ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ရန်ကုန်မြို့၏ သင်္ကေတ တစ်ခုအဖြစ်သာမက မြန်မာနိုင်ငံ၏ အမှတ်လက္ခဏာတစ်ခုအဖြစ်ပါ ကမ္ဘာအနှံ့ထင်ရှားသည့် ရွှေတိဂုံ စေတီတော် ကို လွန်ခဲ့သည့် နှစ် ၂၆၀၀ ကျော်က တည်ထားခဲ့သည်ဟု ယူဆကြသည်။ရွှေတိဂုံသည် ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း အဆောက်အအုံတစ်ခုအဖြစ် သာမက တင့်တယ်သပ္ပါယ်သော ရွှေစေတီကြီး တစ်ဆူအဖြစ်ပါ ထင်ရှားသည်။
သိဂုၤတ္တရကုန်းမြင့်ပေါ်တွင် ရွှေတိဂုံစေတီတော်ကို တည်ထားခဲ့စဉ်က စေတီတော်ဝန်းကျင်နေရာများတွင် သစ်ပင်သစ်တော များဝန်း ရံနေခဲ့သည်။ရန်ကုန်မြို့သည် ခေတ်အဆက်ဆက် မြို့ပြဖွံ့ဖြိုးလာချိန်တွင် စေတီတော်၏ အရပ်မျက်နှာလေးဘက်တွင် မုခ်ဦးတန်ဆောင်းများတည်ဆောက်၍လမ်းများ ကို ဖောက်လုပ်ခဲ့ကြသည်။
ရွှေတိဂုံစေတီတော်၏ မုခ်အသီးသီး၏ အောက်ခြေ မြေကွက်လပ်များတွင် မြန်မာနိုင်ငံ၏ အထင်ကရ လူပုဂ္ဂိုလ်များ၏ ဂူ ဗိမာန်များကို ထားရှိသည့်အနက် စေတီတော် အနောက်မုခ်နှင့် မြောက်ဘက်မုခ်အကြားရှိ အာဇာနည်ဗိမာန်သည် အထင်ရှားဆုံး ဖြစ်သည်။
ထို့အတူ စေတီတော် တောင်ဘက်ခုခ်အဆင်းရှိ ရွှေတိဂုံ ဘုရားလမ်းအနောက်ဘက်ခြမ်းတွင် သမိုင်းဝင် ဂူဗိမာန် လေးလုံး ကို လေ့လာနိုင်ကြပေသည်။ ဂူဗိမာန်များထားရှိသည့် ယင်းဝင်းခြံအတွင်း၌ သီပေါမင်း၏ မိဖုရား စုဖုရားလတ်၊ ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့် နှင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး ဒေါ်ခင်ကြည်တို့၏ အုတ်ဂူများကို မြင်တွေ့ကြရသည်။
စုဖုရားလတ် (ခရစ်နှစ် ၁၈၅၉-၁၉၂၅)
မြန်မာနိုင်ငံသမိုင်းတွင် နောက်ဆုံး ဘုရင်ဖြစ်သည့် သီပေါမင်း၏ ကြင်ယာတော် စုဖုရားလတ်ကို ခရစ်နှစ် ၁၈၅၉ ခုနှစ် ဧပြီ လ ၁၂ ရက်တွင် မင်းတုန်းမင်းနှင့် အလယ်နန်းတော် မိဖုရား ဆင်ဖြူမရှင်တို့က ဒုတိယမြောက်သမီးတော်အဖြစ် ဖွားမြင်ခဲ့သည်။ သီရိ ပဝရ တိလောက မင်္ဂလာ မဟာရတနာဒေဝီ ဘွဲ့ခံ စုဖုရားလတ် ၏ မယ်တော် ဆင်ဖြူမရှင်သည် ကုန်းဘောင်ဆက်ဘုရင် စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နုတို့၏ သမီးဖြစ်ပြီး မြန်မာသမိုင်းတွင် ပုဂံခေတ်ဖွားစော၊ ကုန်းဘောင်ခေတ်တွင် နန်းမတော် မယ်နု နှင့် စုဖုရားလတ် တို့သည် အထင်ရှားဆုံး မိဖုရားများဖြစ်ခဲ့ကြသည်။
သီပေါမင်းသည် မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး ခမည်းတော်တူ၍ မယ်တော်ကွဲသည့် နှမဖြစ် သူ စုဖုရားလတ်နှင့် လက်ဆက်ခဲ့ပြီး မင်းတုန်းမင်း နတ်ရွာစံ ပြီးနောက် ခရစ်နှစ် ၁၈၇၈ ခုနှစ်တွင် ကုန်းဘောင်ဘုရင်ဖြစ်လာခဲ့သည်။ သီပေါမင်းသည် ရတနာပုံမန္တလေးတွင် ခုနစ်နှစ်ကြာ နန်းစံခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က နန်းမှချကာ အိန္ဒိယသို့ ပို့ ဆောင်ခဲ့သဖြင့် မိဖုရားဖြစ်သူ စုဖုရားလတ်လည်း လိုက်ပါသွားခဲ့ရသည်။ ထိုအချိန်တွင်သီပေါမင်းသည် အသက် ၂၇ နှစ်၊ စုဖုရား လတ် က အသက် ၂၆ နှစ် အရွယ်သာ ရှိခဲ့ကြသည်။
ကုန်းဘောင်ဆက် နောက်ဆုံးဘုရင်နှင့် မိဖုရားတို့သည် အိန္ဒိယနိုင်ငံတွင် နှစ် ၃၀ ကြာနေခဲ့ကြရပြီး သီပေါမင်းသည် ၁၉၁၆ ခုနှစ် တွင် ရတနာဂီရိ၌ နတ်ရွာစံခဲ့သည်။ဗြိတိသျှ အစိုးရက သီပေါမင်း၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ သယ်ယူခွင့်မပြု သဖြင် အိန္ဒိယနိုင်ငံ၌ပင် သဂြိုဟ်မြှုပ်နှံခဲ့ရသည်။ဗြိတိသျှ အစိုးရသည် စုဖုရားလတ်ကို ၁၉၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်စေခဲ့ကာ မန္တလေးသို့ သွားခွင့်မပြုခဲ့ချေ။
