ရေးသားသူ – ကိုအေအေတီအို (An Asian Tour Operator)
တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါစားချင်ပါတယ် ဆိုပြီး ဂျီနေလို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ်ပြီး သွားဝယ်ရပါတယ်။ ဘာဂါဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်းမှသာ ထွက်ပါတယ်။ စေတနာနဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာစောင့်နေတဲ့သူ သုံးလေးယောက်တော့ အမြဲလိုလို ရှိတတ်ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့က မှာထားတဲ့သူတွေ စောင့်နေရတာနဲ့ပဲ နာရီဝက်သာသာ လောက်တော့ ကြာသွား လို့ အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ မီးပွိုင့်ကို ရှောင်ချင်တာကြောင့် လမ်းမကြီးကမမောင်းတော့ဘဲ လူနေရပ်ကွက်ကနေ ဖြတ်ဖို့အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။
လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်းအိမ်လေးတွေနဲ့ ခြံဝန်းသီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ်ထွေးထွေးဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာခဏ ဆိုသလိုပဲ လမ်းမှားလေ့ရှိပါတယ်။ လမ်းသွယ်လေး တစ်ခုထဲကို ချိုးဝင်လိုက်တဲ့ အခါမှာ ခွေးတစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင်ကြီးတစ်ကောင် လမ်းဘေးက ပန်းခြုံအနီးမှာ ကားမီးရောင်ကို စူးစိုက်ပြီး ကြည့်နေတာ တွေ့လိုက်ရလို့ ရုတ်တရက်ကြက်သီးဖြန်းဖြန်းထပြီး ဘရိတ်ကိုယောင်ပြီး နင်းလိုက်မိပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာက ဒါမျိုးတွေ ပေါတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။
အနှီ သတ္တဝါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက်ကြည့်နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ်တဲ့ စိတ်နဲ့ အိမ်ကို ပြန်လာခဲ့ပါတော့တယ်။
တကယ်ဆို ကျနော် အဲဒီ အကောင်မျိုးကို သဘာဝအတိုင်း တွေ့ရတာဒါဟာ ဒုတိယအကြိမ်မြောက်ပါ။ ပထမ အကြိမ်က လွန်ခဲ့တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စတုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေအတိုင်း လျှောက်သွားနေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ဝရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။ ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည်ကောင် မျှော်စင်ညီနောင်နဲ့ မလှမ်းမကမ်းမှာတွေ့ ရတာကိုပါ။
အဲဒီ ကြောင်နံ့ သာ (Malayan Civet – Viverra Tangalunga) (သို့) ကြောင်ကတိုး လို့ အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း (Musang) လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက်ဘက်က ကျွန်းတွေမှာ ကျက်စားတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစုတွေမှာလည်း အများအပြားတွေ့ရ တတ်တယ်လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတော်တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုးတူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ်လို့ ဆိုရမှာပါ။ ( Asian palm ကြောင်နံ့သာ နဲ့ အာဖရိကကြောင်နံ့သာမျိုးလည်း ရှိပါသေးတယ်)
တောကြောင် လို့ ယေဘုယျခေါ်နေပေသောြ်ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေရုံမျှသာဖြစ်ပြီး ကြောင်အမျိုးအနွယ် လုံးဝ မဟုတ်ပါဘူး။ အခြား အသားစား နို့တိုက်သတ္တဝါ တစ်မျိုးမျှသာ ဖြစ်ပြီး မြွေပါ (mongoose) အမျိုး အနွယ် နဲ့ ပိုနီးစပ်ပါတယ်။ ကြောင်နံ့သာတွေ ဟာ တစ်ကိုယ်တော် ကျင်လည် ကျက်စားတတ်တဲ့ (solitary animal) တိရိစ္ဆာန်မျိုး ဖြစ်ပြီး တနေကုန် လုံခြုံစိတ်ချရဲ့ အသိုက်အမြုံမှာ အိပ်စက် အနားယူပြီး ညဉ့် အမှောင်ကို အကာအကွယ်ယူပြီး အစာရှာ ထွက်လေ့ရှိတယ်။ အသားစား သတ္တဝါ (carnivorous animal) ဖြစ်ပြီးမြေကြွက်၊ တောကြွက်၊ ရှဉ့်၊ ဖွတ်၊ ပုတတ်၊ ပုတ်သင်၊ ဖား၊ မြွေ စတာ တွေကို အစာအဖြစ်ဖမ်းဆီး စားသောက်တတ်ပြီး မြေကျင်းကြီးတွေတူးပြီး နေတတ်သလို သစ်ပင်အကြီးကြီးတွေရဲ့ အမြင့်ဆုံး အပိုင်းတွေကိုလဲ တက်နိုင်ကြပါပေတယ်။
လှုပ်ရှားမှု မြန်ဆန် သွက်လက်ပေသောြ်ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်းများရဲ့ အစာအဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ်လို့ ဆိုပါတယ်။ ကြောင်နံ့သာ အမ တွေဟာ နှစ်လလောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် ၄ကောင်ခန့်အထိ ပေါက်ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ်အထိ မိခင်ကစောင့်ရှောက်ပေးပါတယ်။ သူတို့ တွေဟာ အသက် နှစ်ဆယ်ခန့်အထိ နေနိုင်ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ဆိုပါတယ်။ ပုံမှန်ကြောင်နံ့သာ တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရှည်ကတော့ ၁၇လက်မ ကနေ ၂၈လက်မခန့် အထိရှိတတ်ပြီး အလေးချိန်ကတော့ ၁၁ပေါင်ခန့်အထိ ရှိတတ်ပါတယ်။
ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းဆီးစားသောက်တတ်တဲ့ တောရိုင်း သတ္တဝါဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။ ဒါပေမယ့် တာမန်နီဂါရာ (Taman Negara National Park) မိုးသစ်တော ကြီးထဲမှာ လှည့်လည်ကျက်စား နေထိုင်ကြတဲ့ အော်ရန်အက်စလီ (Orang Asli) လူမျိုး တစ်ချို့ဟာ အဆိုပါ အကောင်တွေကို သူတို့ နဲ့အတူ သွားလေရာ ခေါ်သွား လေ့ရှိတယ် လို့ ဆိုတယ်။
ဝမ်းနည်းစရာ ကောင်းတာက သစ်အလွန်အကျွံ ထုတ်လုပ်တာ နဲ့ မိုးသစ်တောကြီးတွေကို ဆီအုန်း စိုက်ခင်းတွေအဖြစ် အသွင်ပြောင်းတာတွေကြောင့် တခြား တောရိုင်း တိရိစ္ဆာန်တွေ နည်းတူ စိုးရိမ်စရာခြိမ်းခြောက်မှုကို ခံစား နေရပါပြီ။ နောင် နှစ်အတန်ကြာလာရင် ကမ္ဘာပေါ်မှာ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ အမွှေးရှည် ဆင်ကြီးတွေ၊ ကျားသစ်ကြီးတွေရဲ့ လမ်းကို လိုက်ကောင်း လိုက်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုးဟတ်တွေလို မျိုး နှစ်သန်းပေါင်းများစွာ အထိ မျိုးဆက် မပျောက်ဘဲ ရှင်သန်ကောင်း ရှင်သန်ပေလိမ့် မယ်။ ချားလ်စ်ဒါဝင် (Charles Darwin)နဲ့ ဟားဘတ်စပန်ဆာ (Herbert Spencer) တို့ရဲ့ “Survival of the fittest” ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ။
VIDEO
ကိုအေအေတီအို
Posted by An Asian Tour Operator
ကိုးကား။ ။ A Field Guide to Mammals of Southeast Asia by Charles M. Francis