ရေးသားသူ – Ko Kyaw Min Aung
ရှေးခေတ်ရောမရဲ့အင်ဂျင်နီယာစွမ်းပကား အကြောင်းမပြောခင် တခေတ်တခါက ကမ္ဘာမှာ အရှည်ကြာဆုံး စူပါပါဝါဖြစ်ခဲ့တဲ့ ရောမရဲ့သမိုင်းကြောင်း အကျဉ်းမျှ တင်ပြပါရစေ။
ရောမ ကို ဘီစီ ၇၅၃ မှာရိုမြူလပ် (Romulus) က စတည်ခဲ့ပါတယ်။ အိန္ဒိယမှာ ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း၂၀၀ လောက်က ရောမကိုစတည်ခဲ့တယ်လို့ အကြမ်းအားဖြင့် မှတ်လို့ရပါတယ်။ ဘီစီ ၅၀၉ မှာလူထုကရွေးကောက်တင်မြှောက်တဲ့အစိုးရကအုပ်ချုပ်တဲ့ သမ္မတနိုင်ငံဖြစ်လာပါတယ်။ (အဲဒါနဲ့တချိန်တည်းလောက်မှာ မဇ္ဈိမဒေသ ဝဇ္ဇီတိုင်းမှာလည်း လွှတ်တော်ကအုပ်ချုပ်တဲ့ နိုင်ငံတခုရှိပါတယ်)
ဘီစီသုံးရာစုလောက်အထိ ရောမရဲ့သြဇာဟာ အီတလီကျွန်းဆွယ် အတွင်းမှာပဲရှိနေပါသေးတယ်။ ဘီစီ ၂၆၄-၁၄၆ အတွင်း ကာသေ့တွေနဲ့ ဖြစ်ပွားတဲ့ ပြူးနစ်စစ်ပွဲတွေအပြီးမှာ စပိန်နဲ့ အာဖရိကကမ်းခြေဒေသတွေအထိ ရောမရဲ့သြဇာအာဏာသက်ရောက်လာပါတယ်။ ဂျူးလိယက်ဆီဇာ လက်ထက်မှာ သမ္မတနိုင်ငံကနေ အာဏာရှင်ဧကရာဇ်နိုင်ငံပြောင်းဖို့ကြိုးစားလာတဲ့အတွက် ဘီစီ ၄၄ မှာ ဆီဇာလုပ်ကြံခံရပါတယ်။
အဲဒီနောက်ပြည်တွင်းစစ်တွေ အတောမသတ် ဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာအနိုင်ရခဲ့သူကတော့ ဂျူးလိယက်ဆီဇာရဲ့မွေးစားသား အိုတေးဗီးယပ် (Octavian) ပဲဖြစ်ပါတယ်။ သူက ဘီစီ ၂၇ မှာ သြဂတ်စတတ် (Augustus) နာမည်နဲ့ ရောမဧကရာဇ်အဖြစ် ခံယူပါတယ်။ ဒါဟာ သမ္မတနိုင်ငံခေတ်ရဲ့နိဂုံးဖြစ်ပြီး အင်ပါယာခေတ်ရဲ့အစဖြစ်ပါတယ်။
အဲဒီအချိန်ကနေ နောင်နှစ်ပေါင်းနှစ်ရာတိုင်အောင် အလွန်စည်ပင်ဝပြောတဲ့ကာလတခုဖြစ်ခဲ့ပါတယ်။ အေဒီ၁၀၀ လောက်မှာ ရောမအင်ပါယာရဲ့နယ်နမိတ်ဟာ အကျယ်ပြန့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေ့ခေတ်အီတလီ၊ ဂရိ၊ ဘူဂေးရီးယား၊ တူရကီ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူကီ၊အင်္ဂလန်စတဲ့ ဥရောပနိုင်ငံတွေ၊ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ အယ်ဂျီးရီးယားစတဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံတွေနဲ့ ဆီးရီးယား၊ အစ္စရေး၊ ဂျော်ဒန်၊အီရတ်၊လက်ဘနွန်စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ပိုင်နက်တွေပါဝင်ပြီး စတုရန်းမိုင်နှစ်သန်း လောက်ကျယ်ပါတယ်။ အင်ပါယာတဝှမ်းမှာ နေထိုင်သူူူ လူဦးရေ သန်း၅၀ခန့်ရှိလိမ့်မယ် လို့ ခန့်မှန်းကြပါတယ်။
