ရေးသားသူ – မိုးစက်ပွင့်( MamaSusieMay Blog )
ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့မိတ်ဆွေများကို ကျေးဇူးတင်ရှိပါတယ်။
ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ ခေါ်ကြတဲ့ အိမ်အကြီးကြီး တစ်လုံး ရှိပါတယ်။ အိမ်က စနေနံဘုရားနဲ့ လမ်းသွယ်သွယ်ကလေးတစ်ခုပဲ ခြားပါတယ်။ တစ်ရက်မှာ အဲဒီအိမ်ကြီးကို ကျမ ကြားဖူးနားဝနဲ့ စပ်စပ်စုစု အလည်ရောက်ခဲ့ပါတယ်။ စနေနံဘုရားအခြေမှာ ထိုင်နေတဲ့ အဖိုးအိုကို “ရေနံ့သာခင်ခင်ကြီး အိမ် ကြည့်ချင်လို့ အဘ” ဆိုတော့ အိမ်ကြီးဆီကို လမ်းညွှန်ပြပေးပါတယ်။
အိမ်ရဲ့ ခြံစည်းရိုးတွေက လုံးဝနီးပါး ပြိုပျက်နေပါတယ်။ တစ်ချိန်တခါက အကာအရံဖြစ်ခဲ့ပုံရတဲ့ အုတ်ရိုးထူထူတွေကို တွေ့ရပါတယ်။ မြစ်ကမ်းနားမှာမို့ ရေတိုက်စားမှုကို အုတ်ရိုးတွေနဲ့ ကာကွယ်ထားခဲ့ပုံပါဘဲ။ အိမ်ရှေ့မှာတော့ မြတ်လေးပန်းရုံကလေးကို ခပ်ပါးပါး တွေ့ရတယ်။ အိမ်ကို ဘေးကနေ လှည့်ပတ်ကြည့်တော့ အနုစိတ်လက်ရာ အလှအပတွေကို တွေ့ရပါသေးတယ်။ တချိန်တုန်းကတော့ သိပ်ကို လှပခံ့ညားခဲ့မှာပါ။
အိမ်ထဲကို အသံပြုကြည့်တော့ အသက် ၄၅ နှစ်အရွယ်လောက် ခပ်ပိန်ပိန် အမျိူးသားတစ်ယောက် ထွက်လာပါတယ်။ ကျောင်းဆရာတဲ့။ ဒီအိမ်ကြီးရဲ့ အမျိုးတော်စပ်တယ်လို့ ပြောပါတယ်။ အိမ်ကြီးက နှစ် ၁၀၀ ကျော်ပြီမို့ တချို့နေရာတွေ ဘိလပ်မြေနဲ့ မံပြီး ပြင်ထားရတယ် လို့လည်း ပြောပြပါတယ်။ “အိမ်အပြင်ကိုတော့ ကြည့်ပါ၊ အိမ်ထဲကတော့ ရှုပ်ပွနေတာမို့ မကြည့်ပါနဲ့”လို့ ပြောပါတယ်။ စိတ်ရင်းအတိုင်းပြောတာ သိသာတာမို့ ကျမတို့လည်း အတင်း မတောင်းဆိုပါ။ မသိမသာလေး ခိုးကြည့်တော့လည်း သူပြောသလိုပဲ၊ အဟောင်းအမြင်းတွေနဲ့ ရှုပ်ပွနေတာပဲ မြင်ခဲ့ရပါတယ်။ အဲဒီလို အိမ်အို အိမ်ဟောင်း လှလှကြီးတွေ မြင်တိုင်း ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို၊ ပျက်စီးသွားမှာ စိုးရိမ်သလိုလို အမြဲခံစားမိပါတယ်။ အားနာတာရော၊ အချိန်နည်းနေတာကြောင့်ရော ကျမတို့ ဒီထက်ပိုပြီး မစပ်စုခဲ့မိကြပါဘူး။ ဝတ္တုကို မဖတ်ရသေးတာလည်း ပါပါတယ်။
စာရေးဆရာ မောင်သိန်းဆိုင်ရဲ့ “ရေနံ့သာခင်ခင်ကြီး” ဝတ္တုက စာပေလောကမှာ လူသိများလှသလို စာရေးသူ အသက် ၃၀ အရွယ်မှာ ရေးခဲ့တဲ့ သူ့ရဲ့ စာရေးသက်တလျှောက်မှာ အကောင်းဆုံးလက်ရာလို့ ဆိုစမှတ်ပြုကြပါတယ်။ အိမ်ကြီးကို ရောက်ပြီး ၂ လလောက်ကြာတော့မှ စာအုပ်စုတဲ့ ညီမလေးတစ်ယောက်ဆီက ကျမရှာနေတဲ့ “ရေနံ့သာခင်ခင်ကြီး” ဝတ္တုကို ဖတ်ရတော့တာပါ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ အင်္ဂလိပ်ကိုလိုနီ ခေတ်နှောင်းပိုင်း၊ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံပြု ရေးဖွဲ့ထားတဲ့ ရေနံတွင်းရိုး တွင်းစား သူဌေးမိသားစု နှစ်စုရဲ့ အချစ်နဲ့ ရန်ငြိုး မြင်ကွင်းကျယ် ဝတ္တုရှည်ကြီး ဖြစ်ပါတယ်။ လက်က မချချင်အောင် ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ်ကလေးကို ဒီနေရာကနေ မျှဝေချင်မိပါတယ်။
