မြန်မာပြည်သူပြည်သားများသည် သီပေါဘုရင် ပါတော်မူပြီးနောက် “ပွဲကြီးသိမ်းလျှင် ဘုန်းမီးနေလ ထီးနန်းရ ဗုဒ္ဓရာဇာဘွဲ့မည်သာနှင့် စြင်္ကာမင်းလောင်းပေါ်လိမ့်မည်” ဟူသော တဘောင်စကားကိုယုံကာ စြင်္ကာမင်းလောင်းကိုစောင့်မျှော်ခဲ့ကြဖူးသည်။ ပြည်သူများ နှင့် ပထမံဂိုဏ်းဝင်သူတော်စင်အပေါင်းတို့ စောင့်မျှော်နေကြသူမှာ ဘိုးတော်ဘုရား၏ မြစ် ၊ ဘကြီးတော်၏ သားတော် ၊ သာယာဝတီမင်း၏ တူတော် ညောင်ရမ်းမြို့စား မင်းသားလေးပင်ဖြစ်သည်။
ဒီလို စောင့်မျှော်ခဲ့သည်မှာလည်း အကြောင်းရှိသည်။ ညောင်ရမ်းမင်းသားလေးသည် အလွန်ဘုန်းကြီးသည်ဟု ဆိုကြသည်။ ညောင်ရမ်းမင်းသားလေးသည် ဘကြီးတော်နှင့် ဆင်ဖြူမိဖုရားမှ ဖွားမြင်သော သားတော်ဖြစ်သည်။ မမွေးမီ နှင့် မွေးစအချိန်တွင် ငလျှင်ပြင်းစွာလှုပ်သည်။ ကသစ်ပင်မှရေထွက်သည်။ ဖွားပြီးခုနှစ်ရက်အကြာတွင် မယ်တော်နတ်ရွာစံသည်။ ဖွားဖက်တော် ခုနှစ်ဦးလည်း ပေါ်သည်။ ရုပ်ရည်လက္ခဏာအနေနှင့်လည်း အလွန်ချောမောလှပ၍ လက်ဝါးတွင် ခရုပတ် နှင့် မှဲ့ရှင်များ ထူးခြားစွာတွေ့ရပြီး နန်းတွင်းသူ နန်းတွင်းသားများနှင့် ပြည်သူများ ချစ်ခင်နှစ်သက်ကြသည့် မင်းသားလေးဖြစ်သည်။
ဘိုးတော်မင်တရားကြီးက အလွန်ချစ်ယုံကြည်တော်မူပြီး မြစ်တော် စြင်္ကာမင်းလေးအား ညောင်းရမ်းမြို့ကို အပိုင်စားပေးတော်မူလိုက်၍ ညောင်ရမ်းမင်းသားတွင်ခဲ့သည်။ ညောင်ရမ်းမင်းသားလေးအတွက် မြပုခက်ဝယ်ရန် ငွေတော် ၈ သိန်းထုတ်ပေးပြိး ယိုဒယားကိုသွားရောက် ဝယ်ယူစေခဲ့တဲ့အထိ ဘိုးတော်မင်းတရားက ချစ်ရှာတော်မူသည်။ ခမည်းတော်ဘကြီးတော်မင်းက ဝမ်းကွဲနှမတော်မြတောင်မင်းသမီးလက်သို့ အပ်နှံစောင့်ရှောက်စေခဲ့သည်။ ငယ်နာမည်မှာ မောင်ဖေခင်ဖြစ်သည်။
သာယာဝတီမင်းသည် နောင်တောင် ဘကြီးတော်ထံမှ ထီးနန်းကိုလွှဲယူခဲ့ပြီး နောင်တော်အား မဟာသကျသီဟဘုရားအနီး အိမ်ဖြူတော်တွင်ထား၍ စောင့်ရှာက်ထားခဲ့သည်။ တူတော်ညောင်ရမ်းမင်းသားကိုလည်း သားတော်အရင်းကဲ့သို့ ချစ်မြတ်နိုးလှသဖြင့် သားတော်ကြီးများဖြစ်တဲ့ ပြည်မင်းသား ၊ ပခန်းမင်းသားတို့နှင့်တန်းတူ အခွင့်အရေးပေးကာ အဆောင်အယောင်များချီးမြှင့်သည့်အပြင် လက်နက်များလည်း အကုန်အစင်ပြန်၍ အပ်နှင်းခဲ့သည်။ ထိုသို့ချီးမြှင့်မြှောက်စားထားသော်လည်း ညောင်ရမ်းမင်းသား နှင့် အပေါင်းအပါများက ပုန်ကန်ရန်ကြံစည်ခဲ့သည်။