ရောမအင်ပါယာဟာ အေဒီ ၄၇၆အထိ နှစ်ပေါင်း ၅၀၀ လောက်တည်တန့်ခဲ့ပြီး ကမ္ဘာမှာအရှည်ကြာဆုံးနဲ့အရှိန်အဝါအကြီးဆုံးအင်ပါယာတခုဖြစ်ခဲ့ပါတယ်။ အင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ရောမ မှာတော့နေထိုင်သူ ၁သန်းခန့် ရှိပါတယ်။ ရောမမြို့ ဟာလည်း နှစ်ပေါင်း ၅၀၀ ကြာအောင် ကမ္ဘာမှာပြိုင်ဖက်ကင်း မြို့တော်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲလိုဖြစ်ဖို့အတွက်လည်းရောမသားတွေဟာသူမတူတဲ့စနစ်ကောင်းတွေ၊အတတ်ပညာတွေနဲ့ အဖက်ဖက်ကကြိုးစားအားထုတ်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ရောမဧကရာဇ်တွေဟာ အင်ဂျင်နီယာအတတ်ပညာကို သူတို့ရဲ့ဘုန်းတန်ခိုးပြဖို့လောက်အတွက်သာမဟုတ်ပဲ ပြည်သူတွေရဲ့ လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ(Infrastructure)တွေ ဆောက်လုပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့သူတွေဖြစ်ပါတယ်။ အဲဒါက ယခင်အီဂျစ်ဘုရင်တွေနဲ့ ကွာခြားချက်တစ်ခုပါ။
ရောမ ရေသွယ်စနစ်
Roman Aqueducts
ရောမသားတွေဟာ သောက်သုံးရေကို အဝေးမှာရှိတဲ့ စမ်းချောင်းတွေ ရေကန်တွေကနေ ရောမမြို့ဆီသွယ်တန်းရယူပါတယ်။ Aqueductလို့ခေါ်တဲ့ရေတံတားတွေ။ ကွန်ကရစ်ရေသွယ်မြောင်းတွေ၊ ပိုက်တွေနဲ့ အဆင့်ဆင့် လိုချင်တဲ့နေရာ ရောက်သည်အထိသွယ်ယူပါတယ်။
တောင်ကုန်းတွေခံနေတဲ့အခါ ဥမင်တွေ ဖောက်ပြီး ချိုင့်ဝှမ်းနေရာတွေမှာတော့ ရေသွယ်တံတားတွေဆောက်ရပါတယ်။ Aqueduct တွေဟာ ရောမအင်ပါယာထဲမှာပါခဲ့တဲ့ ဥရောပ အနောက်ပိုင်းနိုင်ငံတွေမှာ အထင်ကရရှေးဟောင်း အမွေအနှစ်အဖြစ် ယနေ့ခေတ်အထိ ကျန်ရှိနေပါသေးတယ်။ နှစ်ပေါင်းငါးရာအတွင်း ရောမအင်ပါယာ တစ်ခုလုံးမှာ Conduit ခေါ်ပင်မရေပိုက်လိုင်းတွေ၊ Aqueduct ခေါ်ရေသွယ်တံတားတွေ မိုင်ပေါင်း ၂၅၀ကျော် ဆောက်လုပ်ခဲ့ကြပါတယ်။
ရေသွယ်ယူတဲ့နေရာမှာ ချိုင့်ဝှမ်းတွေကို ဖြတ်ရတဲ့အခါ တံတားထိုးဖို့အဆင်မပြေရင် ဆိုင်ဖွန်ပြောင်းပြန်နည်းနဲ့ သွယ်ယူပါတယ်။ မြေကြီးအောက်မှာမြူပ်ထားတဲ့ ရေပိုက်တွေကမြေကြီးအောက် ၃ပေအနက်လောက်မှာရှိပါတယ်။ ပိုက်တွေကို အုတ် ဒါမှမဟုတ် ကွန်ကရစ် နဲ့ ပြုလုပ်ပါတယ်။ ပိုက်တွေဟာ အောက်ခြေကပြားပြီး အမိုးခုံးပုံစံဖြတ်ပိုင်းပုံရှိပါတယ်၊ ပိုက် ပျက်စီးပိတ်ဆို့တာတွေကို စစ်ဆေးနိုင်ဖို့ အကွာအဝေးတခုစီမှာ Man hole လူဝင်ပေါက်တွေရှိပါတယ်။ Man hole ပေါက်တွေကို အမိုး Slab ပြားတွေနဲ့ ဖုံးအုပ် ထားပါတယ်။
