မြစ်ပေါ်က နေအခြားမြစ်တစ်ခု ကန့်လတ်ဖြတ်သွားဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီပုံစံလိုပဲ နည်းပညာနဲ့ ဖန်တီးထားတဲ့ တံတားတစ်ခုကတော့ ဂျာမနီနိုင်ငံ မှာတည်ရှိနေပါတယ်။ Magdeburg ရေတံတားလို့ နာမည်ကြီးတဲ့ ဒီတံတားဟာ Magdeburg မြို့အနီးမှာတည်ရှိနေပြီး ရေသွယ်တံတား (aqueduct ) အမျိုးအစားဖြစ်ပါတယ်။
ဒီရေတံတားကို ဆောက်လုပ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဒီလိုပါ။ Elbe Havel တူးမြောင်းဟာ ဂျာမနီအရှေ့ဘက် နဲ့ အနောက်ဘက်ကို ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး သင်္ဘောများအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး Elbe မြစ်နဲ့ Havel မြစ်တို့ကို ချိတ်ဆက်ပေးထားပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာ တူးမြောင်းဟာ မြစ်ရေထက် ရေမျက်နှာပြင်များစွာ ကွာခြားနေတာကြောင့် ရေ level ချင်းအတူတူဖြစ်တဲ့နေရာရောက်ဖို့ အထိ သင်္ဘောများဟာ အချိန်အတော်ကြာ ကွေ့ပတ်သွားရပါတယ်။
ဒီပြသနာကို ဖြေရှင်းဖို့အတွက် Magdeburg ရေတံတားကို Elbe Havel တူးမြောင်း နဲ့ Mittelland တူးမြောင်းနှစ်ခုကို ဆက်သွယ်ပေးတဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီတံတားတည်ဆောက်လိုက်တဲ့အတွက် မူလလမ်းကြောင်းထက်စာရင် ခရီးအကွာအဝေး ၇မိုင်ခွဲခန့် ပိုတိုသွားပြီး သင်္ဘောများအတွက် အချိန်နဲ့ လောင်စာဆီကုန်ကျမှုကို များစွာ သက်သာသွားစေပါတယ်။
ဒီတံတားကို ၂၀ရာစု အစောပိုင်းကာလ ကတည်းက တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ် နဲ့ စစ်အေးတိုက်ပွဲများကြောင့် တည်ဆောက်ခြင်း မပြုနိုင်ခဲ့ပါဘူး။ အရှေ့နဲ့ အနောက်ဂျာမနီတို့ ပြန်လည်ပူးပေါင်းပြီးတဲ့နောက် ၁၉၉၇ခုနှစ်မှ ဒီတံတားကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။
အရှည်အားဖြင့်တော့ ဒီရေတံတားရဲ့ အရှည်ဟာ ၃၀၁၂ပေ ရှိပြီး အကျယ်ကတော့ ၁၁၂ပေ ရှိပါတယ်။ ရေအနက်ကတော့ ၁၃.၉ပေ အထိ နက်ပါတယ်။ တံတားမှာ သင်္ဘောများသွားနိုင်ဖို့အပြင် လူလျှောက်လမ်း နဲ့ စက်ဘီးစီးလမ်းတွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဒီတံတားတည်ဆောက်ရာမှာ စတီးတန်ပေါင်း ၂၄၀၀၀ ခန့် နဲ့ ကွန်ကရစ် ကုဗမီတာပေါင်း ၆၈၀၀၀၀ ခန့် အသုံးပြုတည်ဆောက်ခဲ့ရပါတယ်။ တည်ဆောက်မှုကြာချိန် ၆နှစ်ဖြစ်ပြီး တံတားတည်ဆောက်မှုရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကတော့ ယူရို ၅၀၁ သန်းဖြစ်ပါတယ်။
Elbe Havel တူးမြောင်း နဲ့ Mittelland တူးမြောင်းတို့ဟာ ရေအမြင့်ခြင်း မတူညီတာကြောင့် ဒီတံတားကနေဖြတ်ပြီး Elbe တူးမြောင်းကိုသွားတဲ့အခါမှာ အတင်အချလုပ်ပေးဖို့အတွက် Rothensee boat lift ကိုအသုံးပြုပြီး Mitteland ကိုသွားတဲ့အခါမှာတော့ Nigeripp Lock ကို အသုံးပြုရမှာဖြစ်ပါတယ်။
VIDEO