Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စင်္ကာပူ  ကြိမ်ဒဏ် ဆိုတာ

by Thutamm
August 7, 2019
Reading Time: 1min read
0
စင်္ကာပူ  ကြိမ်ဒဏ် ဆိုတာ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

လူ့ယဉ်ကျေးမှု ထွန်းကားလာခဲ့သည့် အချိန်မှစ၍ အုပ်စုအဖွဲ့လိုက်နေထိုင်ကြသည့် လူသားများအား ခေါင်းဆောင်ဖြစ်သူ က ဦးဆောင်လျက် မိမိအုပ်စုဝင်များ၏ လုံခြုံအေးချမ်းရေးကို တာဝန်ယူထိန်းသိမ်းခဲ့ကြသည်။တိုင်းနိုင်ငံများဖြစ်ပေါ်လာချိန်တွင် အစိုးရအဖွဲ့များသည် မိမိတိုင်းသူပြည်သားများ၏ လုံခြုံမှုကိုစီမံဆောင်ရွက်နိုင်ရန် ဥပဒေများသတ်မှတ်၍ စည်းမျဉ်း စည်းကမ်း ထောင်အတွင်းနေထိုင်စေခဲ့သည်။ ဥပဒေကို ချိုးဖောက်သူများအား ငွေဒဏ်၊ ထောင်ဒဏ်မှသည် သေဒဏ်အထိ အပြစ်ပေးသည့် စနစ်ထွန်းကားလာခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ရိုက်နှက် ဆုံးမသည့် ပြစ်ဒဏ်ပေးခြင်းများလည်း ပေါ်ပေါက်လာခဲ့သည်။

ယနေ့ခေတ်တွင် သေဒဏ်ပေးခြင်းကိုကန့်ကွက်သည့် နိုင်ငံများ အများအပြားရှိလာခဲ့သကဲ့သို့ ကြိမ်ဖြင့်ရိုက်ကာ အပြစ် ပေးသည့်စနစ်ကို ကန့်ကွက်သည့် နိုင်ငံများလည်း ရှိလာခဲ့သည်။မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစအချိန်က ြက်မ်ဒဏ် ပေး သည့် စနစ်ကိုကျင့်သုံးခဲ့သော်လည်း ယခုအချိန်တွင် လုံးဝမကျင့်သုံးတော့ပါချေ။ အရှေ့တောင်အာရှနိုင်ငံများတွင် ကြိမ်ဒဏ်စနစ်ကို နိုင်ငံအများက မကျင့်သုံးကြသော်လည်းစင်္ကာပူ၊ ဘရူနိုင်း နှင့် မလေးရှားနိုင်ငံ တို့တွင်ကား တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေပေသည်။

စင်္ကာပူနှင့်ကြိမ်ဒဏ်

စင်္ကာပူနိုင်ငံသည် ပြစ်မှုကျူးလွန်သူများအား ကြိမ်ဖြင့် ရိုက်ကာ အပြစ်ပေးသည့်စနစ်ကို ဗြိတိသျှတို့ အုပ်စိုးစဉ်အချိန်မှ စတင်၍ ယနေ့တိုင်အသုံးပြုလျက်ရှိသည်။ ထောင်ဒဏ်ချခြင်း၊ ပြုပြင်ရေးစခန်းသို့ပို့ခြင်း၊အတတ်ပညာသင်ကျောင်းများသို့ တက်ရောက်စေခြင်း စသည့် အပြစ်ပေးပုံစံများနှင့် အတူ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သည့် နိုင်ငံများတွင် ကြိမ်ဒဏ်စနစ်ကိုကျင့်သုံးခဲ့ရာ မလေးရှားနိုင်ငံ နှင့် ဘရူးနိုင်းနိုင်ငံတို့လည်း အပါအဝင်ဖြစ်သည်။