ရေသွယ်မြောင်းတွေ၊ ရေပိုက်တွေ ရေဖိအားကြောင့် တိုက်စားပျက်စီးခံရတာနည်းစေဖို့ ရေပိုက်ရဲ့လျှောစောက်(gradient)ကို နည်းနိုင်သမျှ နည်းထားတာတွေ့ရပါတယ်။ ရေပိုက်အများစုမှာ မီတာ ၄၈၀၀ အရှည်မှာ အနိမ့်အမြင့်ခြားနားခြင်း ၁မီတာပဲ ရှိပါတယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်း ဂါဒွန်မြစ်ပေါ် ဖြတ်သန်းသွယ်ထားတဲ့ Pont du Gard လို့ ခေါ်တဲ့ ရေသွယ်တံတားဟာ ရောမအင်ပါယာခေတ် အေဒီတစ်ရာစုလောက်က ထုံးလချေးကျောက်နဲ့ ဆောက်ခဲ့တာ ဖြစ်ပါတယ်။၆တန်လောက်အထိ အလေးချိန်ရှိတဲ့ ကျောက်တုံးတွေကို သရိုးမပါပဲဆက်စပ် တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုံးနေရာတွေကို တည်ဆောက်ထားပုံက အလွန်စေ့စပ်သေချာပြီး အထင်ကြီးစရာပါ။
တံတားအရှည်က ပေ၁၀၀၀ရှိပြီး အဆင့်သုံးဆင့်တည်ဆောက်ထားကာ စုစုပေါင်းအမြင့် ပေ၁၆၀ရှိပါတယ်။ တံတားပေါ်က ရေသွယ်မြောင်းကအကျယ် ၄ ပေနဲ့ အမြင့်၆ပေရှိပါတယ်။ ၃၁မိုင် အရှည်ရှိတဲ့ အဲဒီရေပေးဝေတဲ့ပိုက်လိုင်းဟာ Nimes မြို့အရောက်မှာ မူလရေဝေနေရာထက် ၄၁ပေပဲ နိမ့်ပါတယ်။ ရေပိုက်လိုင်းတလျှောက်အဆိုင်း (gradient) က သုံးမိုင်မှာ လေးပေလောက်ပဲရှိပါတယ်။ ဒီတံတားကို ဖြတ်သွယ်ထားတဲ့ ရေပိုက်လိုင်းက ရောမကိုလိုနီ Nimesမြို့ကိုတစ်နေ့ ရေ ဂါလံ ၈သန်းကျော်ထောက်ပံ့ပေးပါတယ်။
မိုင်ပေါင်းများစွာရှည်တဲ့ရေပိုက်လိုင်းတွေကို gradient နည်းနည်းနဲ့ level မှန်ကန်အောင်လုပ်သွားနိုင်တာက ရောမသားတွေရဲ့ အံ့မခန်း အင်ဂျင်နီယာစွမ်းရည်ကိုဖော်ပြနေပါတယ်။
ရောမကိုသွယ် ထားတဲ့ရေပိုက်ကြီးတွေက တခုတည်းမဟုတ်ပါဘူး။ ရေရရှိရာ နေရာမျိုးစုံကနေ ပိုက်များစွာသွယ်ထားတာပါ။ ရေရဲ့အရည်အသွေးကိုလိုက်ပြီး သောက်ရေအဖြစ်သုံးဖို့ ၊ ရေချိုးကန်တွေ အိမ်သာတွေအတွက် သုံးဖို့ သီးခြားစီ ပိုက်လိုင်းတွေ ခွဲခြားသွယ်တန်းထားပါတယ်။ ရောမမြို့ဆီ အဲဒီပိုက်တွေကနေ ရေဂါလံသန်းသုံးရာလောက်ကို နေ့စဉ် ပို့ပေးပါတယ်တဲ့။ (ရန်ကုန်မြို့ကို ဒီနေ့ရေထောက်ပ့ံ့နေတဲ့နူန်းထက် များမယ်ထင်တယ်။)
