အေဒီ ၊ ဘီစီ နဲ့ သက္ကရာဇ်တွေအကြောင်းကို အရင်ကတည်းက ပိုစ့်တင်ဖူးသလို မန့်တွေမှာလည်း ခဏခဏဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ထပ်မေးမေး လာတဲ့ သူတွေအတွက် ပိုစ့်ထပ်တင်ပေးလိုက်ပါတယ်။ မြန်မာ့ သမိုင်း ရာဇဝင် တွေကိုဖတ်တဲ့အခါ မဟာသက္ကရာဇ်၊ သာသနာ သက္ကရာဇ်၊ ကောဇာ စသည်ဖြင့်တွေ့ပြီး ကမ္ဘာ့သမိုင်းစာပေတွေမှာတော့ အေဒီ၊ ဘီစီ တို့ကိုတွေ့လို့ ခုနှစ် သက္ကရာဇ်တွေအကြောင်းကို သိချင်သူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ၂၄ နာရီ ကို တစ်ရက် ဟု သတ်မှတ်ပြီး ၃၆၅ ရက် ကို အချိန် တစ်နှစ် ဟု သတ်မှတ်ပါတယ်။ တစ်နှစ်ကို သက္ကရာဇ် တစ် အဖြစ်လည်း သတ်မှတ်ပါတယ်။ အောက်ပါအတိုင်း သက္ကရာဇ် ၅ မျိုး ရှိပါတယ်။
၁။ မဟာ သက္ကရာဇ်
ဂေါတမဘုရားရှင်၏ အဘို ဒေဝဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး လက်ထက်တွင် မူလရှိပြီး သက္ကရာဇ် ၈၆၄၅ခု ကိုဖြိုကာ မဟာသက္ကရာဇ် ၁ ခုကို စတင်ရေတွက်ပါတယ်။ သ က္ကရာဇ်လို့ခေါ်ရခြင်း အကြောင်းကတော့သာကီဝင်မင်းများစတင်ရေတွက်သော နှစ် (သက္က+ရာဇ) ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီ မဟာသက္ကရာဇ်ဟာ အဖြိုခံလိုက်ရတဲ့အတွက်ကြောင့် သက်တမ်း ၁၄၈ နှစ်ပဲ ကြာခဲ့ပါတယ်။
၂။ သာသနာ သက္ကရာဇ်
မဟာသက္ကရာဇ် ၁၄၈ ခု ကိုရောက်တဲ့ အခါ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မှုပါတယ်။ ပရိနိဗ္ဗာန်စံပြီးလေးလ အကြာမှာ ရာဇဂြိုဟ်ပြည့်ရှင်ဘုရင်အာဇာတသတ်ကြီးကြပ်၍ ပထမသင်္ဂါရတနာတင်ပြီးနောက် မဟာသက္ကရာဇ်ကိုဖြိုကာ သာသနာသက္ကရာဇ် ၁ ခု လို့ စတင်ရေတွက်ပါတယ်။ ဒီကနေပြီး သာသနာ သက္ကရာဇ်ဟာ ပေါ်ပေါက်လာခဲ့ပါတယ်။
၃။ ကောဇာ သက္ကရာဇ် ၊ မြန်မာသက္ကရာဇ်
သာသနာ သက္ကရာဇ်၆၂၄ ခု ရောက်တဲ့အခါ သရေခတ္တရာမင်းဆက် သုမုန္ဒရီမင်းက သက္ကရာဇ် ၆၂၂ ခု ကို ဖြိုကာ မြန်မာ သက္ကရာဇ် ၂ ခုက စတင်ရေတွက်ပါတယ်။( အလွယ်ပြောရင် သာသနာ သက္ကရာဇ် ၆၂၄ခု ကို ဖျက်လိုက်ပြီး မြန်မာသက္ကရာဇ် ၂ ခုလို့ပြင်လိုက်တာပါ)။ ဒီသက္ကရာဇ်ကို ဆက်လက် သုံးစွဲခဲ့ပြီး ၅၆၂ ခု ရောက်ချိန် ပုဂံပြည် ပုပ္ပါးစောရဟန်းမင်းလက်ထက်မှာ သက္ကရာဇ် ၅၆၀ ကို ဖြိုလိုက်ပြီး ၂ ခုကနေ ရေတွက်ပြန်ပါတယ်။ အခုကျွန်တော်တို့ သုံးနေတဲ့ မြန်မာပြက္ခဒိန်ဟာ ဒီကနေစတာပဲ ဖြစ်ပါတယ်။ အခုရောက်ရှိနေတဲ့ မြန်မာသက္ကရာဇ် နဲ့ ဖြိုခဲ့တဲ့နှစ်တွေကို ပေါင်းလိုက်ရင် ၁၃၈၂+၅၆၀+၆၂၂ = ၂၅၆၄ ဆိုတဲ့ သာသာနှစ်ကို သိရမှာပဲဖြစ်ပါတယ်။