စင်္ကာပူ ကြိမ်ဒဏ်သည် ကမ္ဘာကျော် ပြစ်ဒဏ်ချမှတ်မှုတစ်ရပ်ဖြစ်ပြီး စင်္ကာပူနိုင်ငံသားများသာမက ပြည်ပနိုင်ငံသားများ လည်း ပြစ် ဒဏ်ခံခဲ့ကြရသည်။ အမျိုးသမီးများနှင့် အသက် ၅၀ အထက် အမျိုးသားများသာကင်းလွတ်ခွင့်ရသည့် စင်္ကာပူကြိမ်ဒဏ် သည် အလွန်ပြင်းထန်လှသည့် အပြစ်ပေးမှုဖြစ်သည်။ စင်္ကာပူ တပ်မတော်တွင် ပြစ်မှုကျူးလွန်သောလူငယ်စစ်သည်များအား စင်္ကာပူ ထိန်းသိမ်းရေးစစ်တန်းလျားများတွင် ကြိမ်ဒဏ်ပေးလေ့ရှိပြီး အရပ်သားများကို စင်္ကာပူထောင်နှင့် အကျဉ်းဌာနများတွင် ကြိမ်ဒဏ်ပေးသည်။

လူငယ်ပြုပြင်ရေးကျောင်းများတွင်လည်း ကြိမ်ဒဏ်ကို တရားဝင် ကျင့်သုံးပြီး မူလတန်း အလယ်တန်းစာသင် ကျောင်းများ မှာပင် ကြီးမားသည့် အပြစ်ပြုလုပ်သူကျောင်းသားများကို ကြိမ်လုံးဖြင့် ရိုက်ကာ ဆုံးမလေ့ရှိသည်။စင်္ကာပူ အစိုးရ သည် ကြိမ်ဒဏ် အပြစ်ပေးခြင်းကို သဘောတူပြီး ကျောင်းသူများကို ကြိမ်ဖြင့် မရိုက်နှက်ဘဲ ဖမ်းဆီးချုပ်နှောင်ခြင်းကဲ့သို့ ပြစ်ဒဏ် များ ပေးသည်။ စင်္ကာပူမိဘ အချို့ကလည်းမိမိတို့ကလေးငယ်များကို ရိုက်နှက် ဆုံးမလေ့ရှိကြသည်။

ကြိမ်ဒဏ်၏ နောက်ခံသမိုင်း

ရာဇဝတ်သားများအား ကြိမ်ဒဏ်ပေးသည့် စနစ်ကို ဗြိတိသျှတို့ မလေးကျွန်းဆွယ်ကို အုပ်ချုပ်ခဲ့ချိန်တွင် ပထမဆုံးအသုံးပြု ခဲ့သည်။ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းကို ၁၈၇၁ ခုနှစ်တွင် တရားဝင် ဥပဒေ ပြဋ္ဌာန်းခဲ့သည်။ထိုအချိန်က ဘုဇပတ် တုတ်ဖြင့် ရိုက်ခြင်း၊ ကြာပွတ်ဖြင့်ရိုက်ခြင်းစသည့် ပြစ်ဒဏ်စီရင်ခြင်းမျိုးကို အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် ကျင့်သုံးခဲ့သည်။ ကြိမ်ဒဏ်ပေးသည့် ပြစ်မှု များတွင်လုယက်မှု၊ ဖောက်ထွင်းမှု၊လိင်ကျူးလွန်မှု၊ မုဒိန်းမှု၊ပြည့်တန်ဆာအဖြစ် အသက်မွေးမှု၊ ပြည့်တန်ဆာအရောင်း အဝယ်ပြု မှုတို့ပါဝင်သည်။

မလေးရှားနိုင်ငံသည် ၁၉၅၇ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သော်လည်းကြိမ်ဒဏ်ကို ဆက်လက်ကျင့်သုံးခဲ့သကဲ့သို့ စင်္ကာပူ နိုင်ငံသည်လည်း၁၉၆၅ ခုနှစ်တွင် မလေးရှားမှ ခွဲထွက်ခဲ့ပြီးသည့်တိုင် ကြိမ်ဒဏ်ကို ယခုတိုင်ကျင့်သုံးလျက်ရှိသည်။ စင်္ကာပူလွှတ်တော်သည် မကြာမီနှစ်များအတွင်းက အနည်းဆုံးချမှတ်ရမည့် ကြိမ်ဒဏ်အချက်ရေကို တိုးမြှင့်ရန်နှင့် ကြိမ်ဒဏ်စီရင်ရမည့် ပြစ်မှု အမျိုးအမည်များကို တိုးချဲ့ရန် ဥပဒေ ပြဋ္ဌာန်းခဲ့သည်။