ရောမမြို့ကရေပန်းတွေက ၂၄နာရီ ပန်းထွက်နေကြပါတယ်။ ရေချိုးခန်းတွေ၊ အိမ်တွေလည်းတနေ့ပတ်လုံး ရေမပြတ်ရနေပါတယ်။ ရေကို ဇက်ကြိုးချုပ်ကိုင်တွယ်နိုင်ခြင်းက တခြားနိုင်ငံတွေကို ဖိန့်သွားစေနိုင်တဲ့ ရောမအင်ပါယာရဲ့ တန်ခိုးပါဝါတခုလို့ ရောမဧကရာဇ်တွေက အစဉ်အဆက် ယူဆကြပါတယ်။
အဲ့ဒီအတွက်လည်း သူတွေဟာ နည်းပညာ၊ လုပ်အား၊ အချိန်မြောက်မြားစွာ ရင်းနှီးပြီး ရေသွယ်ဖို့အခြေခံအဆောက်အဦးတွေဖြစ်တဲ့ Aqueduct တွေကို ရောမအင်ပါယာတနံတလျားမှာ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ရေရဲ့စွမ်းအင်ကို အလိုရှိသလို အသုံးချနိုင်အောင်လည်းအမြဲ ကြံဆောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ရေအားကိုအသုံးပြုပြီး သီးနှံကြိတ်ခွဲစက်တွေ တီထွင်တာ၊ ရေအားကို သတ္တုတူးဖော်တဲ့လုပ်ငန်းမှာ အသုံးပြုတာတွေ ပါပါတယ်။
ရောမ မိလ္လာစွန့်စနစ်
Roman Sewers
ရောမမှာ အဆင့်အတန်းမြင့်တဲ့ ရေဆိုးစွန့်ထုတ်စနစ် တစ်ခုရှိခဲ့ပါတယ်။ ဂျူးလိယက်ဆီဇာ မတိုင်ခင် နှစ်ပေါင်း ၅၀၀လောက်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။ အစကတော့ မိလ္လာစွန့်ပစ်ဖို့ထက် ရေကြီးရေလျှံဖြစ်တာကို ကာကွယ်ဖို့ မိုးရေတွေစွန့်ထုတ်ဖို့ပဲ ရည်ရွယ်လုပ်ခဲ့တာပါ။
လမ်းဘေးရေမြောင်းတွေကနေ ရေကိုစုယူပြီးနောက်ဆုံးမြစ်ထဲစွန့်ပစ်မယ့် Cloaca Maxima လို့ခေါ်တဲ့ရေမြောင်းကြီးတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့အဲဒီရေမြောင်းကြီးတွေကို အဖုံးဖုံး အလုံပိတ်ပြီး အဓိကမိလ္လာစွန့်ထုတ်ပိုက်ကြီးတွေအဖြစ် အသွင်ပြောင်းခဲ့ကြတယ်။
ရောမမှာလူနေထူထပ်လာပြီး မိလ္လာအညစ်အကြေးတွေက လူတွေသောက်သုံးတဲ့ရေထဲရောက်ပြီးရောဂါဘယတွေဖြစ်ပွားလာကြတဲ့အတွက် မိလ္လာတွေကိုပါ မြို့နဲ့ဝေးရာကိုစွန့်ထုတ်ဖို့ကြံစည်လုပ်ဆောင်လာခဲ့ပါတယ်။ အများပြည်သူသုံးအိမ်သာတွေ၊ ရေချိုးခန်းတွေဟာ ရောမရဲ့နေ့စဉ်လူမူဘဝမှာ အတော်လေးအရေးပါ ပါတယ်။
အများအားဖြင့်ရေချိုးကန်တွေ၊ အိမ်သာတွေကို မိလ္လာပိုက်ကြီးတွေရဲ့အပေါ်မှာဆောက်ထားလေ့ရှိပါတယ်။မိလ္လာပိုက်တွေကို အုတ်၊ အင်္ဂတေတွေနဲ့လုပ်လေ့ရှိပါတယ်။ လူနေအိမ်တွေ၊ အိမ်သာတွေက ထွက်လာတဲ့ ရေဆိုးတွေဟာ Cloaca Maxima လို့ ခေါ်တဲ့ ပင်မမိလ္လာပိုက်ကြီးဆီရောက်ပြီး အဲဒီကမှ တစ်ဆင့်မြစ်ထဲစွန့်ပါတယ်။
