ဘောလုံးကွင်းထဲမှာ အေးတိ၊ အေးစက်မျက်နှာထားနဲ့ ကြမ်းပါတယ်ဆိုတဲ့ အနေအထား ထက်ပိုတဲ့ ဖျက်ထုတ်မှုတွေနဲ့ ပြိုင်ဘက်ပရိသတ်တိုင်းက ရွံရှာစက်စုပ်ရတဲ့ ကစားသမား တစ်ယောက်ရှိပါတယ်။ ယနေ့ခေတ်မော်ဒန်ဘောလုံးလောကရဲ့ မကောင်းတဲ့ ပြယုဒ် အနေနဲ့တောင် ဘောလုံးဝေဖန်သူတွေ ထောပနာပြုခြင်းခံထားရတဲ့ အဲဒီကစားသမား ဟာမကြာသေးခင်ကပဲ ချန်ပီယံလိဂ်ရဲ့ အဝါကတ်အများဆုံးကစားသမားအဖြစ် အဝါကတ်(၃၇)ကတ်နဲ့မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါစခိုးရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။
သူရဲ့(၁၅) နှစ်တာကစားသမားသက်တမ်း တစ်လျောက် အဝါကဒ်(၂၇၅)ကြိမ်၊ အနီကဒ်(၂၄) ကြိမ်ပြသခံခဲ့ရပြီး ဖြစ်ပါတယ်။ သူ့ရဲ့ကစားပုံကို ဝေဖန်သူ ဒုနဲ့ဒေးရှိပေမဲ့ သူကတော့ အရေးတယူ ဖြေရှင်းခြင်းတော့ တစ်ကြိမ်တစ်ခါတောင်မရှိခဲ့ပဲ သူရရှိခဲ့တဲ့ အောင်မြင်မှု တွေနဲ့ပဲ ချေပလေ့ရှိပါတယ်။ ဝေဖန်သူတွေရဲ့တစ်ဖက်ခြမ်းမှာတော့ သူဟာအောင်မြင်မှု တွေအများအပြားနဲ့ ကမ္ဘာအကောင်းဆုံးနောက်ခံလူဆိုတဲ့ နေရာကိုအချိန်ကာလကြာ သိမ်းပိုတ်နိုင်ခဲ့ပါတယ်။ အောင်မြင်မှုဆိုတာတိုက်ခိုက်ယူရတာဆိုတဲ့ စကားဟာ သူအတွက်လိုဖြစ်နေခဲ့ပြီး ဘောလုံးကွင်းထဲမှာ တွန်းရင်း၊ တိုက်ရင်းနဲ့ပဲ၊ ကစားသမား သက်တမ်းတစ်လျောက် သူရရှိနိုင်တဲ့အောင်မြင်မှုအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သူဟာ အသင်းအတွက်အကောင်းဆုံးပေးဆပ်သူဖြစ်ပေမဲ့ သူရဲ့ဆိုးရွားတဲ့ကစားပုံ ကြောင့် ထိုက်တန်တဲ့ချီးမွှမ်းခြင်းကိုတော့မရခဲ့ရှာပါဘူး။ အနီးစပ်ဆုံးအနေနဲ့ ရီရယ်မက်ဒရစ်အသင်း ရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေမှာ ခရစ်စီယာနို ရိုနယ်ဒိုလ်ရဲ့စွမ်းဆောင်ရည်တွေက အဓိက ကျနေပေမဲ့ သူသာနောက်တန်းကနေ တက်ပြီးဂိုးမသွင်းနိုင်ခဲ့ဘူးဆိုရင် အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်တာပဲဖြစ်ပါတယ်။ ဘောလုံးကွင်းထဲမှာ ဘာမထီတဲ့ စိတ်ထားနဲ့ အသင်းရဲ့အောင်မြင်မှုတွေကို လူကြမ်းတစ်ယောက်ပုံစံမျိုးနဲ့ ထမ်းပိုးပေးခဲ့သူကတော့ ကမ္ဘာကျော် စပိန်အသင်းနဲ့ ရီရယ်မက်ဒရစ်အသင်းတွေရဲ့ အသင်းခေါင်းဆောင် ဆာဂျီရိုရာမိုစ့်ဂါစီယာ ပဲဖြစ်ပါတယ်။
