ကော်လိုစီယမ် ရောမဇာတ်ရုံကြီးအကြောင်း

Posted on

ဒီကော်လိုစီယမ် ရဲ့ပုံတွေကို ရောမနဲ့ဆိုင်တဲ့ ဇာတ်ကားတွေ ဓာတ်ပုံတွေမှာ မကြာခဏမြင်ဖူးကြမှာပါ။ ဒီတစ်ခါ ဒီ ကော်လိုစီယမ် ကြီးရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့မျှဝေပေးသွားပါမယ်။ ကေ်ာလိုဆီယမ်ဆိုတာ အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ဧရာမကဇာတ်ရုံကြီးဖြစ်ပါတယ်။ သူ့ကို ဖလားဗီးယန် ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ ဖလားဗီးယန် မင်းဆက်မှာ တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် ကော်လိုစီယမ် ဆိုတဲ့နာမည်ဖြစ်လာပါတယ်။

ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် ဗတ်စ်ပါစီယန် လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား ထိုက်တပ်စ် လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဂျူးလူမျိုးအစေခံ ၆သောင်းခန့်ကို သုံးခဲ့ပါတယ်။ ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်း ကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။

ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ။ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။ စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကိုခြသေ့င်္စာကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေကြည့်ရှု့စရာဖြစ်ခဲ့ပါတယ်။ အများအားဖြင့် ကျွန်တွေကို အမြဲလေ့ကျင့်စေကာ လက်နက်ကိရိယာအမျိုးမျိုးနဲ့ တိုက်ခိုက်စေတာဖြစ်ပါတယ်။ ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကိုတက်စေပါတယ်။

ဒီလိုတိုက်ပွဲတွေမှာ တစ်ယောက်ယောက်က လဲကျသွားပြီး အရှုံးပေးရုံနဲ့ ပွဲပြီးလေ့မရှိပါဘူး။ အဲလိုအခါမျိုးမှာ ပရိသတ်က သတ်ဖြတ်ဖို့တောင်းဆိုလေ့ရှိပြီး အနိုင်ရရှိသူဟာ မသတ်ချင်သည့်တိုင်အောင် လဲကျနေသူကို သတ်ဖြတ်ပြရပါတယ်။ တကယ်လို့မသတ်ပဲ လွှတ်ပေးပါက အနိုင်ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကိုမရပဲ လှောင်ပြောင်မှုတွေကိုသာ ရမှာဖြစ်ပါတယ်။ အနိုင်ရသူက မသတ်ဖြတ်ပေမယ့် ရှုံးနိမ့်သူ အသက်ရှင်ဖို့အခွင့်အလမ်းက နည်းပါးပြီး သူ့ရဲ့ကံကြမ္မာဟာ သခင်က သတ်မသတ်ပေါ်မှာ မူတည်ပါတယ်။

ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင်မြင်တွေ့နိုင်ပါသေးတယ်။ တိုက်ခိုက်သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာသေဆုံးခဲ့သူပေါင်းဟာ ၄သိန်းထက်မနည်းရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ လူနေမှုစနစ် နဲ့ အတွေးအခေါ်များမြင့်တက်လာပြီး ခေတ်အလယ်ပိုင်းရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာမလုပ်တော့ပဲ ပုံမှန်ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။

ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။ ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။