ရောမအင်္ဂတေနဲ့ဗိသုကာပညာ
Roman Concrete and Architecture
ကွန်ကရစ်ကို စတင်အသုံးပြုခဲ့သူတွေဟာလည်း ရောမသားတွေပဲဖြစ်ပါတယ်။ ရောမသားတွေဟာ ပိုဇိုလန် လို့ခေါ်တဲ့မီးတောင်ချော်ပြာကို သဲ၊ ကျောက်၊ ထုံးတို့နဲ့ရောစပ်ပြီး ကွန်ကရစ်ကို ပြုလုပ်ပါတယ်။ ရောမခေတ်က ကွန်ကရစ်က အခုခေတ်ကွန်ကရစ်လောက် ကောင်းပါ့မလားလို့ သံသယရှိစရာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် နှစ်ထောင်လောက်က ရောမအင်ပါယာတနံတလျားမှာ ဆောက်ခဲ့တဲ့ အဆောက်အဦတွေများစွာ ဒီနေ့အထိရှိနေပါသေးတယ်။
ပြင်သစ်တောင်ပိုင်း Nimes မြို့မှာရှိတဲ့ Maison Carree လို့ခေါ်တဲ့ ရောမဘုရားကျောင်းတော်ကြီးဟာ သက်တမ်းနှစ် ၂၀၀၀ ရှိပါပြီ။ ရောမမြို့က ပန်သီယွန်ကျောင်းတော်ကြီး ဆိုရင် အေဒီ ၁၁၈ ကနေ ၁၂၈အတွင်းမှာဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်း နှစ် ၂၀၀၀ နီးပါးရှိပါပြီ။ ဒီနေ့အထိတည်တံ့နေတုန်းပါ။ ဘုရားကျောင်းအဖြစ် အသုံးပြုနေဆဲပါ။ ရောမသားတွေရဲ့အံ့မခန်းတဲ့ ဗိသုကာလက်ရာကို ဖော်ပြနေတာကတော့ ပန်သီယွန်ကျောင်းတော်က အမိုးခုံးဝိုင်းကြီးပါ။
ဒီအမိုးခုံးဝိုင်းကြီးဟာ အချင်း၁၄၂ပေ ရှိပြီး ကမ္ဘာမှာ သံမကူပဲ ကွန်ကရစ်သက်သက်နဲ့ ဆောက်တဲ့အမိုးခုံးဝိုင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ထူးခြားချက်က ကြမ်းပြင်ကနေ ဒီအမိုးခုံးဝိုင်းကြီးရဲ့ ခေါင်အလည်တည့်တည့် အမြင့်ကလည်း၁၄၂ပေ ပဲဖြစ်ပါတယ်။ ရောမသားတွေဟာ အဆောက်အဦးတည်ဆောက်ရာမှာ ကွန်ကရစ် နဲ့ အခုံးပုံစံတွေရဲ့ အားသာချက်တွေကို ကောင်းကောင်းအသုံးချခဲ့တာ တွေ့ရပါတယ်။
စစ်ရထားပြိုင်ပွဲများကျင်းပရာ ရောမမြို့လယ်ရှိ Circus Maximus ကိုတော့ ဘီစီ၆ရာစုမှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ မူလက သစ်သားနဲ့ ဆောက်လုပ်ခဲ့တာကို ဧကရာဇ်ထရာဂျန်(Trajan) က ကွန်ကရစ်ဖြင့်အဆင့်မြှင့်ခဲ့ပါတယ်။ အလျား ပေ၂၀၀၀ အနံပေ၇၀၀ ရှိပြီး ပွဲကြည့်ပရိသတ် နှစ်သိန်းခွဲဆန့်ပါတယ်။ ဒီနေ့ခေတ်မှာ မြက်ခင်းတခုအနေလောက်ပဲတွေ့ရတော့တဲ့ Circus Maximus ဟာ တချိန်တုန်းက ရောမမြို့ရဲ့ အထင်ကရ ဗိသုကာလက်ရာတစ်ခု ဖြစ်ခဲ့မှာပါ။