ရာမို့ကိုတော့ စပိန်နိုင်ငံ၊ Camas မြို့မှာ ၁၉၈၆ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှာမွေးဖွားခဲ့ တာမို့ ယခုအချိန်မှာ ရာမို့ဟာ အသက်(၃၂)နှစ်အရွယ်ရှိပါပြီ။ သူရဲ့လူငယ်ကစား သမားဘဝကိုတော့ ဆီဗီလာလူငယ်ဘောလုံးအကယ်ဒမီကနေစတင်ခဲ့ပြီး ရာမို့ဟာ နောက်တန်း ကစားသမားဘဝကိုပဲရွေးချယ်ခဲ့ပါတယ်။ လူငယ်အသင်းမှာပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့မှာတော့ ဆီဗီလာအသင်း ကြီးမှာပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ရာမို့ဟာနောက်တန်းနေရာစုံမှာ ပါဝင်ကစားနိုင်သူ ဖြစ်ပြီး လိုအပ်ပါက ကွင်းလယ်ခံစစ်နေရာမှာပါကစားနိုင်ပါတယ်။
ရာမို့ရဲ့ ပထမဆုံး သောလာလာဂီပွဲကိုတော့ ဆီဗီလာအသင်းရဲ့အဝေးကွင်းမှာ ဒီပို့ဒီပို့ အသင်းကို (၁) ဂိုး ၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ(၆၄)မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆီဗီလာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ခဲ့ပြီး စပိန်လာလီဂါရဲ့ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် အသင်းအားလုံးက သတိထား လာမိခဲ့ပါတယ်။ ရာမို့ဟာဆီဗီလာအသင်းနဲ့အတူ ပြိုင်ပွဲစုံ(၄၁)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သူရဲ့ပထမဆုံးသွင်းဂိုးကိုတော့ ဆိုဒီဒက် အသင်းနဲ့ကစားတဲ့ ဆီဗီလာအသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။
အဝေးကွင်းပွဲစဉ်မှာ သူရဲ့ပထမဆုံးသွင်းဂိုးက တော့ ရီရယ်မက်ဒရစ်အသင်းကို (၂-၂)ဂိုးနဲ့ သရေကျတဲ့ပွဲစဉ်မှာဖြစ်ပါတယ်။ သူရဲ့ပထမ ဆုံးသောဥရောပသွင်းဂိုးကိုတော့ ပေါ်တူဂီကလပ် CD Nacionalအသင်းနဲ့ ကစားခဲ့တဲ့ ဥရောပဖလားပြိုင်ပွဲ(ယခုယူရိုပါလိဂ်)ပြိုင်ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ ရာမို့ရဲ့လျင် မြန်လွန်းတဲ့ကစားပုံကြောင့် သူဟာအသင်းလိုအပ်ချိန်မှာ တိုက်စစ်မှူးတစ်ဦး အသွင် နေရာယူကစားလေ့ရှိပါတယ်။ ဒါအပြင်တည်ဘောတွေကို ခေါင်းတိုက်ရာမှာလည်း ထူးချွန်သူဖြစ်ပြီး ပိုင်နယ်တီကန်သွင်းရာမှာလည်း သေသပ်လှပါတယ်။
၂၀၀၅ခုနှစ်၊ နွေရာသီမှာတော့ ဆာဂျီရိုရာမိုဟာ ပြောင်းရွေကြေးစတာလင်(၂၇) သန်းနဲ့ ရီရယ်မက်ဒရစ်အသင်းဆီကိုရောက်ရှိလာခဲ့ပါတယ်။ ယင်းကာလက ရီရယ်ဥက္ကဌ ဖြစ်တဲ့ Florentino Perez လက်ထပ်မှာဝယ်ယူခဲ့တဲ့ ပထမဆုံးသော စပိန်ကစားသမား အဖြစ် ရာမို့ဟာမှတ်တမ်းဝင်ခဲ့ပါတယ်။ Perez ဟာ တစ်နှစ်ကို ကမ္ဘာကျော်ဘောလုံးသမား တစ်ယောက်ကို ရီရယ်ကိုခေါ်ယူပေးမယ်ဆိုတဲ့ ဂတိနဲ့ ရီရယ်ဥက္ကဌနေရာကိုရယူခဲ့ သူလည်းဖြစ်ပြီးလက်ရှိလည်း ရီရယ်ဥက္ကဌအဖြစ်တာဝန်ယူနေဆဲဖြစ်ပါတယ်။ ရီရယ် အသင်းမှာတော့ ရာမို့ဟာ စပိန်ဂန္တဝင်နောက်တန်းကစားသမားဖြစ်တဲ့ ဟီယာရိုရဲ့ ကျောနံပါတ်(၄)ကိုဆက်ခံပြီးကစားခဲ့ပါတယ်။