စုဖုရားလတ်သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် သခင် ကိုယ်တော်မှိုင်းက အကြံဉာဏ်များပေးခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် အသက်ကိုးနှစ် အရွယ်၌ သီပေါမင်းနှင့် စုဖုရား လတ်တို့ ပါတော်မူသည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် အရှင်နှစ်ပါးကို ဗြိတိသျှ တပ်များက ဧရာဝတီ မြစ်ဆိပ်ရှိ သူရိယ သင်္ဘောသို့ ခေါ် ဆောင်သွားပုံကို မန္တလေး မြို့၊မြတောင် ကျောင်းတိုက်၊စာတော်ဝန် ဦးစံကျောင်းပေါ်မှ ကိုယ်တိုင် မြင်တွေ့ခဲ့သည်။
စုဖုရားလတ်သည် အသက် ၆၆ နှစ် အရွယ်၊၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊အင်္ဂါနေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ရာ ဆွေတော် မျိုးတော်များက မန္တလေး မြို့တွင်မြှုပ်နှံရန် ဆန္ဒရှိခဲ့သော်လည်း ဗြိတိသျှ အစိုးရက ခွင့်မပြုခဲ့ဘဲ ဈာပန ကျင်းပသည့်နေ့ကို ရုံးပိတ်ရက်အဖြစ်ကြေညာပေးခဲ့သည်။ စုဖုရားလတ်၏ရုပ်ကလပ်ကို ယခုထားရှိသော နေရာတွင်မြှုပ်နှံသည့် အခမ်းအနားသို့ သံဃာ တော်အပါး ၉၀ ကြွရောက်ခဲ့သည်။ စုဖုရားလတ်၏ ဈာပန အခမ်းအနားသို့ ဗြိတိသျှ ဝန်ရှင်တော် မင်းကြီး ဆာဟားကုတ် ဘတ္တလာ တက်ရောက်ခဲ့ကာ ရုပ်ကလပ်ကို ထီးဖြူ ရှစ်လက်မိုးလျက် ဂုဏ်ပြု သေနတ် အချက် ၃၀ ပစ်ဖောက်ခဲ့သည်။
သီပေါမင်းနှင့် စုဖုရား လတ်တို့ သည် သားတော် တစ်ပါးနှင့်သမီးတော် လေးပါး ထွန်းကားခဲ့သည်။ ယခုအခါတွင် စုဖုရား လတ်၏ ဂူဗိမာန်ပတ်လည်တွင် ကွယ်လွန်ခဲ့သည့် ဆွေတော်မျိုးတော် ခြောက်ဦး၏ အုတ်တိုင် မှတ် တမ်းများ စိုက်ထူထားသည်။
သခင်ကိုယ်တော်မှိုင်း (ခရစ်နှစ် ၁၈၇၆-၁၉၆၄)
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးအဖြစ်ထင်ရှားသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ခရစ်နှစ် ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်(မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်း လပြည့်ကျော် ၁၄ ရက်) တွင် အဖ ဦးစံဒွန်း၊အမိ ဒေါ်အုန်းတို့က ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ဝါးလယ်ရွာတွင် ဖွားမြင်ခဲ့သည်။မွေးချင်း ငါးယောက်အနက်ဒုတိယမြောက်ဖြစ်ပြီး ငယ်နာမည်မှာ မောင် လွမ်းမောင်ဖြစ်သည်။ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ကြီးထံတွင် ပညာသင်ယူခဲ့ပြီး မန္တလေးမြတောင်ကျောင်းတွင် ရှင် ပဏ္ဍိတ ဘွဲ့အမည်ဖြင့် ကိုရင်ဝတ်ခဲ့ပြီး စစ်ကိုင်း၊ချောင်းဦး၊ အလုံ၊မောင်းထောင်၊ ဘုတလင်၊ကန္နီဒေသများတွင် ပညာသင်ယူခဲ့သည်။
၁၉၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကာ၁၉၀၃ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် ဇာတ်စာအုပ်များနှင့် ပြဇာတ် အပုဒ် ၈၀ ရေးသားပြီးနောက် ၁၉၁၂ ခုနှစ် ဝန်းကျင်တွင် အင်္ဂလိပ် ကို အထင်ကြီးလျက် ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားချိန်တွင် ချဉ်ပေါင်ရွက် သည် မောင်မှိုင်း ဝတ္ထုထဲမှ လူရှုပ်လူပွေ မောင်မှိုင်း၏အမည်ကိုယူ၍ မစ္စတာ မောင်မှိုင်းအမည်ဖြင့် သူရိယ သတင်းစာတွင် ဆောင်းပါး များ ရေးသားခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် သူရိယ သတင်းစာတွင် အယ်ဒီတာ လုပ်နေရာမှ စားဝတ်နေရေး အခက်အခဲများရှိသည့်တိုင် သပိတ် မှောက်ကျောင်းသားများကိစ္စသည် အမျိုးသားရေးကိစ္စဟု