သာယာဝတီမင်းသည် သတင်းကြားကြားချင်း ညောင်ရမ်းမင်းသားအား ကြေးတိုက်အတွင်း အကျဉ်းချထားကာ ပါဝင်ပတ်သတ်သူအားလုံးကို တောင်ဥယျာဉ်တော်အတွင်း စစ်ဆေးမေးမြန်းတော်မူခဲ့သည်။ ထို့နောက်ပြစ်မှုထင်ရှားသဖြင့် ၁၈၃၈ခုနှစ် ဧပြီ ၁၅ ရက်နေ့တွင် ညောင်ရမ်းမင်းသား ၊ မြတောင်မင်းသမီး ၊ လက်ဝဲ၀င်းမှူး နှင့် အခြားအပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။ သာယာဝတီမင်းက ” ငါ့သားများနှင့် မခြား သူကောင်းပြုထားပါလျက် ပြုရက်လေခြင်း” ရယ် ဟုလည်းမိန့်တော်မူခဲ့သည်။
သို့သော် ပြည်သူများကတော့ ပုန်ကန်ထကြွတာတွေဘာတွေ နားမလည်ခဲ့။ သူတို့ချစ်တဲ့မင်းသားလေးကို သတ်ပစ်ရက်တယ် ဟူ၍သာ မင်းသားလေးအတွက် မခံမရပ်နိုင်အောင် သနားခဲ့ကြသည်။ ထုံးစံအတိုင်း ရွှေကြက်ယက် အနီး ရေတွင်ဖျောက်ဖျက်ခံရစဉ်က စကြာမင်းသား(ညောင်ရမ်းမင်းသား) မှာ အသက် ၂၆ နှစ်သာ ရှိသေးသည်။ ရေချခံရစဉ်က ကမ်းလုံးကျွတ် လိုက်ပါကြည့်ပြီး တိတ်တိတ် ကြိတ်ငိုသူများလည်း ငိုကြသည်။ အာဏာသားများက ရာဇဝတ်သားထည့်ထားသည့် ကတ္တီပါအိတ်ကို မပြီး ရေထဲပစ်ချလိုက်ကြသည်။
ထိုအချိန်မှာ ဖြူဖြူအခိုးအငွေ့တွေ သမ်းတက်လာပြီး ကတ္တီပါအိတ်ကို သယ်ဆောင်သွားကြောင်း မြင်ကြသူများကလည်း မြင်ကြသည်ဟု ဆိုသည်။ တချိန်တည်းမှာပင် ငလျှင်ပြင်းစွာလှုပ်၍ လေကြီးမိုးကြီး တိုက်ခတ်ကြောင်း သိရသည်။ ထိုမှစ၍ စကြာမင်းသားလေး မသေတော့ဘူး ဘိုဘိုးအောင် လာကယ်သွားပြီ တစ်နေ့ပြန်ရောက်လာလိမ့်မည် ပါးစပ်ရာဇဝင် သတင်းစကားများ ပျံ့နှံ့သွားတော့သည်။
“ဆင်ဖြူမသား ၊ ရေသို့လား
နဂါးလည်း ယူလတ္တံ
သိကြားလည်း ဆောင်လတ္တံ ” ဟူသော တဘောင်စကားလည်း ပေါ်ထွက်ခဲ့သည်။
ထိုအချိန်မှစ၍ သီပေါမင်းပါတော်မူပြီးသည့်တိုင်အောင် တစ်နေ့စကြာမင်းလေး ကုန်ဘောင်မင်းဆက်ကို ထူထောင်ရန်ပြန်လာလိမ့်မည်ဟု ယုံကြည်စွာ စောင့်မျှော်ခဲ့သူများလည်းရှိသည်။ ဂျာမနီ အာဏာရှင် ဟစ်တာလာ၏ နာဇီစြင်္ကာတံဆိပ်ကို မြင်ရချိန်တွင် မြန်မာတို့က စကြာမင်းပြန်တာတော့မည့် နိမိတ်ဟု ဆိုကြပြန်သည်။ တချို့ကလည်း စကြာမင်းအား ဘိုးဘိုးအောင် ကယ်တင်သွားသည်ဟူသော စကားကို ယုံခဲ့ကြပြီး အချို့ကလည်း မင်းကွန်းအရပ်ရှိ စကြာမင်းကောင်းမှုတော် မြသိန်းတန်စေတီတွင် မြင်းခံတော်မောင်ညိုမြင်တွေ့လိုက်သည့်အတိုင်း စကြာမင်းကလေးသည် ရွေလရောင်မြင်းကို စီးလျက် ရဇိတတောင်တန်းသို့ ထွက်သွားသည်ဟူသော စကားကို နှစ်ပေါင်းများစွာ ကြာသည်အထိ ပြောမဆုံးခဲ့ချေ။
ကျမ်းကိုး
စကြာမင်းနှင့် သာယာဝတီမင်း – ဒဂုန်ခင်ခင်လေး
ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ – တင်နိုင်တိုး
မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့်