အစပိုင်းကဒီနံပါတ်နဲ့ပတ်သတ်ပြီး ဝေဖန် မှုတွေရှိခဲ့ပေမယ့် ယခုချိန်မှာတော့ သူဟာ ဟီရာရိုထက်ပိုကောင်းတဲ့ ကစားသမား အဖြစ် ဝေဖန်သူတွေကိုနှုတ်ဆိတ်စေခဲ့ပြီလည်းဖြစ်ပါတယ်။ ရီရယ်အတွက်ဆာဂျီယိုရာမို့ရဲ့ ပထမဆုံးသော သွင်းဂိုးကိုတော့ ၂၀၀၅ခုနှစ်၊ဒီဇင်ဘာ(၆)ရက်နေ့မှာ ကစားတဲ့ ဂရိကလပ်အိုလံပီယာ ကော့ကို(၂-၁)ဂိုးနဲ့ ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်၊ အုပ်စုအဆင့်ပွဲစဉ်မှာ စတင်သွင်းယူနိုင်ခဲ့ပါတယ်။ မူလက ရီရယ်အသင်းမှာ ဗဟိုနောက်ခံလူနေရာကနေ ပါဝင် ကစားခဲ့ပေမဲ့ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ မတ်ဇဲဒါး၊ ပီပီ စတဲ့ကစားသမားတွေ ရောက်ရှိလာတာကြောင့် သူဟာညာနောက်ခံလူနေရာမှာ ပြောင်းရွေကစားခဲ့ပါတယ်။
သူရဲ့လျင်မြန်တဲ့ ပြေးအားနဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုတွေကြောင့် ညာနောက်ခံလူ နေရာမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ (၂၀၁၀)ကမ္ဘာဖလားကို စပိန် အသင်းနဲ့ ရယူနိုင်ခဲ့စဉ်ကလည်းပွဲစဉ်တစ်လျောက် သူဟာညာနောက်ခံလူ နေရာကပဲ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပါတယ်။ ဆာဂျီယိုရာမို့ဟာ ရီရယ်မက်ဒရစ်နဲ့ အတူ (၄)ရာသီလောက်ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သွင်းဂိုး(၂၀)အထက်ရယူနိုင်ခဲ့တာ ကြောင့် ဥရောပထိပ်တန်းလိဂ်တွေမှာ ဂိုးသွင်းအများဆုံးနောက်ခံလူ အဖြစ်မှတ်တမ်း တင်ခြင်းကိုခံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ရီရယ်သမိုင်းမှာ(၉)ယောက်မြောက် အနီကဒ်အများဆုံးကစား သမားအဖြစ် အနီကဒ်(၂၄)ကဒ်နဲ့ ပါဝင်လာခဲ့ပါတယ်။
သူဟာ ရှားရှားပါးပါး ကွင်းပြင်ပလူနေမှုစရိုက်မှာ နူးညံ့သိမ်မွေ့သူဖြစ်ပြီး၊ လေ့ကျင့်ရေးကွင်း မှာလည်း စည်းကမ်းကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဘောလုံးကွင်းထဲရောက်တဲ့ အချိန်မှာတော့ ဆာဂျီယိုရာမို့ဟာ ဘီလူးသရဲတစ်ကောင် ပမာဖြစ်နေပါတော့တယ်။ အထူးသဖြင့် ပြိုင်ဘက်ဘာစီလိုနာ ကစားသမား လီယွန်နယ် မက်ဆီအပေါ်သူရဲ့ ကစားပုံတွေဟာ တစ်ဖက်သားကို ဘောလုံးကစားနည်းကနေ အနားယူသွားလောက်တဲ့အထိ ရည်ရွယ်ချက်နဲ့ကစားတဲ့ပုံဖြစ်နေလို့ ဝေဖန်မှုတွေကို တစ်သီကြီးခံခဲ့ရတာပါ။