Colosseum လို့ခေါ်တဲ့ ခန်းမကြီးကို ကိုအေဒီ ၇၂ မှာ ရောမဧကရာဇ် Vespasian ကဆောက်လုပ်ခဲ့ပါတယ်။ အီလစ်ပုံစံဖြစ်ပြီး အကျယ်ဆုံးနေရာမှာ ပေ၆၀၀နဲ့ အကျဉ်းဆုံးနေရာမှာ ပေ ၅၀၀ ရှိပါတယ်။ အမြင့်ကပေ၁၆၀ ရှိပြီးအထပ်လေးထပ်ရှိပါတယ်။ ပရိသတ် ၅သောင်းဆန့်ပါတယ်။ ဒီခန်းမကြီးမှာအဓိက အားဖြင့် ယှဉ်ပြိုင်သတ်ဖြတ်ပွဲတွေ၊ သေဒဏ်ချမှတ်ခံရသူတွေကို စီရင်တာတွေပြုလုပ်ပါတယ်။
ရောမကွန်ကရစ်နဲ့ဆောက်လုပ်ခဲ့တဲ့ ဆိပ်ခံတံတားအောက်ခံတိုင်ကြီးတွေကို လည်း ဒီနေ့အထိအကောင်းအတိုင်း ရှိနေတာတွေ့ရမှာပါ။ ဒီနေ့ခေတ်ကွန်ကရစ်နဲ့ဆောက်တဲ့ ပင်လယ်ဆိပ်ခံတံတားက နှစ်ပေါင်းငါးဆယ် လောက်သာအာမခံနိုင်ပါတယ်။ ရောမတွေအသုံးပြုတဲ့ကွန်ကရစ်ဟာ ပင်လယ်ဆားငံရည်ကို ကောင်းကောင်းခံနိုင်တာတွေ့ပါတယ်။ ဒါပြင့် အခုခေတ်ကွန်ကရိ ထက်တောင်မှပိုပြီးတာရှည်ခံတာကိုလည်း အံ့အားသင့်ဖွယ်တွေ့ရပါတယ်။
(ရောမလမ်းစနစ်)
Roman road system
ရှေးခေတ်ရောမအင်ပါယာအကြောင်း ပြောမယ်ဆိုရင် သူတို့ရဲ့လမ်းစနစ်တွေ အကြောင်းချန်လှပ်ထားရင် ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ရောမအင်ပါယာကြီး နှစ်ရာပေါင်းများစွာ တည်တန့့်ခိုင်မြဲတန်ခိုးထွားနိုင်စေဖို့အတွက် သူတို့ဖောက်လုပ်ခဲ့တဲ့လမ်းတွေက အဓိက အခန်းကပါဝင်နေခဲ့ပါတယ်။ Viae လို့ခေါ်တဲ့ hiway လမ်းတွေဟာ ရောမမြို့ကနေ အဖက်ဖက်ကိုဖြာထွက်နေပြီး ရောမစစ်ယန္တရားအတွက် အသက်သွေးကြောသဖွယ်အရေးပါလှပါတယ်။
ဒီလမ်းတွေကိုအသုံးပြုပြီး ရောမစစ်တပ်တွေဟာ အင်ပါယာတနံတလျား ယူဖရေတီးမြစ်ဝှမ်းကနေ အတ္တလန္တိတ်သမုဒ္ဒရာအထိ လွယ်ကူလျင်မြန်စွာ ရွေ့လျားစစ်ကစားနိုင်တဲ့အတွက် ရောမအင်ပါယာရဲ့အာဏာစက်ကို လက်အောက်ခံနယ်မြေတွေအပေါ်မှာ ကြာရှည်လေးမြင့်စွာ တည်ရှိနေစေနိုင်ခဲ့ပါတယ်။
၂၇ဘီစီ ကစပြီး အေဒီ၄၇၆ အထိ မြေထဲပင်လယ်ကို အလယ်မှာထားပြီး အာရှ၊ ဥရောပ၊ အာဖရိကတိုက် သုံးတိုက်ကိုခွပြီး နှစ်ပေါင်း ငါးရာကျော်ကြာတည်တံ့ခဲ့တဲ့ ရောမအင်ပါယာခေတ် သက်တမ်းတလျှောက်မှာ ရောမသားတွေဟာ လမ်းကီလိုမီတာ ၄သိန်းကျော်ဖောက်လုပ်ခဲ့ကြပါတယ်။
အဲဒီထဲက ကီလိုမီတာရှစ်သောင်းကျော်ဟာ အကျအနခင်းထားတဲ့ ကျောက်ခင်းလမ်းများဖြစ်ကြပါတယ်။အောက်ခံ foundation ကို အသေအချာလုပ်ထားတဲ့ အတွက်တချို့လမ်းတွေဟာအခုခေတ်အထိဆက်လက် အသုံးတော်ခံနေဆြဲဖစ်ပါတယ်။