စင်္ကာပူ ကြိမ်ဒဏ် ဥပဒေ

စင်္ကာပူနိုင်ငံ၏ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၂၅ မှ ၃၃၂ အထိ ပြဋ္ဌာန်းချက်များအရ ပြစ်မှုကျူးလွန်သော အသက် ၁၈ နှစ်မှ ၅၀ အတွင်းရှိအမျိုးသားတရားခံသည် ဆရာဝန်၏ ခံနိုင်စွမ်းရှိကြောင်းထောက်ခံချက်ဖြင့် ကြိမ်ဒဏ် စီရင်ခြင်းခံရမည်ဖြစ်သည်။ပြစ်မှု ကျူး လွန်သူအား ပြစ်ဒဏ်တစ်ကြိမ်စီရင်ချက်ချလျှင် ကြိမ်ဒဏ် ၂၄ ချက်ထက်မပိုစေရ။သို့သော် အခြားတရားရုံးတစ်ခုခုကကြိမ်ဒဏ် စီရင် ချက်ချပါက ၂၄ ချက်ထက် ပိုမို ခံရမည်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူသည် အသက် ၁၈ နှစ်အောက်ဖြစ်နေပါက သေးငယ်သော ကြိမ်ဖြင့် ၁၀ ချက်စီရင်မည်ဖြစ်ပြီး ၁၆ နှစ်အောက် ကလေးများကိုမူ တရားရုံးချုပ်ကသာ ကြိမ်ဒဏ်စီရင်ချက်ချမှတ်ရန် သတ်မှတ် ထား သည်။

သေဒဏ်ပြစ်ဒဏ်စီရင်ခံထားရသူအား ကြိမ်ဒဏ်ပေးခွင့်မရှိပါချေ။ တရားခံအားရိုက်မည့် ကြိမ်လုံးသည် လုံးပတ် ၁ ဒသမ ၂၇ စင်တီမီတာထက်မကြီးစေရဟု သတ်မှတ်ထားသည်။တရားခံတစ်ယောက်သည် ကြိမ်ဒဏ်အပြစ်ပေးရန် အမိန့်ချမှတ်ခံ ထား ရခြင်း မရှိသော်လည်းအကျဉ်းထောင်အတွင်း ပြစ်မှုများ ထပ်မံကျူးလွန်ပါက ထောင်အတွင်း၌ ကြိမ်ဖြင့် အရိုက်ခံရမည်ဖြစ်သည်။ ဥပဒေအရ အမျိုးသမီးများ၊ အသက် ၅၀ အထက် အမျိုးသားများနှင့် သေဒဏ်ချမှတ်ခံထားရသူများသာကြိမ်ဒဏ်မှ ကင်းလွတ်ခွင့်ရှိ သည်။

စင်္ကာပူနိုင်ငံတွင် ကြိမ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှု ၃၅ မျိုးသတ်မှတ်ထားရာ ပြန်ပေးဆွဲမှု၊ဓားစာခံပြုမှု၊လုယက်မှု၊ အုပ်စုဖွဲ့ ဓားပြတိုက်လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးမှု၊ခြမ်းခြောက်ငွေညှစ်မှု၊သည်။ဆူပူဆန္ဒပြမှု၊လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊တရားမဝင် လက်နက် ပိုင်ဆိုင်မှုမုဒိန်းမှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှု၊တရားမဝင် ငွေချေးမှုများစသည်တို့ ပါဝင် သည်။စင်္ကာပူနိုင်ငံအတွင်း တရားမင် ဝင်ရောက်နေထိုင်မှုများကို တားဆီးနိုင်ရန် ဗီဇာသက်တမ်းထက် ရက် ၉၀ ကျော်လွန် နေထိုင် သူ ပြည်ပ နိုင်ငံသားများအား ကြိမ်ဒဏ်စီရင်လေ့ရှိသည်။ အန္တရာယ်ဖြစ်စေသည့် မီးရှူးမီးပန်းများ တင်သွင်း၊ပေးပို့၊ရောင်းချသူများ တရားမဝင် ရွှေ့ပြောင်းလုပ် သားများအားခေါ် ဆောင်သူများကိုလည်း ကြိမ်ဒဏ်စီရင်နိုင်သည်။

