကို ၁၀ ဆင့်သာလျှင် ပေးရလေသည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။

ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာ၊ ၁၈၆၄ ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။

ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။

မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး အင်ဒရူးဂျွန်ဆင်နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ လင်ကွန်းကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက မင်းတုန်းမင်းထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။

၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းခရီးတွင် လန်ဒန်တွင် တစ်လ၊ ပဲရစ်တွင် တစ်ပတ် နားနေလေ့လာ၍၊ အေသင်၊ သီဟိုဠ် ၊ ကာလကတ္တား စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။ ထိုအချိန်က စူးအက်တူးမြောင်းလည်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် ဒေါက်တာရှောလူးသည် မြန်မာနိုင်ငံသို့ရောက်သော် အမေရိကန် သမ္မတကြီး၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် ရတနာပုံ မန္တလေးမြို့သို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်ဖြင့် မန္တလေးမြို့သို့ ခရီးဆက်ပြီး မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်းကြီးသည် သူ့ကို ကောင်းစွာလက်ခံ စကားပြောလေသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံယူသည်။

ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကာ မြောက်ဥယျာဉ်၌ ထားတော်မူပြီး နန်းတွင်းစားတော်အုပ်ကို နေ့စဉ်ပို့စေသည်။ ဒေါက်တာရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ်ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်ယူလာသော ပညာများကို အသုံးပြုလျက် ဆရာဝန်နှင့် ကျောင်းဆရာ အလုပ်ကို လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်ကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။

သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာဝင်လုပ်သည်။ ၁၀နှစ်ကြာသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်းရန် ရာထူးကြီး ပေးသည်။

ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထံတွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။

ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ္စလူစီပရဲယားနှင့် ၁၈၆၉-ခုနှစ်ခန့်တွင် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒေါ်ရွှေနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် ရရှိသည်။ သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။

တစ်နေ့ နံနက်တွင် ဇနီး၊ သားသမီးများအား လိုက်လံနှိုးကာ အောက်ထပ်သို့ ဆင်းလာကြရန် မှာကြားသည်။ ထိုနောက် သူက ဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌ လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသော အပြုအမူကြောင့် အောက်ထပ်သို့ ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီး ဖြစ်သော ဒေါက်တာရှောလူးကို တွေ့ရလေသည်။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းထားသည်ကို ထူးခြားစွာ တွေ့ခဲ့ရလေသည်ဟူ၏။ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဒေါက်တာရှောလူး၏ ဈာပနာမှာ စည်းကားလှသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာ ရှောလူးအား ဂူသွင်း သဂြိုလ်ကြပြီး အုတ်ဂူထက်တွင်

In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
“All the way Saviour Leads me” ဟု ရေးထိုးထားပေးပါသည်။

သူ ကွယ်လွန်သော်လည်း သူ၏ အမည်ကား မသေ။ သူ့ဇွဲ၊ သူ့သတ္တိကား မကွယ်၊။ သူ့လုပ်ငန်းကား မမှိန်။ ယနေ့ မြန်မာ ဆရာဝန်များ၏ ဖခင်ကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ခေတ်မှီ ဆေးပညာကို မြန်မာနိုင်ငံ၌ အဦးဆုံး မျိုးစေ့ချခဲ့သူ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မွန်လူမျိုးတို့၏ ဂုဏ်ကို ဆောင်ခဲ့သူအဖြစ်လည်းကောင်း ဒေါက်တာ ရှောလူးသည် ထင်ရှားဆဲပင် ဖြစ်သည်။ ဒေါက်တာရှောလူ၏ ပထမ အိမ်ထောင်ဆက်မှ သမီးများမှာ ဥရောပတိုက်သားများနှင့် အိမ်ထောင်ကျခဲ့ကြပြီး ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ကြသည်။ ဒုတိယ ဇနီးဒေါ်ရွှေမှာ ထားဝယ်သူ ဖြစ်ပြီး သမီးကြီး ဒေါ်တင်တင် (အင်မလီးရှောလူး-မော်တလိန်းကျောင်းဆရာမ)၊ သား သောမတ်ရှောခူး (မီးရထား ဆရာဝန်) နှင့် သမီးငယ် အဲလစ်ဇတ်ရှောလူး (စိန့်မတ်သရူး ကျောင်းဆရာမကြီး)တို့ကို ဖွားမြင့်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏ သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းမွန်စွာပြောပြနိုင်ပြီး အသက် ၈၂ နှစ် အရွယ်ထိ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရှိရသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများထဲ၌ အနောက်တိုင်း ဆေးပညာတတ် ဆရာဝန် သည် ၁၉ ရာစုကပင် ပေါ်ပေါက်ခဲ့သည်မှာ ဂုဏ်ယူစရာပင် ဖြစ်လေသည်။

ဒေါက်တာရှောလူးသည် ၁၈၇၈-ခုနှစ် ဖေဖေါ်ဝါရီလတွင် (ပိန်ကီလာ) Painkiller အမည်ရှိ ဆေးကျမ်းငယ် တစ်စောင်ကို ပြုစုပြီး မော်လမြိုင်ရှိ မော်လမြိုင်အဆွေ ပုံနှိပ်တိုက်မှ ဦးနီက ပုံနှိပ်ဖြန့်ချီခဲ့သည်။ နာခြင်းဝေဒနာကို သက်သာစေသောဆေး အသုံးပြုနည်း အညွှန်းစာအုပ် ဖြစ်သည်။ မော်လမြိုင်နယ်တစ်ခွင်တွင် အားကိုးအားထား ပြုနေရသော ဆေးဆရာကြီး (ဟကြာနွတ်) ဟူ၍ ကျော်ကြားခဲ့သည်။ ဒေါက်တာရှောလူးသည် မြဝတီမြို့စား၏ မြစ်တော်သည်ဟုလည်း မှတ်တမ်းတစ်ခုက ဆိုပေသည်။ ဒေါက်တာရှောလူးသည် အသက် ၇၄-နှစ်တိုင်အောင် ကျန်းမာသန်စွမ်းလျက် ဘာကနဲ တက္ကသိုလ်နှင့် စာချင်းဆက်သွယ်နေတုန်းပင် ဖြစ်သည်။

ကိုးကား

၂ဝဝ၈-ခုနှစ်၊ဒီဇင်ဘာလ (၂၄)ရက်နေ့ထုန် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုးရေးသားသော ဆောင်းပါးအား အခြေခံထားသည်။
ဆရာ မင်းယုဝေ ရေးသားသော ပထမ မြန်မာများ
စာပေဗိမာန်ထုတ် အောင်မင်းမြတ်၏ ကွယ်လွန်ထင်ရှား ဆရာ ၁၀၀၏ အားမာန်များ စာအုပ်မှ ၂၀၀၉-ခုနှစ်
Myanmar Wikipedia