အီတလီအရှေ့တောင်ပိုင်းမှာရှိတဲ့ Apian way ဆို ရောမသမ္မတနိုင်ငံခေတ် ဘီစီ၄ရာစု လောက်က ဖောက်လုပ်ခဲ့တာဖြစ်ပြီး တချို့လမ်းအစိတ်အပိုင်းတွေကို ယခုတိုင်တွေ့ နိုင်ပါသေးတယ်။ ရောမအင်ပါယာခေတ်လမ်းတွေရဲ့ထူးခြားတဲ့ဝိသေသတွေက ဖြောင့်တန်းမူရှိခြင်း၊လမ်းမျက်နှာပြင်အခုံးထားရှိပြီး လမ်းဘေးတဖက်တချက်မှာရေမြောင်းပါရှိခြင်းတို့ဖြစ်ပါတယ်။ လမ်းအူကြောင်းရွေးပြီးပြီဆိုတာနဲ့ မြေအနက်သုံးပေလောက်အထိ တူးထုတ်ပစ်လိုက်ပြီး ပထမဆုံးမြေဖို့သဲကြပ်ပြီးသိပ်သည်းအောင်လုပ်ပါတယ်။
အဲဒီနောက်မှာတော့ကျောက်တုံးကြီးတွေစီခင်းပါတယ်။ ပြီးတဲ့အခါ ကျောက်တွေကိုထုံးသရွတ်တွေနဲ့ရောပြီး တစ်လွှာချင်းစီ စီခင်းပါတယ်။အပေါ်ဆုံးလွှာကိုတော့ကျောက်ပြားတွေကို ပိုဇိုလန်ဘိလပ်မြေသရွတ်နဲ့တွဲပြီး ညီညီညာညာလုပ်လေ့ရှိပါတယ်။ မြင်းရှစ်ကောင်ကတဲ့ ဝန်တင်လှည်းတွေရဲ့အလေးချိန်ကို ကောင်းကောင်းခံနိုင်အောင် ခင်းထားတာဖြစ်ပါတယ်။ လမ်းတလျှောက်မှာ လမ်းအကွာအဝေးပြမိုင်တိုင်တွေလည်း ထားရှိပြီး မိုင်တိုင်တွေမှာလက်ရှိနေရာနဲ့ ရောမမြိုနဲ့ အကွာအဝေးကို ဖော်ပြလေ့ရှိပါတယ်တဲ့။
ရောမခေတ်တံတားများ
Roman Bridge
ရောမအင်ပါယာခေတ်မှာ လမ်းတွေနဲ့အတူ တံတားပေါင်းများစွာလည်း ဆောက်ခဲ့ကြပါတယ်။ ရောမတံတားတွေရဲ့ထူးခြားချက်တွေကတော့ အများအားဖြင့်ကျောက်စီအမိုးခုံးတံတားများဖြစ်ခြင်း၊ ကျောက်စီရာမှာ အလျား အနံတလွှာစီ စီတဲ့ Header and Stretcher bond ကိုအသုံးပြုထားခြင်း၊ တံတားအကျယ် ၁၅ပေ ရှိခြင်း၊ ဆင်ခြေလျောထားရှိခြင်း၊ အုတ်တလုံးနဲ့ တလုံး ခိုမြီးဆက် ဆက်ထားခြင်း တို့ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ တည်ရှိတဲ့ Tagus မြစ်ကိုဖြတ်ဆောက်ထားတဲ့ Alcantara တံတားဟာ အေဒီ ၁၀၄ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ကျောက်စီခုံးတံတားဖြစ်ပြီး ယနေ့အထိ တည်ရှိနေပါသေးတယ်။ တံတားအရှည် ပေ၆၀၀ ရှိပြီး ခန်းဖွင့်၆ခု ပါရှိပါတယ်။ အရှည်ဆုံးခန်းဖွင့်က ပေ၁၀၀ ရှိပါတယ်။ တံတားရေလယ်တိုင်မှာ တံတားတည်ဆောက်တဲ့ ကမ္ဗည်းစာကိုရေးထိုးထားပါတယ်။ ကမ္ဗည်းစာမှာ ဒေသဆိုင်ရာမြူ နီစီပယ်အဖွဲ့တွေက တံတားကိုတာဝန်ယူဆောက်လုပ်ခဲ့တဲ့ အကြောင်းနဲ့ တံတားရဲ့ဒီဇိုင်းနာနာမည်ကိုဖော်ပြထားပါတယ်။