စင်္ကာပူနိုင်ငံသည် ကြိမ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုအများစုကို ဗြိတိသျှ ဥပဒေစနစ်များအတိုင်း ဆက်ခံကျင့်သုံးခဲ့ပြီး အများ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုအား ကြိမ်ဒဏ်ပေးရန် ၁၉၆၆ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ယခင်က ယင်းအမှုများကိုဒဏ်ငွေ စင်္ကာပူ ဒေါ်လာ ၅၀ နှင့် ထောင်ဒဏ်တစ်ပတ်သာ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအချိန်တွင် ကြိမ်ဒဏ်သုံးချက်မှ ရှစ်ချက်အထိ စီရင်ချက် ချမှတ်နိုင်သည်။သို့သော် ခဲတံ၊ မြေဖြူတို့ဖြင့် ပထမအကြိမ် ရေးခြစ် သူများကို ကြိမ်ဒဏ် အပြစ်မပေးပါချေ။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၌ ကြိမ်ဒဏ်ပေးမှုများပိုမိုများလာခဲ့သည်။၁၉၉၃ ခုနှစ် တွင် ဓာတ်လှေကား အတွင်း အမျိုးသမီးတစ်ဦးအား ဗလက္ကာယပြုခဲ့သူ အသက် ၁၈ နှစ်အရွယ်လူငယ်အား ထောင်ဒဏ် ခြောက်လ အပြစ်ပေးခဲ့ သည်။ သို့သော် ထိုလူငယ်က ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ရာတွင် တရားသူကြီးချုပ်က အယူခံကို ပယ်ချခံရရုံသာမကကြိမ်ဒဏ် သုံး ချက်ချရန် ထပ်ဆင့် အပြစ်ပေးခဲ့သည်။

စင်္ကာပူနိုင်ငံတွင် ၁၉၉၃ ခုနှစ်တွင် ကြိမ်ဒဏ်စီရင်ခံရသူ ၃၂၄၄ ဦးရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် အရေအတွက် နှစ်ဆတိုးလာပြီး ၆၄၀၄ ဦးရှိခဲ့သည်။ ယင်းဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ကြိမ်ဒဏ်ပေးခဲ့သည်။၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ကြိမ်ဒဏ်စီရင်ခံရသူ အရေ အတွက်သည် တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး၂၀၁၂ ခုနှစ်တွင် ဦးရေ ၂၅၀၀ သာရှိခဲ့သည်။ ကြိမ်ဒဏ်စီရင်ချက်ချမှတ်ခံရသူများအား ချန်ဂီ အကျဉ်းထောင်အပါအဝင် စင်္ကာပူ အကျဉ်းဌာနများတွင် ကြိမ်ဒဏ်ပေးလေ့ရှိ သည်။ကြိမ်ဒဏ်ပေးခံရသူများသည် အများအားဖြင့် သုံးချက်မှ ခြောက်ချက်အတွင်း အရိုက်ခံကြရသည်။

ကြောက်မက်ဖွယ် ကြိမ်ဒဏ်

ကြိမ်ရိုက်မည့် အကျဉ်းထောင်အရာရှိများသည် ဂရုတစိုက်ရွေးချယ်ပြီး အထူးလေ့ကျင့်ပေးထားခံရသူများဖြစ်ကြသည်။ သူ တို့သည် ကိုယ်ကာယ တောင့်တင်းကြံ့ခိုင်သူများဖြစ်ကြပြီး အချို့သည်အဆင့်မြင့် ကိုယ်ခံပညာရပ်စွမ်းရည်ရှိသူများဖြစ်ကြသည်။ သူတို့ကိုကြိမ်ရိုက်ချက်များတွင် လက်မောင်းအားတစ်ခုတည်းသာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး၏အားများပါ ကျရောက်စေရန် လေ့ကျင့်ပေးထားသည်။ သူတို့၏ ကြိမ်လွှဲနှုန်းသည် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းရှိပြီးအနည်းဆုံး ကီလိုမီတာ ၉၀ ဖိအားရှိသည်။ကြိမ်လုံး သည် လုံးပတ် ၁ ဒသမ ၂၇ စင်တီမီတာထက်မကြီးဘဲ အရှည် ၁ ဒသမ ၂ မီတာ(လေးပေနီးပါး)ရှိသည်။တရားခံများအားရိုက်သည့် ကြိမ်လုံးသည် စာသင်ကျောင်းများတွင်သုံးသည့် ကြိမ်လုံးထက် နှစ်ဆကြီးမားသည်။

