ရေးသားသူ – ထက်အောင်ဟိန်း (Myanmar-Network)
လူများစွာတို့သည် မိမိကိုယ်တိုင် အောင်မြင်ရန် ကြိုးစားရမည့်အစား တစ်ပါးသူ အောင်မြင်သွားသည်ကိုသာ ကြည့်၍ ဝေဖန်ကဲ့ရဲ့နေတတ်ကြပေသည်။ ထိုသို့သော သူများအဖို့ အောင်မြင်မှုနှင့် ဝေးကွာနေလိမ့်ဦးမည်။ အောင်မြင်မှုသည် ဘဝတွင် နောက်ကျတယ် ဆိုတာ မရှိပါ။ စတင်ခြင်းသည်သာလျှင် အောင်မြင်ခြင်းသို့ ရောက်ရှိရန် လမ်းစဖြစ်သည်။ ထိုအရာသည် လက်လှမ်းမမှီနိူင်လောက်အောင်ဝေကွားလှသည်မဟုတ် – လက်တစ်ကမ်း အကွာမှာပင် ရှိသည်။
မအောင်မြင်သေးသောသူများသည် ညံ့ဖျင်းသောကြောင့်မဟုတ် “အောင်မြင်ခြင်း” တည်းဟူသော တံခါးကို မခေါက်ကြသောကြောင့်သာ ဖြစ်သည်။ တံခါးတို့သည် လွယ်လွယ်တော့ ပွင့်လိမ့်မည်မဟုတ်ပါ။ ဇွဲ၊လုံ့လ၊ဝီရိယ ရှိမှသာ ဖွင့်နိူင်လိမ့်မည်။ မိမိသည် တံခါးတို့ကို တစ်ကြိမ်မျှပင် မခေါက်ရသေးပဲနှင့် အောင်မြင်သူတစ်ယောက် မဖြစ်လာသေးသည်မှာ ဘာမျှထူးဆန်းသော ကိစ္စ မဟုတ်ပါ။ ထို့ကြောင့် တံခါးတို့ကို မပွင့်မချင်း ခေါက်ဖို့သာ အဓိက လိုအပ်ပါသည်။
၁။ ပန်းတိုင်
ဘဝမှာအောင်မြင်မှု ရရှိရန် ပထမဦးဆုံးလုပ်ရမည့် အလုပ်မှာ ရည်မှန်းချက်ပန်းတိုင် (Goal) ထားရှိရမည်ဖြစ်သည်။ ရည်မှန်းချက်ပန်းတိုင်ထားရှိဖို့အတွက် “မိမိဘာဖြစ်ချင်တာလဲ” ဆိုသည့် မေးခွန်း မိမိကိုယ်ကို မေးဖို့လိုသည်။ ထိုပန်းတိုင်သည် တိကျသေချာရမည်၊ ဖြစ်နိူင်ခြေရှိရပါမည်၊ မိမိ၏ အမှန်မကယ်ဖြစ်လိုသော အရာဖြစ်ရမည်၊ အချိန်ကန့်သတ်ထားရှိရမည်။ (ဥပမာ-နောင် ၅နှစ်ကြာလျှင် ငွေသိန်း ၁၀၀ကျပ် ပိုင်ဆိုင်ရမည်။) ရည်မှန်းချက် ထားရှိပြီးပြီ ဆိုလျှင်လည်း ဒီအတိုင်ထားလို့ မရသေး။ အပတ်တကုတ် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။
၂။ အစီအစဉ်ရေးဆွဲခြင်း
မည်သည့်လုပ်ငန်းမဆို အစီအစဉ် ရေးဆွဲ ရစမြဲပင် ဖြစ်သည်။ အစီအစဉ် မရေးဆွဲ သောအလုပ်သည် မည်သည့်အခါမျှ အောင်မြင်နိူင်လိမ့်မည် မဟုတ်ပါ။ ဥပမာပြောရမည်ဆိုရင် အဆောက်အဦး တစ်ခု ဆောက်လုပ်ရာတွင် ထိုအဆောက်အဦးကို မည်သည့် အင်ဂျင်နီယာနှင့် ဆောက်လုပ်မည်၊ အလုပ်သမား မည်မျှ သုံးစွဲမည်၊ ဘယ်အချိန်မှာ စတင်မည်၊ မည်ကဲ့သို့ စတင်မည်၊ ဘိလပ်မြေမည်မျှကုန်မည်၊ အုတ်ချပ် မည်မျှသုံးစွဲမည်၊ ထုံးမည်မျှ သုံးစွဲမည် စသည်ဖြင့် အစီအစဉ်ရေးဆွဲရသကဲ့သို့ မိမိလုပ်ငန်းနှင့် ပတ်သပ်သော အစီအစဉ်ကို တိကျသေချာစွာ အသေးစိတ် ရေးဆွဲထားရှိရန်မှာ လွန်စွာ အရေးကြီးပါသည်။