ဆာဂျီယိုရာမို့ရဲ့ပထမဆုံးသော အနီကဒ်ကို အက်ပန်းညို အသင်းကို (၁-ဝ)မရှိတဲ့ရူံးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာရရှိခဲ့ပါတယ်။ ယခုမန်ယူနည်းပြမော်ရင်ဟိုကိုင်တွယ်နေတဲ့ ရီရယ်အသင်းဟာ ၂၀၁၀၊ နိုဝင်ဘာမှာကစားခဲ့တဲ့ မဟာပြိုင်ဘက် ဘာစီလိုနာကို(၅-ဝ)နဲ့ အရှက်တစ်ကွဲ ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာတော့ ရာမို့ရဲ့လုပ်ရက်တွေဟာ အလွန်ဆိုးရွားခဲ့ပြီး စပိန်ဘောလုံး အသင်းကတောင်အနားပေးဖို့ အထိဝေဖန်ခံခဲ့ရပါတယ်။ ဒါအပြင် စပိန်လက်ရွေးစင် အသင်းအတွင်း ဘာစီလိုနာအသင်းသားတွေနဲ့ ပါဝါလွန်ဆွဲပွဲတွေမှာ ဆာဂျီယိုရာမို့ ကြောင့်ပွဲဆူစေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဘောလုံးလောကသားတွေရဲ့ ဝေဖန် ပြစ်တင်မှုတွေကိုခံခဲ့ရပါတယ်။ ထူးထူးခြားခြားပဲ ဆာဂျီယိုရာမို့ရဲ့ ကွင်းတွင်းစည်းကမ်း ပျက်ဖြစ်စဉ်တွေဟာ နည်းပြမော်ရင်ဟိုရဲ့ ပရောဂမကင်းဘူးဆိုတဲ့စွတ်စွဲချက်တွေ လည်းပေါ်ထွက်လာဖူးတာပါ။
(၂၀၁၄)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ မြို့ခံပြိုင်ဘက်အက်သလက်တီကိုအသင်း ဘက်ကို ပွဲချိန်နောက်ဆုံးမိနစ်မှာ သူသွင်းယူခဲ့တဲ့ချေပဂိုးကြောင့်သာ ရီရယ်တို့အသက်ရှူချောင်ပြီး အချိန်ပိုမှ ာဗိုလ်စွဲနိုင်ခဲ့တာပါ။ ၂၀၁၅ခုနှစ်မှာတော့ ဆာဂျီယိုရာမို့ဟာရီရယ်အသင်းနဲ့ (၂၀၂၀)သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပြီး အသင်းရဲ့ Captain တာဝန်ကိုပါရယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း အက်သလက်တီကိုအသင်းနဲ့ပဲ ထပ်မံတွေ့ဆုံခဲ့ ပြီး (၁-၁)ဂိုးနဲ့ပွဲချိန်တွင်း သရေကျတဲ့ပွဲမှာ ရီရယ်ရတဲ့သွင်းဂိုးဟာ ရာမို့ရဲ့လက်ချက်ပဲ ဖြစ်ခဲ့ ပြီးပိုင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာလည်း ရာမို့ကနောက်ထပ်သွင်းဂိုးတစ်ဂိုးရယူ ပေးခဲ့ပြီး သူအတွက်ဒုတိယမြောက် ချန်ပီယံဖလားကိုရယူခဲ့ပါတယ်။
၂၀၁၇၊ ဇန်နဝါရီလမှာတော့ ဆာဂျီယိုရာမို့ဟာ သူရဲ့(၅၀)ဂိုးမြောက်သွင်းဂိုးကို မာလာဂါ အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနှစ်တည်းမှာပဲ ရီရယ် မက်ဒရစ်အသင်းနဲ့ ပွဲ(၅၀၀)ပြည့်မြောက်ခဲ့ပြီး စပိန်လာလီဂါဖလားကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါအပြင်(၂၀၁၇၊၂၀၁၈)ချန်ပီယံလိဂ်ဖလားတွေကိုလည်း ရာမိုရဲ့ဦးဆောင်မှုနဲ့ပဲ ရီရယ်မက်ဒရစ်က (၃) ကြိမ် ဆက်ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်ဆာဂျီယိုရာမို့ဟာ ချန်ပီယံလိဂ်ဖလားကို(၃)ကြိမ်ဆက် ကိုင်မြှောက်ခဲ့တဲ့ပထမဆုံးသော အသင်းခေါင်းဆောင်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့နောက်ဆုံးရခဲ့တဲ့ (၂၀၁၈) ချန်ပီယံလိဂ်ဖလားဖိုင်နယ်မှာတော့ လီပါဖူးအသင်း တိုက်စစ်ကစားသမား