ဂျပန်လူမျိုး စူးစမ်းရှာဖွေသူ Naomi Uemura သည်မြောက်ဝင်ရိုးစွန်းသို့ တစ်ယောက်တည်း ပထမဆုံးရောက်ဖူးသူဖြစ်သည်။ ရှစ်ပတ်ကြာသော ခရီးစဉ်အပြီး ၁၉၇၈ ခု ဧပြီလတွင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
Uemura ၏ မြောက်ဝင်ရိုးစွန်းသို့ မိုင် ၈၀ဝ ရှည်လျားသောခရီးစဉ်သည် မတ်လ ၅ ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ Ellesmere ကျွန်းရှိ Columbia အငူမှ ခွေး ၁၉ ကောင်နှင့် ခရီးစတင်ခဲ့ခြင်းဖြစ်သည်။ ရေခဲများကြောင့် ၁၀ ရက်အတွင်း ၁၀ မိုင်သာခရီးရောက်ခဲ့သည်။
Uemura တွင် ဘက်ထရီပါဝါပေးထားသော မိနစ်တိုင်းတွင်တိကျသည့် တည်နေရာ ထုတ်လွှင့်ပေးသောကိရိယာကိုခွေးလည်ပတ်တွင်ပတ်ပေးထားသည်။ ၎င်းကိရိယာသည် မိုင် ၆၀ဝ အကွာတွင်လှည့်ပတ်နေသည့် NASA ၏ Nimbus 6 နှင့်ချိတ်ဆက်ထားသည်။ Ellesmere ကျွန်းရှိစခန်းနှင့် ဆက်သွယ်ရန်ရေဒီယိုပါရှိသည်။
လေးရက်ကြာပြီးနောက်တွင် ဝင်ရိုးစွန်းဝက်ဝံများသည် သူ၏စခန်းကို ဖျက်ဆီးခဲ့ကြသည်။ ခွေးစာများကိုစားရင်းအသက်ရှင်သန်ခဲ့ရသည်။ နောက်တစ်ည ဝက်ဝံများချဉ်းကပ်လာပြန်သောအချိန်တွင် သေနတ်နှင့်ပစ်ခတ်ပြီး ဆာလောင်နေသောခွေးများကိုကျွေးမွေးခဲ့သည်။ နောက်တစ်နေ့တွင် ခွေးခြောက်ကောင်သည် ရေခဲပြင်များအောက်သို့ပြုတ်ကျသွားခဲ့သည်။ Uemura သည် ထိုခွေးများအားကယ်တင်ခဲ့ပြီး ခဲမသေသွားအောင် သူ၏ သားမွေးထည် များဖြင့်ရစ်ပတ်ပေးခဲ့သည်။ အပူချိန်မှာ သုညအောက် ၃၃ ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။
နောက်လအစပိုင်းတွင် နောက်ထပ် ခွေး ၁၃ ကောင်ကို လေယာဉ်နှင့်အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။ လေယာဉ်များသည် ဆင်းသက်မရသောကြောင့် Uemura သည် နောက်မှပြေးလိုက်ပြီး လေထီးများနှင့် ချပေးလိုက်
သောအစာရေစာများကို ပြေးကောက်ရသည်။ Uemura သည် သူ၏ အစားအသောက်များကိုမချက်ပြုတ်ဘဲ စားခဲ့ရသည်။
သူသည် လေညစ်ညမ်းမှုနှင့် ပတ်သတ်သော သက်သေများ၊ ရေခဲနှင့် နှင်းမှုန်များကို Smithsonian ပြတိုက်နှင့် ဂျပန်ရှိသုတေသနဌာနများအတွက်စုဆောင်းခဲ့သည်။ ၆ လကြာမည့်ခရီးကိုသွားရောက်ခဲ့ခြင်းဖြစ်ပြီး ဝင်ရိုးစွန်းရေခဲပြင်
ကိုဖြတ်ပြီး Greenland ကိုရောက်ရှိခဲ့သည်။
ထိုမှတစ်ဆင့်ကျယ်ပြန့်သော မြေပြင်တစ်လျှောက် ဆက်လက် သွားရောက်ခဲ့သည်။ Greenland မြောက်ဘက်ပိုင်းတွင် သမိုင်းမတင်မီခေတ်က ယဉ်ကျေးမှုအကြွင်းအကျန်များကိုရှာဖွေခဲ့သည်။ ရေခဲပြင်ပေါ်တွင်ရွက်လွှင့်