ပြစ်ဒဏ်ပေးမည့်သူများမရိုက်မီ ကြိမ်လုံးကို ကွေးညွတ်အားကောင်းပြီးကွဲမသွားစေရန်၊ ဖွာ မထွက်စေရန်နှင့် အသားပေါ် မြုပ်ဝင်သွားစေရန် တစ်ညတာ ရေစိမ်သည်။ရိုက်ခံရသူအား ပိုးမဝင်စေရန် ကာကွယ်နိုင်သည့် ဆားရေတွင် ကြိမ်လုံးကို စိမ်ခြင်းကို အကျဉ်းဌာနက ဆောင်ရွက်ခြင်းမရှိပါချေ။ ကြိမ်ဒဏ်ပေးခြင်းကို အများပြည်သူနှင့် အခြား အကျဉ်းသားများမမြင်ရသည့် သီးသန့်နေရာတွင်ပြုလုပ်လေ့ရှိသည်။ ထို အချိန်တွင် ထောင်ပိုင်ကြီးနှင့် ထောင်ဆရာဝန်တစ်ဦးတို့ ရှိနေရသည်။ ကြိမ်ဒဏ်အရိုက်ခံရမည့်သူကို ကြိုတင်ပြောကြားခြင်းဖြင့် ရာဇဝတ်သားသည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများဖြစ်လာနိုင်သဖြင့် ရိုက်မည့်နေ့ရောက်မှသာ ပြောကြား လေ့ ရှိသည်။

ကြိမ်မရိုက်မီ ဆရာဝန်က အရိုက်ခံရမည့်သူကိုသွေးဖိအားတိုင်းတာခြင်းနှင့် အခြားကိုယ်ကာယပိုင်းဆိုင်ရာအခြေအနေ အရပ်ရပ်ကို ကြိမ် ဒဏ်ပေးရန် သင့် လျော်မှုရှိ မရှိ ဦးစွာစစ်ဆေးပြီး ရိုက်ခွင့်ပေးမှ ရိုက်ကြရသည်။ဆရာဝန်က ကြိမ်ဒဏ် ပေးရန် မသင့်လျော်သေးဟု ဆုံးဖြတ်ပါက တရားရုံးသို့အချုပ်သက်တမ်းတိုးပေးရန် တင်ပြရသည်။ထောင်အရာရှိက ရိုက်ရမည့် တရားရုံးက ချမှတ်ထားသည့် အချက်ရေကိုပြောကာ အတည်ပြုရသည်။

ဆရာဝန်ထံမှ ခွင့်ပြုချက်ရလျှင် တရားခံကို အဝတ်အစားများချွတ်၍ အရိုက်ခံရမည့် သစ်သားခုံပေါ်တွင်ကန့်လန့်ဖြတ် ကွေးနေ စေပြီးလက်နှင့် ခြေများကို သားရေပြားဖြင့် ခုံနှင့် တွဲ၍ တင်းတင်းကျပ်ကျပ် စည်းနှောင်သည်။စားပွဲစောင်းနှင့် သူ၏ တင်ပါး သည် ထောင့်မတ်ကျနေစေရပြီး ကျောအောက်ပိုင်းကို အပြားတစ်ပြားဖြင့်ကိုချည်နှောင်ခြင်းဖြင့် ကျောက်ကပ်နှင့်ကျောရိုးဝန်း ကျင် ကို ထိခိုက်မှုမဖြစ်စေရန် အကာအကွယ်ပြုသည်။