ယူဆကာ သတင်းစာမှ ထွက်၍ ဗဟန်း အမျိုးသားကောလိပ်တွင် မြန်မာ စာပေနှင့်ရာဇဝင်ဘာသာရပ်များပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့မင်သား ဝေလ ကို ဂုဏ်ပြုသည့် ရတုကို ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ်ဖြင့် ရေးပေးရန် ဦးမေအောင်က ပန်ကြားခဲ့ခြင်းကို ငြင်းပယ်ခဲ့သည်။ထိုအချိန်က ငွေတန်ဘိုးသည် ရွှေ တစ်ကျပ်သား ဝယ်လျှင် မြန်မာငွေ ၁၀ ကျပ်သာ ပေးရသည့် အချိန်ဖြစ်ရာ များပြားလှသည့် ငွေကြေးကို တိုင်း တစ်ပါးသားအားဂုဏ်ပြုရမည့် စာတစ်ပုဒ်နှင့် မလဲခဲ့သည့် သခင်ကိုယ်တော်မှိုင်း၏ လုပ်ရပ်သည် အားကျ ဂုဏ်ယူဖွယ် ထင်ရှား ခဲ့ ပေသည်။
သခင်ကိုယ်တော်မှိုင်းသည် ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ပေါက်ခဲ့သည့် ၁၉၃၀ ပြည့်နှစ်တွင် သူရိယ သတင်းစာ၌ ဂဠုန်ဒီပနီ ဆောင်းပါးများရေးကာ တောင်သူလယ်သမားများဘက်မှ ရပ်တည်ခဲ့သည်။ ရေနံချောင်းမြို့တွင် ၁၉၃၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမအကြိမ် သခင်များညီလာခံက သခင်ကိုယ်တော်မှိုင်းကို တို့ဗမာ အစည်းအရုံး နာယကအဖြစ် တင်မြှောက်ခဲ့သည်။ထိုအချိန်မှစ၍ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်း လဲခဲ့ သည်။သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာ အစည်းအရုံး နာယကအဖြစ် မြန်မာနိုင်ငံတစ်ဝန်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေးတရားများဟောခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှတို့၏ ဖမ်းဝရမ်းထုတ်ခြင်းခံရသဖြင့် တိမ်းရှောင်ခဲ့သည်။ဖက်ဆစ် ဂျပန်တော်လှန်ရေး ကာလ (ခရစ်နှစ် ၁၉၄၄-၁၉၄၅) တွင်လည်း သခင်ကိုယ်တော်မှိုင်းသည် တပည့် သခင်များနှင့်အတူ ရှောင်တိမ်းပုန်း အောင်းနေခဲ့ရသည်။ သခင်ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေး ဆောင်ရွက်မှုအဖြစ် ၁၉၅၃ ခုနှစ်တွင် တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ဟန်ဂေရီ နိုင်ငံ နှင့် ဆိုဗီယက်ယူနီယမ်နိုင်ငံတို့သို့ ခရီးလှည့်လည်ခဲ့သည်။၁၉၅၇ ခုနှစ်တွင် သီဟိုဠ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ငြိမ်းချမ်းရေး ကွန်ဖရင့် တက်ရောက်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် တွင် အရှေ့ဂျာမနီ ဟမ်းဘတ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖခင်ကြီးတစ်ဦးအဖြစ် ထင်ရှားသည့် သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ရက်တွင် ကွယ်လွန်ခဲ့ရာ ကြွင်းကျန်သည့် ရုပ်ကလပ်ကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ခြေတော်ရင်းတွင် မြှုပ်နှံခဲ့သည်။ ဆရာကြီး သည် စာအုပ် ၅၉ အုပ်ရေးသားကာ စာအုပ် ၁၅ အုပ် ကို တည်းဖြတ် ထုတ်ဝေခဲ့သည်။
ဦးသန့် (ခရစ်နှစ် ၁၉၀၉-၁၉၇၄)
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူ ဦးသန့်သည် အာရှတိုက်သားများအနက် ပထမဆုံး အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သည့် မြန်မာ့ဂုဏ် ဆောင် သံတမန်တစ်ဦးဖြစ်သည်။ ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အဖ ဦးဖိုးနှစ် ၊အမိ ဒေါ်နန်းသောင်တို့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် ဖွားမြင်ခဲ့သည်။မွေးချင်းလေးဦးအနက် အကြီးဆုံးဖြစ်ကာ မိဘများသည် မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ် ကြသည်။ဦးသန့်၏ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တားမြို့တွင်ပညာသင်ယူခဲ့သူတစ်ဦးဖြစ်သဖြင့် ဦးသန့်သည် ဖခင်ဖြစ်သူထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတများကို သင်ယူခွင့်ရရှိခဲ့သည်။
ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူပြီးနောက် ပန်းတနော်မြို့၊ အမျိုးသားကျောင်းတွင် တာဝန်ထမ်းဆောင် ကာ ကျောင်းအုပ်ဖြစ်လာခဲ့သည်။ထိုအချိန်တွင် မအူပင်ပညာအုပ် ဦးနုနှင့် ခင်မင်ရင်းနှီးခဲ့ကာ ဦးနု ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် ဦးသန့်အား ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာနညွှန်ကြားရေးဝန်အဖြစ် တာဝန်ပေးခဲ့သည်။နောက်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်လာခဲ့ကာ နိုင်ငံတကာ အစည်းအဝေးများကို တက်ရောက်ခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ ၊ဘန်ဒေါင်းမြို့တွင်ကျင်းပ ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ထူထောင်ရေး ပထမအကြိမ် အာရှ အာဖရိက နိုင်ငံများညီလာခံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
ဦးသန့်သည် ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး၁၉၆၁ ခုနှစ်အထိ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်း မားရှိုးရုတ်တရက် ကွယ်လွန်ခဲ့ပြီးနောက် ဦးသန့်အား ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစ၍ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံက ယာယီ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်တွင် ကုလ သမဂ္ဂ အထွေထွေညီလာခံက ဦးသန့်ကို အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ဦးသန့်သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ပထမအကြိမ်သက်တမ်းအတွင်း ကျူဘား ဒုံးကျည်ပြဿနာနှင့် ကွန်ဂို ပြည်တွင်းစစ်အရေးတို့ကို အောင်မြင်စွာ ဖြေရှင်းပေးခဲ့သည်။၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယ သက်တမ်း ဆက်လက် ထမ်းဆောင်ရန် ခန့်အပ်ခံရသည်။ဦးသန့်သည် နိုင်ငံတကာ အရေးများတွင် ကြားဝင်စေ့စပ်မှုများစွာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။အထူးသဖြင့် ဒုတိယ သက်တမ်းအတွင်း အာရပ် အစ္စရေး ခြောက် ရက်စစ်ပွဲ(၁၉၆၇ ခုနှစ်)၊အိန္ဒိယ ပါကစ္စတန်စစ်ပွဲ(၁၉၇၁ ခုနှစ်) တို့ကို အေးငြိမ်းစေရန် ဖြေရှင်းပေးခဲ့သည်။ ဗီယက်နမ်စစ်ပွဲကို ပစ်တင်ဝေဖန်ခဲ့သဖြင့် အမေရိကန်အစိုးရနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့သည်။
ဦးသန့်သည် မိမိသက်တမ်းမကုန်မီ ၁၀ ရက်အလို၊ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် အတွင်းရေးမှူးချုပ် အသစ် ကွတ်ဝါးလ်ဟိုင်းကို တာဝန်များ လွှဲပြောင်းပေးခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ဦးသန့်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်ကွယ်လွန်ခဲ့ပြီးနောက် သူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် နိုင်ငံရေးရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဦးသန့်၏ ရုပ်အလောင်းကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင် မြှုပ်နှံခဲ့သည်။ ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ကာ သားသမီးသုံးဦး ထွန်းကားခဲ့သည်။
ဒေါ်ခင်ကြည် (ခရစ်နှစ် ၁၉၁၂-၁၉၈၈)
