မူရင်း ရေးသားသူ – Min Htet Kyaw Swar
ရှေးမြန်မာတို့၏ စစ်လက်နက်များကို လေ့လာလျှင် ထိုးခုတ် ပစ်ခတ်ရသော လက်နက်များနှင့် အကာအကွယ် စစ်လက်နက်များဟူ၍ နှစ်မျိုး ခွဲခြားနိုင်ကြောင်း တွေ့ရှိရသည်။
မဟာရာဇဝင်ကြီးများ၊ အရေးတော်ပုံကျမ်းများအရ ထိုးခုတ်ပစ်ခတ်ရသော လက်နက်များတွင် ဓား၊ လှံ၊ လေးမြား၊ သေနတ်၊ မီးပေါက်၊ အမြောက်၊ စိန်ပြောင်း တို့ပါဝင်ပြီး အကာအကွယ် စစ်ပစ္စည်းများတွင် ဒိုင်း၊ လွှား၊ ကာ နှင့် ကာတောင်းတို့ပါဝင်သည်။
ဒိုင်းကို ပုဂံခေတ်ကပင် စစ်သည်တော်တို့ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် စဉ့်ကွင်းများ နံရံဆေးရေးပန်းချီများတွင် ဒိုင်းကို တစ်ဖက်၊ ဓားလှံတို့ကို တစ်ဖက် ကိုင်ထားသော စစ်သည်တော်ရုပ်များကို တွေ့ရပြီး အဝိုင်းပုံစံ ဖြင့်လည်းကောင်း၊ လေးထောင့်ပုံစံဖြင့်လည်းကောင်း တွေ့ရသည်။

ဒိုင်းကို အသုံးပြုရာတွင် တစ်ဖက်ရန်သူ၏ ဓားချက် လှံချက်တို့ကို ကာကွယ်ရုံသာမက စစ်ပွဲတွင် ပါဝင်သော တစ်ဖက်ရန်သူ၏ တိုက်ဆင်နှင့် စစ်မြင်း များကို ခြောက်လှန့်ရာတွင်လည်း အသုံးပြုသည်။ ဆင်မြင်းများကို ခြောက်လှန့်ရာတွင် ဒိုင်းကို တုတ်တိုကလေးများဖြင့် တစ်တပ်လုံး တစ်ပြိုင်နက် ရိုက်တီးရသည်။
ဤတွင် သတ္တိနည်းသော ဆင် မြင်း တို့မှာ ဒိုင်းခြောက်သံကို ကြားလျှင် သွေးရူးသွေးတန်း ထွက်ပြေးကြသည်။ နရသီဟပတေ့မင်းလက်ထက်တွင် မစ္ဆဂီရိစား ပုန်ကန်သဖြင့် စစ်သူကြီး သရေပစ္စပတေ့ကို စေလွှတ်နှိမ်နင်းသည်။ သရေပစ္စပတေ့၏ ပုဂံတပ်များသည် စစ်မတိုက်မီ ညဉ့်အချိန် ရပ်နားနေစဉ် မစ္ဆဂီရိသားများက ဒိုင်းများတီး၍ ခြောက်ရာ ပုဂံတပ်များ ထိန်းမရအောင် ခြောက်ခြား၍ တပ်ပျက်ခဲ့ရသည်။
လွှားမှာမူ ဒိုင်းကဲ့သို့ အကာအကွယ် ပစ္စည်းဖြစ်သော်လည်း အရွယ်အစား သေးငယ်သည်။ ခေါင်းတွင်လည်း ဆောင်း၍ ရသည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ ရာဇာဓိရာဇ်မင်းကြီးလက်ထက် သံမောင်မြို့စား မဂျိုင်း ပုန်ကန်ရာ သူရဲကောင်း မသံလုံ (နောင်တစ်ချိန်တွင် လဂွန်းအိန်ဟု ကျော်ကြားလာသူ)သည် မဂျိုင်း၏ ခေါင်းထည့်ရန် မြေအိုးတစ်အိုးတောင်းကာ ရာဇာဓိရာဇ်ကို ဦးခိုက်ပြီးလျှင် ဓားနှင့် လွှားစွဲကိုင်လျက် သွားရောက် လုပ်ကြံခဲ့သည်ဟု ဆိုသည်။ (အထူးအရေးကြီးသော ပွဲဖြစ်သည့် အတွက် အရွယ်ကြီးသော ဒိုင်းအစား ပေါ့ပါးသော လွှားကို ရွေးချယ်ခဲ့သည်ကို တွေ့ရသည်။)