ကြိမ်ရိုက်မည့် အရာရှိသည် ခုံ၏ဘေးတွင် မနီးမဝေးရပ်ကာ တင်ပါးပေါ်သို့ ကြိမ်လုံးဖြင့် သတ်မှတ်အချက်ရေပြည့် အောင် တစ်ချက်နှင့်တစ်ချက် စက္ကန့် ၃၀ ခြား၍ ရိုက်လေ့ရှိသည်။ရိုက်နေစဉ် ထောင်ဆရာဝန်က အနားတွင်ကြည့်နေကာ ဆက်လက်အရိုက် ခံရန်မသင့်လျော်ကြောင်းတွေ့ရှိပါက ထောင်အရာရှိအား ကြိမ်းဖြင့်ရိုက်ခြင်းကို ရပ်တံ့စေနိုင်သည်။နောက်ရက်များတွင် တရားရုံး သို့ ပို့ကာ ကျန်သော အချက်ရေ များအတွက် ၁၂ လထက်မပိုသော ထောင်ဒဏ်ချမှတ်ရန် တင်ပြရသည်။

ကြိမ်ဒဏ်နောက်ဝယ်

တရားခံအား ကြိမ်ဖြင့်ရိုက်လိုက်သည်နှင့် ကြိမ်က အသားထဲသို့ မြုပ်ဝင်သွားပြီးနောက် အရှိုးထင်လာပြီး သွေးထွက်လာသည်။ သုံးချက်ရိုက်ပြီးလျှင် တင်ပါးတွင်သွေးများရွှဲလာသည်။ ကြိမ်ဒဏ် ၁၀ ချက်ရိုက်ခံခဲ့ရသူတစ်ဦးက မည်သို့မျှ ဖော်ပြ၍ မရနိုင်အောင် နာကြင်ခံစားခဲ့ရကြောင်းပြောခဲ့သည်။ ကြိမ်ဒဏ်ခံရသူ အများစုသည် ပထမသုံးချက် အရိုက်ခံရချိန်တွင် အပြင်းအထန်ရုန်းကန်လေ့ရှိကြသော်လည်း သုံးချက်ရိုက် ခံရပြီးသည်နှင် အားအင်များချိနဲ့ကာ မရုန်းကန်နိုင်ကြတော့ပါချေ။

သုံးချက်နှင့် အထက်အရိုက်ခံရသူအများစုသည် ကြိမ်ဒဏ်ခံရ အပြီး တွင် သတိလစ်မေ့မျောသည့် အနေအထားသို့ ရောက်ရှိနိုင်ကြသည်။ ကြိမ်ဒဏ်ရိုက်နေစဉ် အချို့သော အကျဉ်းသားများသည် မေ့ မျော ဟန်ဆောင်ကြသော်လည်း အနီးရှိ ထောင်ဆရာဝန်ကို ဟန်ဆောင်လိမ်ညာ၍မရပါချေ။ ကြိမ်ဒဏ်ရိုက်ခံရသူများသည် အရိုက် မခံရမီနှင့် ရိုက်ခံနေရချိန်များတွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ကြီးမားစွာခံစားကြရသည်။ ကိုယ်ကာယ နာကြင်မှုကို ကြောက်သည် သာမက ကြိမ်ဒဏ်ကို မည်သို့ ရင်ဆိုင်ကြရမည်ကို စိုးရိမ်သောက ရောက်ကြရသည်။

ကြိမ်ဒဏ်ရိုက်ပြီးချိန်တွင် ရိုက်ခုံမှ ဖြုတ်ပေးပြီး အနာကို ပိုးသတ်ဆေးလိမ်းပေးသည်။အရိုက်ခံရသည့် ဒဏ်ရာများကိုရိုက် ချက်ပေါ်မူတည်လျက် တစ်ပတ်မှ တစ်လကြာ ခံစားကြရသည်။ ကြိမ်ဒဏ်ခံရပြီးသူသည် ထိုင်ခြင်း၊ ပက်လက်လဲလျောင်းခြင်းများ မပြုလုပ်နိုင်ဘဲကိုယ်လက်သန့်စင်ချိန်တွင် ကြီးစွာ ဒုက္ခခံစားကြရပေသည်။ ဒဏ်ရာများသက်သာပျောက်ကင်းသွားသည့်တိုင် ကြိမ်ရာ များကား တစ်သက်တာ စွဲထင်ကျန်ရစ်နေပေသည်။