၃။ ရည်မှန်းချက်နောက်သို့ လိုက်ရန်
ငါးကိုအလိုရှိသော တံငါသည် သည် ရေထဲသို့ဆင်းရမည် ဖြစ်သည်။ သားကောင်ကို အလိုရှိသောမုဆိုးသည်လည်း သားကောင်နောက်ကို မျက်ချေမပျက်လိုက်ရမည် မှာ ဧကန်ပင် ဖြစ်သည်။ ထိုနည်းတူ ရည်မှန်းချက်ကို အောင်မြင်ချင် သောသူသည်လည်း ရည်မှန်းချက်နောက်သို့ ထပ်ချပ်မကွာ လိုက်ရပေမည်။ မိမိလုပ်သည့် အလုပ်၊ မိမိတွေးသော အတွေး၊ မိမိ၏ စိတ် နှင့် မိမိ၏ နိစ္စဓူ၀ ကိစ္စရပ် တို့တွင် ၉၀% ခန့်သည် မိမိရည်မှန်းချက် နှင့် ပတ်သက်သော ကိစ္စဖြစ်ရမည်။ ထိုသို့ မဟုတ်က ရည်မှန်းချက်ပန်းတိုင်သည် ဝိုးတဝါးသာဖြစ်ပေလိမ့်မည်။
၄။ လုပ်အား
အောင်မြင်မှုဟု ဆိုရာတွင် မွေးကတည်းက ပါလာသည် မဟုတ်ပါ။ မိမိကိုယ်ကို တည်ဆောက်မှသာ ရနိူင်သော အရာဖြစ်ပါသည်။ မိမိကိုယ်ကို လုပ်အားသွင်းလျှင် သွင်းသလောက် အောင်မြင်မည် ဖြစ်သည်။ (ဥပမာ- ရွှံ့စေး သည် သူ့ဘာသာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပါ။ ထိုရွှံ့စေးကို ကလေးကစားစရာ အရုပ်တစ်ခုခု လူက ပြုလုပ်လိုက်လျှင် တန်ဖိုးရှိလာသည်။ ထိုထက်မက ထိုအရုပ်ကလေး ကို ပိုမိုလှပအောင် ပြုလုပ်လိုက်လျှင် ပိုမို တန်ဖိုးတက်လာမည်။) ထိုအကြောင်းအရာကို စာရေးဆရာကြီး ဦးအောင်သင်းက “လုပ်အားသွင်းလေလေ၊ တန်ဖိုးတက်လေလေ” ဟု ဆိုထားသည်။ ထို့ကြောင့် လူလူချင်းအတူတူ အဘယ်ကြောင့် အောင်မြင်တဲ့သူ ဖြစ်သွားကြသနည်း ဆိုရင် ထိုသူသည် မိမိထက် အဆများစွာ တော်လှသည် မဟုတ်။ ပိုမို လုပ်အားသွင်းခြင်း သို့မဟုတ် ပိုမိုကြိုးစားခြင်းကသာလျှင် မိမိထက် ပိုတော်ပြီး အောင်မြင်သွား ရခြင်းပင် ဖြစ်ပါသည်။
၅။ ဆန်းစစ်၊ လေ့လာ
လူအများစုမှာ သူတစ်ပါးကိုသာ ဝေဖန်တတ်ကြ၍ ကိုယ့်ကိုကိုယ် ဝေဖန်မှုမပြုလုပ်ကြပေ။ သတိထားရမည့်အချက်မှာ မိမိကိုယ်ကို မအောင်နိုင်သေးသမျှ ကာလပတ်လုံး မည်သည့်ကိစ္စမှ အောင်မြင်မည်မဟုတ်။ ထို့ကြောင့် မိမိကိုယ်ကိုအောင်နိုင်ရန်မှာ လွန်စွာ အရေးကြီးသည်။ မိမိကိုယ်ကို အောင်နိုင်ရန် မိမိရဲ့အမှား သို့မဟုတ် ချို့ယွင်းချက် ကို သိရန် မိမိကိုယ်ကို ဝေဖန်ဆန်းစစ် ရမည်။ သိပြီးရင် လက်ခံရမည်။ “ငါ ဘာလိုအပ်ချက် ရှိနေတယ်” ဆိုသည်ကို လက်ခံလိုက်မှသာ ရှေ့ဆက် ဘာလုပ်ရမည် ဆိုသည့်အရာမှာ ထင်ထင်ရှားရှား ပေါ်လာမည်။