မြန်မာနိုင်ငံ၏ အမျိုးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာ သီရိသုဓမ္မ ဒေါ်ခင်ကြည်ကို ဓရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ အဖ ဦးမိုးညှင်း၊ အမိ ဒေါ်စုတို့က ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဖွားမြင်ခဲ့သည်။မွေးချင်းကိုးဦးအနက် သတ္တမ ဖြစ် သည်။မြောင်းမြ၊ကြည့်မြင်တိုင်နှင့် မော်လမြိုင်မြို့တို့တွင်ပညာသင်ယူခဲ့ပြီး မြောင်းမြ အမျိုးသား အထက်တန်းကျောင်းတွင် စေတနာ့ ဝန်ထမ်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝါသနာအရ သူနာပြု ဆရာမ အလုပ်ကိုရွေးချယ်ခဲ့သည်။စစ်မဖြစ်မီက ရန်ကုန်ဆေး ရုံကြီးတွင် သူနာပြုတာဝန်ထမ်းဆောင်ခဲ့သည်။
ရန်ကုန်မြို့ ဗုံးဒဏ်သင့်ခံရပြီးနောက် ဒဏ်ရာရလူနာများကို ကလကတ္တားသို့ ပို့ ဆောင်ရာတွင် စေတနာ့ ဝန်ထမ်း လိုက်ပါ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့် သင်္ဘောဖြင့် ပြန်လာခဲ့သည်။ရန်ကုန်ဆေးရုံကြီးတွင် ဂျပန်များတပ် စွဲထားသဖြင့် ဂေါ်ရာကုန်းရှိ ဒိုင်အိုစီဒင် မိန်းကလေးးကျောင်းသည် ဒေါက်တာဘမော် လက်ထက်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာခဲ့ရာ ဒေါ်ခင်ကြည်သည် ယင်းဆေးရုံတွင် အမှုထမ်းနေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆုံဆည်းခဲ့ပြီး၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။၁၉၄၇ ခုနှစ် သြဂုတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း လိုက်နာ ကျင့်ဆောင်ကြပါရန် လူထု ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၄၇ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ မြန်မာ အမျိုးသမီးညွှန်ကြားရေးဝန်အဖြစ်လည်ကောင်း၊၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ဒေါ်ခင်ကြည်သည် ကျန်း မာရေး လူမှုရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်
၍ တက်ရောက်ခဲ့ရာ ကိုလံဘို ညီလာခံတွင် ညီလာခံ သဘာပတိအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ဒေါ်ခင်ကြည်သည် ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်လာခဲ့ကာ နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ်ပါ ပူးတွဲ တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး သံအမတ်ကြီးအဖြစ် ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကာ ဒေါ်ခင်ကြည်သည် တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှု ကြောင့် ပြည်တွင်းပြည်ပ ဆုတံဆိပ်များကို ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်၏ ခြေရင်းတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဂူဗိမာန်များ ထားရှိသည့် အာဇာနည် ဗိမာန်တည်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အထင်ကရ ပုဂ္ဂိုလ် လေးဦး၏ ဂူ ဗိမာန်များလည်း တည်ရှိနေပေသည်။မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များကို ပြည်တွင်းပြည်ပမှ ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြသူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဗိမာန်ဝင်းကို နေ့စဉ် ဖွင့်လှစ်ထားလျက်ရှိပေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်းများ
မောင်သာ (ရှေးဟောင်းသုတေသန)
၂၆ ၊ ၁၂ ၊ ၂၀၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