မိုဟာမက်ဆာလက်ကို တမင်ညစ်ကစားပြီး ပြိုင်ပွဲကထွက်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါအပြင်သူဟာပွဲချိန်အတွင်း လီပါပူလ်းဂိုးသမား ကာရီရက်ကို တံတောင်ဖြင့်တိုက်ခဲ့မှုကြောင့် ဦးခေါင်းဒဏ်ရာရခဲ့တယ်လို့ ဆေးစစ်ချက်တွေက ဖော်ပြ ခဲ့တာကြောင့် ရာမို့နဲ့ သူမိသားစုကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ တောင် ရှိခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလန်ပရိသတ်တွေအနေနဲ့ မကြာသေးခင်က ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ပွဲမှာ သူကိုပစ်မှတ်ထားလှောင်ပြောင်ခဲ့ပေမဲ့ ရာမို့ဦးဆောင်တဲ့ စပိန် အသင်းကပဲ (၂-၁)ဂိုးနဲ့ အနိုင်ယူပြနိုင်ခဲ့ပါတယ်။ သူကစားသမားတစ်လျောက် ဝေဖန်မှုတွေနဲ့ နှစ်ပါးသွားနေရပေမဲ့ ရာမို့ဟာအောင်မြင်မှုတွေနဲ့ အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့ပါတယ်။
ဆာဂျီယိုရာမို့ဟာ ၂၀၀၄ခုနှစ်ကစတင်ပြီး စပိန်လက်ရွေးစင် အသက်-၂၁ နှစ်အောက် အသင်းမှာပါဝင်ကစားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊မတ်လ(၂၆)ရက်နေ့မှာ တရုတ်အသင်း နဲ့ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဆာဂျီယိုရာမို့ဟာ အသက်(၁၈)နှစ်နဲ့ ၃၆၁ ရက် အရွယ်နဲ့ အသက်ငယ်ဆုံးသော စပိန်လက်ရွေးစင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ(၅၅)နှစ်အတွင်း စပိန်လက်ရွေးစင်အသင်းမှာ အငယ်ဆုံးပွဲထွက်ကစားခဲ့ သူဖြစ်ပြီးနောက်ပိုင်းမှာတော့ ချယ်ဆီးကွင်းလယ်လူ ဖာဖရီဂက်က သူစံချိန်ကိုချိုးခဲ့ပါတယ်။
ဆာဂျီယိုရာမို့ဟာနိုင်ငံလက်ရွေးစင်အသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို ၂၀၀၅ခုနှစ်၊ အောက်တိုဘာ(၁၂)ရက်နေ့က ဆန်မာရီနိုကို(၆-ဝ)နဲ့အနိုင်ရတဲ့ ကမ္ဘာဖလားခြေစစ်ပွဲမှာ သွင်းဂိုး(၂)ဂိုးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ စပိန် အသင်းနဲ့အတူ ယူရို(၂၀၀၈)ဖလား၊(၂၀၁၀)ကမ္ဘာဖလား၊(၂၀၁၂)ခုနှစ်ယူရိုဖလား တွေကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဒီပြိုင်ပွဲတွေအားလုံးမှာ သူဟာ လက်ရှိသူအောင်မြင်နေတဲ့ ဗဟိုနောက်ခံလူနေရာက မဟုတ်ပဲ ညာနောက်ခံလူ နေရာ ကနေပဲ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ယင်းနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်း ခေါင်းဆောင် ပူယိုး အနားယူသွားတာကြောင့် သူဟာ စပိန်အသင်းရဲ့ဗဟိုနောက်ခံ လူအဖြစ်ကစားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ စပိန်အသင်းဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာသွားခဲ့ပြီး (၂၀၁၄) ကမ္ဘာဖလားမှာဆို အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့တာပဲဖြစ်ပါတယ်။