သည့်နည်းလမ်းကိုသံဲုးပီး ခရီးစဉ်ကိုမြန်ဆန်စေခဲ့သည်။ Uemura ၏ ခရီးစဉ်သည် မိုင်ပေါင်း ၃၇၀ဝ ရှည်ပြီး ၄၁၀ ဝဝဝ ဒေါ်လာကုန်ကျခဲ့သည်။ ထိုကုန်ကျစရိတ်များကို ဂျပန်သတင်းစာများ၊ ကော်ပိုရေးရှင်းများနှင့် အလှုရှင်များမှကူညီပေးခဲ့ခြင်းဖြစ်သည်။
Naomi Uemura သည် တကိုယ်တော်စွန့်စားမှုကို အလွန်နှစ်သက်သည်။ ဒီခရီးအပြင် အမေဇုန်မြစ်ကြောင်းတလျှောက် ဖောင်ဖြင့်တစ်ကိုယ်တော်သွားလာသူ ၊ မြောက်အမေရိက၏ အမြင့်ဆုံးဖြစ်သည့် Denali တောင်ကို ပထမဆုံး တစ်ကိုယ်တော်တက်ရောက်သူ စသည့်စံချိန်များကိုတင်ခဲ့သူလည်းဖြစ်သည်။ သူ၏ အိပ်မက်မှာ အန္တာတိကတိုက်ရှိ Vinson Massif တောင်ကို တက်ရောက်နိုင်ရန်ဖြစ်သည်။ သို့သော်သူ၏ ဆန္ဒမှာ ပြည့်မသွားခဲ့ပါချေ။
၁၉၈၄ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် သူ၏ ၄၃နှစ်မြောက်မွေးနေ့ဖြစ်သည်။ ထိုအချိန်ကသူသည် Denali တောင်ကို တက်နေသည့်အချိန်ဖြစ်သည်။ နောက်ထပ်တစ်ပတ်အကြာ တောင်ထိပ် အမြင့်ပေ ၁၈၀၀၀ အထိရောက်ရှိပြီး ပြန်အဆင်းတွင် သူ့ထံမှ အဆက်အသွယ်မရတော့ပါချေ။ ထိုနေရာ၏ ရာသီဥတုသည် -၄၆ ဒီဂရီဆဲစီးယပ်ဖြစ်သည်။
ထိုအချိန်မှစ၍ တခြားတောင်တက်အဖွဲ့ပေါင်းများစွာ အကြိမ်ကြိမ် ရှာဖွေပါသော်လည်း သူ၏ ရုပ်အလောင်းကို ယနေ့ထိတိုင်ပြန်မတွေ့တော့ပါချေ။ သူ၏ ဒိုင်ယာရီစာအုပ်ကိုမှု တောင်၏အမြင့်ပေ ၁၄၀၀၀ ရှိ ဂူတစ်ဂူထဲမှ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစာအုပ်ကို အင်္ဂလိပ် ၊ ဂျပန် ဘာသာနှစ်မျိုးဖြင့် ပုံနှိပ်ဖြန့်ဝေခဲ့သည်။ စွန့်စားမှု ခရီးစဉ်တလျှောက် သူ့အတွေ့အကြုံများကို ရေးသားထားခြင်းဖြစ်သည်။ နောက်ဆုံးရေးသားထားသော စာကြောင်းမှာ
“နွေးထွေးတဲ့အိပ်ယာပေါ်မှာ အိပ်ချင်တယ် ၊ ဘာပဲဖြစ်ဖြစ် McKinley(Denali) တောင်ကိုတက်ဖို့ကလွဲရင် ဘာမှ အရေးမကြီးဘူး” ဟူ၍ဖြစ်သည်။

Naomi Uemura သည် သူ၏တစ်သက်တာလုံးတွင် စွန့်စားခန်းပေါင်းများစွာကို တစ်ကိုယ်တော် စွမ်းဆောင်ခဲ့သူဖြစ်သည်။ သူ၏စွန့်စားခန်း ခရီးစဉ်များကို စာအုပ်များရေးသားထားခဲ့ပြီး ထိုစာအုပ်များသည် ဂျပန်ရှိ ကလေးများကြားတွင် အလွန်ရေးပန်းစားသည်။ သူ၏ အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ တိုကျို ၊ Toyooka နှင့် Hyōgo တို့တွင်သူ့နာမည်နှင့် ပြတိုက်များဖွင့်လှစ်ခဲ့သည်။ အမေရိကန်၏ အထင်ကရ ဂီတပညာရှင် Michael Hedges ကလည်း Naomi Uemura အား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် သီချင်းတစ်ပုဒ်စပ်ဆိုခဲ့သည်။ ထိုသီချင်း၏ အမည်မှာ Because it’s There ဖြစ်သည်။