မြစ်ကိုဖြတ်ပြီးတံတားထိုးရတဲ့အခါ ရေလယ်တိုင်တွေလုပ်ရပါတယ်။ ရောမသားတွေဟာ မြစ်အောက်ခြေကြမ်းပြင်ကမာပြီး ကျောက်သားရှိရင် အဲဒီပေါ်မှာပဲအောက်ခံခုံလုံး (foundation) လုပ်လေ့ရှိပါတယ်။ မြေပျော့တဲ့နေရာတွေမှာ ဆိုရင်တော့ ပတ်ပတ်လည်သစ်သားပိုင်တိုင်တွေ စိပ်စိပ်ရိုက်၊ရွှံ့ တွေမံပြီးယာယီရေတားတမံ(Coffer Dam)လုပ်ပါတယ်။ ပြီးမှအထဲက မြေကြီးတူးထုတ်ပြီး ကွန်ကရစ်လောင်းပါတယ်။ Coeffer dam ထဲ ကွန်ကရစ်လောင်းထည့်ပြီး လုပ်ထားတဲ့ခုံလုံးပုံစံနဲ့ တံတားတွေထဲမှာ ဒီနေ့တွေ့မြင်နေရတဲ့ ရောမမြို့ အနီး တိုင်ဘာမြစ်ဖြတ်တံတားက နှစ်ပေါင်း၁၈၀၀ ကျော်ပါပြီ။
ရောမခေတ်မှာ ဥရောပအနောက်ပိုင်းက ဒင်းညုမြစ်၊ ရိုင်းမြစ် စတဲ့မြစ်ကြီးတွေကို ဖြတ်တဲ့တံတားတွေလည်း တည်ဆောက်ခဲ့ကြပါတယ်။ အေဒီ ၁၀၃ ခုနှစ် ဧကရာဇ် Trajan လက်ထက်တည်ဆောက်ခဲ့တဲ့ ရိုင်းမြစ်ဖြတ်တံတားဟာ ၃၂၇၄ပေ ရှည်ပါတယ်။ အုတ်ခုံလုံးတံတားအောက်ခံတိုင်ပေါင်း ၂၀ ပါဝင် ပါတယ်။ ရေပြင်အထက် ၆၂ပေ မြင့်ပါတယ်။ အပေါ်ပိုင်း တံတားကိုယ်ထည်ကိုတော့သစ်သား ဖြင့်တည်ဆောက်ထားပါတယ်။ ဒါပေမယ့်သူ့နောက်ဆက်ခံတဲ့ ဘုရင်ကမြောက်ပိုင်းကလူရိုင်းတွေတံတားကိုဖြတ်ကျော် ပြီးလာတိုက်မှာ စိုးရိမ်တဲ့အတွက် တံတားရဲ့သစ်သားကိုယ်ထည်တခုလုံးကိုဖြိုချလိုက်ပါတယ်။ အောက်ခံခုံလုံးတွေကိုတော့ ယနေ့အထိတွေ့နိုင်ပါသေးတယ်။
နိဂုံး
ဖြစ်တည်ခြင်း မှန်သမျှသည် လောကဓမ္မတာ တရားသဘောအတိုင်း နောက်ဆုံးတော့ ပျက်သုဉ်းခြင်းနဲ့ပဲ နိဂုံးချုပ်ရသည်သာ။ သမိုင်းမှာအရှည်ကြာဆုံး ပြိုင်ဖက်ကင်းခဲ့တဲ့ အင်ပါယာကြီးလည်း အနိစ္စတရားသဘောမှ ချွင်းချက်မဟုတ်ပေ။ ပျက်စီးရတော့မည်အချိန်ကို ရောက်လာတော့ အရာအားလုံးက ပျက်စီးခြင်းကိုပဲဦးတည်လာတော့သည်။ အတွင်းဖက်က လိူက်စားလာသလို၊ အပြင်ဖက်ကလည်း ရန်အသွယ်သွယ်ပေါ်လာသည်။ ယဉ်ကျေးမူနိမ့်တဲ့ လူမျိုးစုတွေက ရောမအင်ပါယာရဲ့မြောက်ဖက် နယ်နမိတ်တွေကို နှစ်ပေါင်းများစွာ အဆက်မပြတ် အလုံးအရင်းနှင့်ဖိဝင်လာကြသည်။
ရောမစစ်တပ်ကလည်းအရင်လို စွမ်းအားမရှိတော့။ ဆက်တိုက်ရံှုးပွဲတွေကြုံလာရသည်။ ထိုလူမျိုးစုတွေက အေဒီ ၄၇၆တွင် ရောမမြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြင့် နှစ်ပေါင်း ၅၀၀ကျော်တည်တန့်ခဲ့သော ရောမအင်ပါယာကြီးနိဂုံးချုပ်သွားရသည်။ (အရှေ့ ခြမ်းကတော့ ဘိုင်ဇိုင်းတိုင်းအင်ပါယာအဖြစ်နောင်နှစ်ပေါင်း ၁၀၀၀ အထိ ဆက်လက်တည်တန့်ခဲ့ပါသည်)
(Written by Kyaw Min Aung)