မြေထဲပင်လယ်အနီးက၊ တူရကီနိုင်ငံပိုင် Kekova ကျွန်းမှာတော့ ရှေးခေတ် အရှေရောမအင်ပါယာ ကာလအတွင်းကတည်းက သဘာဝဘေးကြောင့်ရေအောက်မှာ နစ်မြုပ်ခဲ့ရတဲ့ Lycian မြို့တော်ဟောင်းကြီးတစ်ခုရှိနေပါတယ်။
ဒေသခံတွေက Kekova-Simena လို့သိကြတဲ့ မြို့တော်ဟောင်းကြီးရဲ့ အစိတ်အပိုင်းအချို့ဟာ ကုန်းမြေပေါ်မှာ ကျန်ရှိနေခဲ့ပြီး ကျန်အစိတ်အပိုင်းတွေကတော့ ပင်လယ်ရေအောက်မှာ နစ်မြုပ်နေခဲ့ပြီ လည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အကြာက Simena ဟာ ယင်းခေတ်အခါ ကနာမည်ကျော် စစ်သူရဲကောင်းအုပ်စုဖြစ်တဲ့ Knights of Rhodes ရဲ့ရှေတန်းကင်းစခန်းမြို့တစ်ခုဖြစ်ပြီး ၊ တံငါရွာငယ်လေး အနေနဲ့လည်းတည် ရှိဖူးပါတယ်။
မြို့တော်ဟောင်းရဲ့ အစိတ်အပိုင်းအချို့ဟာ ယနေ့အချိန်ထိ Kekovaကျွန်းမကြီး အပေါ် မှာတည်ရှိနေခဲ့ပြီး အဲဒီနေရာမှာပဲ Kalekyo အမည်ရှိတဲ့ အလယ်ခေတ် AD ၁၁၀၀ မှ ၁၃၀၀ကြားဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံတွေနဲ့ အတူထင်ရှားတဲ့ရွာတစ်ခုလည်း ရှိနေပါပြီ။
Kalekyo ကျေးရွာဟာ ပင်လယ်ကမ်းရိုးတန်းနှင့်အတူ ဆက်စပ်တည်ရှိနေတာ ကြောင့်လည်း အနယ်နယ်အရပ်ရပ်ကခရီးသွားတွေ အပန်းဖြေအနားယူနိုင်တဲ့ နေရာ လည်းဖြစ်ပါတယ်။
ဒါအပြင်ရှေးခေတ်က Knights of Rhodes တွေတည်ဆောက်ခဲ့တဲ့ ရဲတိုက်ကြီးတွေ၊သံလွင်ပင် တွေထူထပ်များပြားစွာ ပေါက်ရောက် နေတဲ့ သချိုင်းကြီးတွေကိုလည်း ယနေ့အချိန်ထိမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
Kekovaကျွန်းရဲ့ အပေါ်ပိုင်းမှာတစ်ဝက်၊ ရေအောက်မှာတစ်ဝက်နစ်မြုပ်နေတဲ့ Lycian မြို့တော်ကြီးဟာ အရှေ့ရောမအင်ပါယာနဲ့ ပတ်သက်တဲ့ သမိုင်းဝင်အမွေအနှစ်များစွာကို ချန်ထားခဲ့ပါတယ်။ အေဒီ ၂ရာစုမှာတူရကီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင် ဒဏ်ကြောင့် Lycianမြို့ရဲ့ တစ်ဝက်လောက်ဟာ နိမ့်ဆင်းသွားခဲ့ပြီး အနီးမှာရှိတဲ့ ပင်လယ်သမုဒ္ဒရာအတွင်း လျောကျခဲ့ရပါတယ်။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မြေသားစိုင်တွေဟာ ကြီးစွာသောရွေလျားမှု ဖြစ်ခဲ့ရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ မြို့တော်ရဲ့ အိမ်ခြေတစ်ဝက်လောက် (ယခုအချိန်မှာ ပျက်ဆီးနေပြီဖြစ်) အပါအဝင် အထိမ်းအမှတ်အဆောက်အအုံ အချို့နဲ့ သဘောၤဆိပ်တွေ အားလုံးပင်လယ်ရေအောက်ကို ရောက်သွားခဲ့ရပါတယ်။
(၁၉၉၀)ခုနှစ်လောက်ကနေ စတင်ပြီးတူရကီအစိုးရက Kekova ကျွန်းတစ်ခုလုံးကို အစိုးရရဲ့အထူးဒေသ တစ်ခုအဖြစ်ကြေငြာခဲ့ပါတယ်။ တစ်ဆက်တည်းလိုပင် ဒီနေရာ ကိုလာရောက်ပြီး ရေကူးခြင်းနဲ့ အပျော်တမ်းဒိုင်ဗင်ထိုးခြင်းတွေကို တားမြစ်ခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှတော့ အထက်ပါတားမြစ်ချက်တွေကို ဖြေလျော့ပေးခဲ့ပြီး ရေအောက်ကိုနစ်မြုပ်နေတဲ့ Lycianမြို့ဧရိယာကိုတော့ တားမြစ်ပိတ်ပင်မှုတွေကို ဆက်လက်လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။