ကာ မှာမူ ပင်းယခေတ်က အထူးခေတ်စားခဲ့သော အကာအကွယ် စစ်လက်နက်ဖြစ်သည်။ ငါးစီးရှင်ကျော်စွာလက်ထက်တွင် ကာကို ကိုင်စွဲ၍ က ရာတွင်သီဆိုရသော ကာချင်းတို့မှာ ထင်ရှားသည်။ ကာကို ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ် အထိ အသုံးပြု ကြသော်လည်း ကုန်းဘောင်ခေတ်တွင်မူ မင်းခမ်းမင်းနားများတွင်သာ တွေ့ရတော့သည်ဟု ဆိုသည်။
ကာ ဟူသည် သားရေကို အချင်း နှစ်မိုက်ရှိအောင် ဝိုင်းဝိုင်း ခုံးခုံးပြုလုပ်၍ သစ်စေးသရိုးကိုင်ပြီးလျှင် အနီနှစ်စု၊ ရွှေတစ်စု ခြယ်ထားသည်ဟုဆိုသည်။ မြားနှင့် လောက်လွှဲဖြင့် ပစ်သည့် ခဲလုံးများကို ကာကွယ်ရာတွင် အသုံးချသည်။ ကာတောင်း မှာမူ ကာ အတိုစားဖြစ်သည်။

အင်းဝခေတ်တွင် ဘုရင်မင်းခေါင်သည် လွှား၊ ကာ ကျွမ်းကျင်သူတို့ကို သားတော်ငယ် သီဟသူ၏ တပ်တွင် ဖြည့်တော်မူသည် ဟုတွေ့ရသည်။ ထို့ပြင် မင်းရဲကျော်စွာ သံတွဲမြို့ကို ဝန်းရံလုပ်ကြံစဉ် သုံးလခန့်ကြာသည့်အခါ မြို့တွင်းသားတို့ ငတ်မွတ်သဖြင့် ကာ၊ လွှား၊ မောက်တို တို့ကို ချက်ပြုတ်စားသောက်ကြသည် ဟုဆိုသည်။ (ကာကို သားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရကား သားရေကို ပြုတ်စားသည်နှင့် အတူတူပင် ဖြစ်ပေမည်။)
မြန်မာတို့သည် စစ်သွေးစစ်မာန်တက်ကြွသည့် လူမျိုးများ ဖြစ်သည့်အားလျော်စွာ တိုက်ပွဲများတွင် သူ့ခေတ်သူ့အခါအလျောက် စစ်လက်နက်ပစ္စည်းများကို အသုံးချခဲ့ကြသည်။ ၎င်းတို့အနက် အကာအကွယ် စစ်ပစ္စည်း ဖြစ်သော ဒိုင်း၊ လွှား၊ ကာ တို့ကို အသုံးခဲ့ကြပုံကို မိမိ လက်လှမ်းမီသမျှ ကိုးကားကာ တင်ပြလိုက်ရပါသည်။

(ကျမ်းကိုးအနေဖြင့် ကထိကဦးစိန်လွင်လေး၏ မြန်မာ့စစ်မှတ်တမ်းနှင့်သေနင်္ဂဗျူဟာများစာအုပ်ကို ကိုးကားပြီး စာစီသူမှာ ကျနော် မောင်ကျော်စွာ ကိုယ်တိုင်သာဖြစ်ပါကြောင်း)
Min Htet Kyaw Swar