ထူးထူးခြားခြား ကြိမ်ဒဏ်များ

အမေရိကန်လူငယ် မိုက်ကယ်ပီဖေး အများပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ကြိမ်ဒဏ် ခြောက်ချက် စီရင်ခဲ့ခြင်းသည် ကမ္ဘာတစ်ဝန်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကာ စင်္ကာပူနှင့် အမေရိကန်အကြား သံတမန်ဆက်ဆံရေး ကိုပင် ထိခိုက်စေခဲ့သည်။ စင်္ကာပူ အစိုးရသည် ကြိမ် ဒဏ်ကို ခြောက်ချက်မှ လေးချက် သို့လျှော့ပေးခဲ့ပြီး ၁၉၉၄ ခုနှစ် မေလ ၅ ရက်တွင် ဖေး အား ကြိမ်ဒဏ်ရိုက်ခဲ့သည်။ စင်္ကာပူ နိုင်ငံသား ဒစ်ဆန်တန်ယောင်ဝန်သည် အကျဉ်းဌာန၏ မှားယွင်းမှုကြောင့် ကြိမ်ဒဏ် သုံးချက်ပိုမို အရိုက်ခံခဲ့ရသဖြင့် အစိုးရထံမှ နစ်နာကြေးစင်္ကာပူဒေါ်လာ သုံးသန်းတောင်းခံခဲ့သည်။၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဒစ်ဆန်တန်ယောင်ဝန် သည် ထောင်ကိုးလနှင့် ကြိမ်ဒဏ်ငါးချက်ကျခံရန် အပြစ်ပေးခံရသော်လည်းမတ်လတွင် ကြိမ်ဒဏ် ရှစ်ချက် အရိုက်ခံခဲ့ရသည်။ ယောင်ဝန်သည် အစိုးရနှင့် ညှိနှိုင်းကာလျော်ကြေးငွေရရှိခဲ့သော်လည်း ငွေပမာဏကို ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိခဲ့ချေ။

စင်္ကာပူ နိုင်ငံ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း(MRT)မှ မီးရထားတစ်စီးကို မှတ်ဆေးများမှုတ်ခဲ့သည့် ဆွစ်လူမျိုး အိုလီဗာ ဖရစ်ကာသည် ၂၀၁၀ ပြည့်နှစ် ဇွန် လ ၂၅ ရက်တွင် ထောင်ဒဏ် ငါးလနှင့် ကြိမ်ဒဏ် သုံးချက် ကျခံခဲ့ရသည်။ထို့အတူပင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရထားတွဲတစ်တွဲအား မှုတ်ဆေးပက်ခဲ့သည့် ဂျာမနီနိုင်ငံသားနှစ်ယောက်ကို ထောင်ဒဏ်ကိုးလနှင့် ကြိမ်ဒဏ် သုံးချက်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဘိန်းဖြူရောင်းဝယ်မှုဖြင့် မလေးရှားနိုင်ငံသားယောင်ဗူရီကွန်သည် ထောင်တစ်သက်နှင့် ကြိမ်ဒဏ် ၁၅ ချက် ကျခံစေရန် ၂၀၁၃ ခုနှစ်တွင် စီရင်ချက်ချခံခဲ့ရသည်။

တရားခံ၏ ရှေ့နေက တရားရုံးချုပ်သို့ ကြိမ်ဒဏ်ကင်းလွတ်ခွင့်ရရှိရန် အယူခံတင်သွင်းခဲ့ရာတွင် ကြိမ်ဒဏ်စီရင်ခြင်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တင်ပြခဲ့သည်။ သို့သော် တရားသူကြီးချုပ် ပါဝင်သော စင်္ကာပူနိုင်ငံ တရားသူကြီးသုံးဦး အဖွဲ့က ကြိမ်ဒဏ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆန့်ကျင်မှုမရှိဟုဆိုကာ အယူခံကို ပယ်ချခဲ့သည်။ ကိုယ်ကာယကို ပြင်းထန်စွာနာကြင်အောင်ရိုက်နှက် အပြစ်ပေးခြင်းဖြင့် ရာဇဝတ်မှုများကျူးလွန်ခြင်းကို ဟန့်တားရန် ရည် ရွယ်သည့် ကြိမ်ဒဏ်အပြစ်ပေးသည့် စနစ်ကို သေဒဏ်ထက်ပင် ဆိုးရွားသည့် စီရင်မှုဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည့်တိုင် နိုင်ငံ အချို့တွင် ကျင့်ဆုံးနေဆဲဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ၊ ဇန်နဝါရီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Tags: countriesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!