ဆာဂျီယိုရာမို့ဟာ (၂၀၁၂)ခုနှစ်မှာတော့ စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Pilar Rubio နဲ့ချစ်ကြိုက်ခဲ့ပြီး သား(၃)ယောက်ရဲ့ ဖခင်ဖြစ်လာပါတယ်။ ၂၀၁၈ခုနှစ် ဇူလိုင်လ ရောက်မှသာ ဒီစုံတွဲဟာစေ့စပ်ခဲ့ပါတယ်။ ဆာဂျီယိုရာမို့ဟာ နွားရိုင်းသတ်ပွဲတွေကို အရူးအမူးအားပေးသူဖြစ်ပြီး သူရဲ့အားလပ်ချိန်အများစုကို အဲဒီနွားရိုင်းသတ်ပွဲတွေမှာ အချိန်ကုန်လေ့ရှိပါတယ်။ ဆာဂျီယိုရာမို့ဟာ ကတ်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဘာသာတရားကို ကိုင်းရှိုင်းသူဖြစ်တယ်လို့ မက်ဒရစ်အခြေစိုက် သတင်းတွေ ကဖော်ပြကြပါတယ်။ သူရဲ့ဘာသာတရားအပေါ်ယုံကြည်မှုကို သူရဲ့လက်ဝဲဘက်လက် မောင်းမှာ မယ်တော် Mary ရဲ့ပုံကို ရေးထိုးပူဇော်ထားတာကိုလည်း တွေ့နိုင်ပါတယ်။
သူဟာ ရီရယ်အသင်းနဲ့အတူ လာလီဂါဖလားကို (၂၀၀၆-၂၀၀၇)၊ (၂၀၀၇-၂၀၀၈)၊ ၂၀၁၁-၂၀၁၂၊ (၂၀၁၆-၂၀၁၇) ခုနှစ်တွေမှာဆွတ်ခူးခဲ့ပြီး၊ စပိန်ကို ပါဒယ်ရေးဖလားကို ၂၀၁၀-၂၀၁၁၊ ၂၀၁၃-၂၀၁၄)တွေမှာရယူနိုင်ခဲ့ပါတယ်။ စပိန်စူပါကပ်ကို ၂၀၀၈၊၂၀၁၂၊ ၂၀၁၇၊ ဥရောပချန်ပီယံလိဂ်ဖလားကို ၂၀၁၃-၂၀၁၄၊ ၂၀၁၅-၂၀၁၆၊၂၀၁၆-၂၀၁၇၊၂၀၁၇-၂၀၁၈)၊ ဥရောပစူပါဖလားကို ၂၀၁၄၊၂၀၁၆၊၂၀၁၇၊ FIFA Club World Cupကိုတော့ ၂၀၁၄၊၂၀၁၆၊၂၀၁၇ ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။ ဒါအပြင် ကမ္ဘာအကောင်း ဆုံးအသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးရွေးချယ်ခြင်းကိုခံခဲ့ရတဲ့အပြင် တစ်ဦးချင်းထူး ချွန်မှုများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရှားမှရှားတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။
ဒါအပြင်စပိန်လာလီဂါမှာ(၁၅)ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့နောက်ခံလူ အဖြစ်မှတ် တမ်းဝင်ခဲ့ပါသေးတယ်။ သူဟာလက်ရှိအချိန်ထိ လာလီဂါသွင်းဂိုး(၅၆)ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့တဲ့ နောက်ခံကစားသမားလည်းဖြစ်ပါတယ်။
ဒါပေမဲ့ သူရဲ့အောင်မြင်မှုတွေ၊ ထူးချွန်မှုတွေဟာ သူရဲ့အားကစားသမား မပီသတဲ့ လုပ်ရပ်တွေကြောင့် အမြဲတမ်းငုပ်လျိုးနေခဲ့ရပါတယ်။ ဒါတွေနဲ့ပတ်သတ်လို့ ရာမို့က