မိမိလျှောက်လှမ်းနေသော ပန်းတိုင်ကို ရောက်ရန် နှောင့်နှေးကြန့်ကြာနေလျှင် မိမိတွင် လိုအပ်ချက်တွေ ရှိနေပြီ ဆိုသည်မှာ သေချာသည်။ မိမိကိုယ်ကို ပြန်လည်စစ်ဆေးရန် မမေ့ပါနှင့်။ မိမိ၏ အားနည်းချက် ဘာလဲဆိုတာကို သေချာစွာ သိရှိဖို့ လိုအပ်ပါသည်။ သိပြီဆိုလျှင် မည်သို့ ပြင်ဆင်ရမည် ဆိုသည့် နည်းလမ်းကို ရှာဖွေရမည်။ နည်းလမ်းရပြီဆိုရင်လည်း လုပ်ဖြစ်အောင်လုပ်ရပါမည်။
အေဒီ ၁၉ ရာစုခန့်က မြန်မာ-အင်္ဂလိပ် စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပါသည်။ သုံးကြိမ်လုံး ရှုံးနိမ့်ရသော အကြောင်းကို သေချာစွာ ပြန်တွေးကြည့်လျှင် မိမိ၏ အရှုံးကို ပြန်လည်မဆန်းစစ်ခြင်းနှင့် ဆန်းစစ်သော်လည်း အမှားကို မပြုပြင်ခဲ့ သောကြောင့်သာ ဖြစ်နိုင်သည်။ ပထမအကြိမ် ရှုံးနိမ့်ခဲ့စဉ်ကသာ အမှားကို သေချာသုံးသပ်ပြီး ပြင်ဆင်နိုင်ခဲ့မည်ဆိုပါလျှင် သုံးကြိမ်စလုံး ရှုံးနိမ့်လိမ့်မည် မဟုတ်ပါပေ။ ထိုကြောင့် ရှေ့ကဆိုခဲ့ ပြီးသည်အတိုင်း မိမိ၏ အမှား သို့မဟုတ် လိုအပ်ချက်ကို လေ့လာသုံးသပ်ပြီး ပြန်လည်ပြုပြင်ရန်မှာ အင်မတန်မှ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။
၆။ အချိန်
အချိန်သည် တန်ဖိုးရှိသည် ဆိုသောအချက်ကို မည်သည့် အတွေးအခေါ် ပညာရှင်မှ သဘောထားကွဲလွဲ ကြမည်မဟုတ်။ သို့သော် အချိန်သည် သူဘာသာ တန်ဖိုးမရှိပါ။ အချိန်ကို မည်သို့သုံးသည်ဆိုသည့် အပေါ်တွင်သာ မူတည်၍ တန်ဖိုးရှိလာခြင်းဖြစ်သည်။ သင်သည် အားလပ်ချိန်တွင် ဂိမ်းကစားနေမည်၊ ဘီယာသောက်နေမည်၊ ဖဲရိုက်နေမည်၊ ကြက်တိုက်နေမည် ဆိုလျှင် အချိန်ကတော့ ကုန်နေလိမ့်မည်။ သို့သော် သင့်အတွက်တော့ ထိုအချိန်သည် အကျိုးရှိလိမ့်မည်မဟုတ်။ ထိုကဲ့သို အချိန်ကို ဖြုန်းတီးခြင်းသည် သင့်အား ကျရှုံးခြင်းကိုသာ ရောက်စေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် အောင်မြင်သော လူတစ်ယောက် ဖြစ်လိုလျှင် အချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်ရန် လိုသည်။
အချုပ်အားဖြင့် ဆိုသော် အောင်မြင်ခြင်းသည် မိမိနှင့် လက်လှမ်း မမှီနိူင်အောင် ဝေးကွာလွန်းလှသည့် အယူအဆတစ်ခုသာ မဟုတ်ပါ။ မိမိ၏ လက်တစ်ကမ်းတွင်သာ ရှိသည်ဖြစ်ကြောင်း၊ အောင်မြင်ခြင်းသို့ သွားရာလမ်း တွင် သိသလိုလိုနှင့် သတိမထားမိကြသော၊ လုပ်သလိုလိုနှင့် သေချာစွာ မလုပ်ဖြစ်ကြသော အရေးပါလှသည့် အကြောင်းအရာ အချို့ကို ရေးသားရင်း စာဖတ်သူများအား သတိပေး နှိုးဆော် လိုက်ပါသည်။
ထက်အောင်ဟိန်း
Myanmar-Network