ကမ္ဘာ့လူမျိုးအသီးသီးမှာ ရေတွက်ပုံစနစ်တွေများစွာရှိပေမယ့် တစ်ကမ္ဘာလုံးသိတဲ့ သက္ကရာဇ်တွေကတော့ ဘီစီ နဲ့ အေဒီ ပဲ ဖြစ်ပါတယ်။ အေဒီ နဲ့ ဘီစီ အသုံးတွေကိုတော့ ဂျူလီယန် နဲ့ ဂရီဂိုးရီးယန်း ပြက္ခဒိန်တွေမှာ နှစ်တွေ နံပါတ်စဉ်တပ်တဲ့အခါကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဂျူလီယန် ပြက္ခဒိန်ကတော့ ၄၆ ဘီစီ မှာ ရောမဧကရာဇ် ဂျူးလိယက်ဆီဇာက ဂရိ နက္ခတ်ဗေဒ နဲ့ သင်္ချာ ပညာရှင် တွေရဲ့ အကူအညီ နဲ့ ဖန်တီးစေခဲ့တာဖြစ်ပါတယ်။ ၁၆ ရာစု ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီလက်ထက်မှာတော့ ဒီပြက္ခဒိန်ကို ပြုပြင်ပြီး ဂရီဂိုရီယန် ပြက္ခဒိန်အဖြစ် သုံးစွဲခဲ့တာ ယနေ့ထိတိုင်ဖြစ်ပါတယ်။
၄။ ခရစ် သက္ကရာဇ် ( အေဒီ )
အေဒီ AD ရဲ့ အရှည်ကောက်ကတော့ အလယ်ခေတ် လက်တင်ဘာသာစကား နဲ့ Anno Domini ဆိုပြီးဖြစ်ပါတယ်။ အဓိပ္ပါယ်ကိုတော့ “in the year of the Lord” ၊ “in the year of our Lord” ခရစ်တော်ပေါ်လာခဲ့တဲ့နှစ် လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီအချိန်ကနေ စတင်လို့ အေဒီ ၁ ခုနှစ်စတင်ပါတယ်။ ယခု ၂၀၂၀ ခုနှစ် ဆိုတာ အေဒီ ၂၀၂၀ ဖြစ်ပါတယ်။
၅။ ခရစ်သက္ကရာဇ် (ဘီစီ)
ဘီစီ BC ရဲ့ အရှည်ကောက်ကတော့ Before Christ ခရစ်တော်မပါ် မီကာလ ကို ဆိုလိုပါတယ်။ ယခုနှစ်ဟာ အေဒီ ၂၀၂၀ ခုနှစ်ကို လျှော့ရေတွက်သွားရင် နောက်ဆုံး အေဒီ ၁ ကို ရောက်ပါလိမ့်မယ်။ အဲဒီအေဒီ ၁ ရဲ့ အရှေ့က ခုနှစ်ကို ဘီစီ ၁ လို့ ရေတွက်ပါတယ်။ ဘီစီ ၂၀၀ ဆိုရင် ခရစ်တော်ပေါ်လာဖို့ နှစ် ၂၀၀ အလိုလို့ အဓိပ္ပါယ်ရပါတယ်။ ဘီစီ ၂၀၀၀ ဆိုရင် ခရစ်တော် ပေါ်လာဖို့ နှစ်ပေါင်း ၂၀၀၀ လို့ အဓိပ္ပါယ်ရပါတယ်။
ဒီနေရာမှာ မသိတဲ့ တချို့ မျက်စိလည်သွားတတ်ပါတယ်။ ဥပမာ စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား ဆိုပါစို့။ “သူဟာ ဘီစီ ၃၅၆ မှာ မွေးပြီး ဘီစီ ၃၂၃ မှာ ကွယ်လွန်ပါတယ်။ ” ဆိုတဲ့ စာကြောင်းကို ဖတ်မိရင် အရှေ့အနောက်လွဲနေသလား ထင်သွားတတ်ပါတယ်။ တကယ်က မလွဲပါဘူး။ ဘီစီ ၃၅၆ ဖြစ်တဲ့အတွက် ခရစ်တော်ပေါ်ဖို့ ၃၅၆နှစ်အလို ဖြစ်ပြီး ၊ ဘီစီ ၃၂၃ ဖြစ်တဲ့အတွက် ခရစ်တော်ပေါ်လာဖို့ ၃၂၃ နှစ်အလို ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘီစီ ခုနှစ်တွေကို ရေတွက်ရင် လျှော့ပြီး ရေတွက်ရတဲ့ သဘောပါ။
အခုနောက်ပိုင်းမှာတော့ BC နဲ့ AD အစား BCE နဲ့ CE ဆိုပြီး ပြောင်းလဲ အသုံးပြုလာတာကို တွေ့ရပါတယ်။ CE ရဲ့ အရှည်ကောက်က Common(Current) Era ယနေ့ခေတ်ကာလ ဖြစ်ပြီး BCE ရဲ့ အရှည်ကောက်က Before Common(Current) Era ယနေ့ခေတ်ကာလမတိုင်မီ ဆိုပြီးဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ CE ဟာ အေဒီကို ပြောတာဖြစ်ပြီး BCE ကတော့ BC နဲ့ အဓိပ္ပါယ်အတူတူပါပဲ။