“ကျွန်တော်ဟာ ကွင်းအတွင်းမှာခပ်ညစ်ညစ် ကစားတတ်တာကိုတော့ မငြင်းလိုပါဘူး။ ဒီအတွက် ပြန်လည်ဖြေရှင်းနေမှာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကွင်းအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အချို့အဖြစ်အပျက်တွေကတော့ တမင်တကာရည်ရွယ်ခဲ့ တာမျိုးမဟုတ်ပါဘူး။ ဒါကို ဘောလုံးကစားတဲ့သူတိုင်းနားလည်မှာပါ။ ခပ်ကြမ်းကြမ်း မကစားတဲ့ နောက်ခံလူရယ်လို့လည်းမရှိပါဘူး။ ဝေဖန်သူတွေအကြိုက် ကျွန်တော်က စားသွားဖို့စိတ်ကူးမရှိပါဘူး။ ကျွန်တော်က ဝေဖန်သူတွေကို ကိုယ်စားမပြုပါဘူး။ ရီရယ် မက်ဒရစ်နဲ့ စပိန်အသင်းကိုပဲ ကိုယ်စားပြုတာပါ။ အသင်းအောင်မြင်ရာမှာ အစိတ်အပိုင်း တစ်ခုဖြစ်နေခဲ့ရင် ကျေနပ်ပါပြီ” လို့ သူရဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ်။
ရာမို့ အနေနဲ့ ကွင်းတွင်း၊ ကွင်းပြင်ဖိအားများစွာနဲ့ လက်ရှိသူရဲ့ ကစားသမားဘဝကို ဖြတ်သန်းနေတာပါ။ အချို့ကလည်းစပိန်နိုင်ငံအသင်းအတွက် ရာမို့ ပေးဆပ်တာ တွေကိုထောက်ထားပြီး စပိန်ဘောလုံးအာဏာပိုင်တွေ အနေနဲ့ ရာမို့ကို စောင့်ရှောက် ပေးသင့်တယ်လို့ တောင်းဆိုမှုတွေရှိနေခဲ့ပါတယ်။ အထူးသဖြင့် ဆာလက်နဲ့ဖြစ်ခဲ့တဲ့ ပြသာနာအတွက် ရာမို့အပါအဝင် သူမိသားစုတစ်ခုလုံးဟာ အသက်အန ္တရာယ်ခြိမ်း ခြောက်မှုကိုတောင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရာမို့ဟာ သူအပေါ်ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဉ်တွေကို မီဒီယာထက်ကိုချပြမှုအလွန်နည်းပါးပြီး ပရိတ်သတ်ဆီကနေ မျက်ရည်ချူဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ကြောင်းလည်း အတိအလင်း ဝန်ခံထားသူပါ။ ဘယ်လိုပဲဝေဖန်မှုတွေ၊အခက်အခဲတွေရှိနေပါစေ၊ အသက်(၃၂)သား ဆာဂျီယိုရာမို့ဂါစီယာ ကတော့ သူပုံစံအတိုင်းဘောလုံးကွင်းထဲမှာ တိုက်ရင်းခိုက်ရင်းနဲ့ပဲ အောင်မြင်မှုတွေ ကိုဆက်လက်ရယူဖို့ ကြိုးစားနေမှာတော့ အမှန်ပါပဲ။
လောကမှာ အဆိုးနဲ့အကောင်း၊ အလင်းနဲ့အမှောင်၊ ဓမ္မနဲ့ အဓမ္မဆိုတာ နယ်ပယ်တိုင်းရောနှောနေ ပြီး လူသားတွေရဲ့ဖြတ်သန်းရာဘဝလမ်းကြောင်းတွေဟာ ကွဲပြား တာကြောင့်လည်း အစွန်းတစ်ဖက်ထဲကနေ ကြည့်မယ်ဆိုရင်တော့ ရာနှုန်းပြည့် အမှန်တရားဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ဒီလိုပါပဲဘောလုံးလောကရဲ့ အကြမ်းဆုံး ကစားသမား၊ အညစ်ပတ်ဆုံးကစားသမားရယ်လို့ ရာမို့အပေါ် အများကနာမည်တပ်ကြပေမဲ့ မက်ဒရစ်မြို့သားတွေအတွက်တော့ သူဟာ အဖြူရောင်မိစ္ဆာလို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ခံရသူတစ်ဦး ဖြစ်နေပါတော့တယ်။