ဝတ္တုထဲမှာ ရေနံ့သာ ဆိုတဲ့ မြို့အမည် ဖြစ်ပေါ်လာပုံကိုလည်း ဇာတ်လမ်းအစမှာ မှတ်သားခဲ့ရပါတယ်။ ရှေးဘုရင်ခေတ်က ရေနံကို စတင်တွေ့ရှိခဲ့ချိန်မှာ သူ့ရဲ့ အနံ့က သင်းပျံ့တဲ့အတွက် တွေ့တဲ့အရပ်ကို “ရေနံ့သာ”လို့ ခေါ်ခဲ့ပါသတဲ့။ နောင်အခါမှာ ဘုရင်မင်းက ဧရာဝတီမြစ်ဆိပ်မှာ ရေချိူးဆင်းတဲ့ မိဘုရား ၇ ဖော်ကို အချိန်မီပြန်မရောက်လို့ အမျက်ရှပြီး ကွပ်မျက်တဲ့အခါ မြေအောက်သယံဇာတဖြစ်တဲ့ ရေနံဟာလည်း အမွှေးနံ့တွေ ကွယ်ပျောက်လို့ နံလာတဲ့အတွက် “ရေနံ”အမည် တွင်လာရသလို မြို့ရဲ့ အမည်ကလည်း “ရေနံချောင်း” ဖြစ်လာရပါသတဲ့။
အဲဒီ ရေနံချောင်းမြို့က ဦးကောင်းမိုး နဲ့ ဦးအောင်ခန့် ဆိုတဲ့ ရေနံတွင်းသူဌေး နှစ်ယောက်ရဲ့ အမုန်းအားပြိုင်မှုကနေ ဦးကောင်းမိုးရဲ့ သား “မောင်မောင်ဦး” နဲ့ ဦးအောင်ခန့်ရဲ့ သမီး “ခင်ခင်ကြီး” တို့ရဲ့ အချစ်လွန်ဆွဲမှုကို စာရေးဆရာက ကလောင်စွမ်းနဲ့ သရုပ်ဖော်ထားပါတယ်။ မျိုးနဲ့ရိုးနဲ့ ရေနံတွင်းပိုင်တဲ့ “တွင်းရိုး” ဦးကောင်းမိုးက သူနဲ့ အချစ်လုဖက်ဖြစ်တဲ့ “တောင်ပံနီတွင်းစား” ဦးအောင်ခန့်ကို အမုန်းကြီးမုန်းပါတယ်။ ဒေသ အခေါ်အရ တောင်ပံနီ ဆိုတာက သူခိုးဂျပိုးလို့ အဓိပ္ပာယ်ရပေမယ့် “တောင်ပံနီတွင်းစား” ဆိုတာက ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ရေနံတွင်းပိုင် ဖြစ်လာတာကို ပြောတာပါ။ “တွင်းရိုး”တွေက ယောကျ်ားမျိုး၊ မိန်းမမျိုး ဆိုပြီး ကွဲပြားကြပါတယ်။ ယောကျ်ားမျိုးက သားတွေကိုသာ အမွေပေးပြီး၊ မိန်းမမျိုးကတော့ သမီးတွေကသာ ရေနံတွင်းရိုးအစဉ်ကို ဆက်ခံရပါတယ်။ ဦးအောင်ခန့်ရဲ့ ဇနီး ဒေါ်မြလေးက တွင်းရိုးဖြစ်တဲ့အတွက် သမီးခင်ခင်ကြီးက အမွေခံပါ။ ဦးအောင်ခန့် စီးပွားတက်လေလေ၊ ဦးကောင်းမိုးက မနာလိုစိတ် ကြီးလေလေပါ။ သူကိုယ်တိုင်ကတော့ လက်ကြောမတင်းတဲ့အတွက် စည်းစိမ်တွေ လျော့သထက် လျော့နေသူ တစ်ယောက်ပါ။ ဦးအောင်ခန့်ကို လူလွှတ်ပြီး မီးရှို့တဲ့အထိ ကြံစည်ခဲ့ဖူးပါတယ်။
တဖက်မှာတော့ မောင်မောင်ဦးနဲ့ ခင်ခင်ကြီးအကို ခင်မောင်ညွန့်က ရန်ကုန်မှာ ကျောင်းနေဖက်တွေပါ။ လူကြီးတွေ ကွယ်ရာမို့ သူတို့ချင်း ခင်ခင်မင်မင် ရှိကြပါတယ်။ ဒီလိုနဲ့ သူတို့ တက္ကသိုလ်က ပြန်လာချိန်မှာ အိမ်ကလူတွေ သဘောၤဆိပ်ကိုဆင်းပြီး တခမ်းတနားကြိုကြပါတယ်။ အဲဒီမှာ ၁၆ အရွယ် လှသွေးကြွယ်စ ခင်ခင်ကြီးကို မောင်မောင်ဦးက သတိထားမိပြီး စိတ်ဝင်စားမိသွားပါတယ်။ သိပ်မကြာခင် ဘုရားပွဲတစ်ခုမှာ အိမ်နဲ့လူအုပ်ကွဲသွားတဲ့ ခင်ခင်ကြီးနဲ့ ထပ်တွေ့ပြီး ချစ်ဇာတ်လမ်း စခဲ့ကြပါတယ်။ တစစနဲ့ အိမ်နောက်မှာ ညဖက် ချိန်းတွေ့တဲ့အထိ ဖြစ်ပြီး နယ်ကျွံစည်းကျွံ ဖြစ်ခဲ့ကြပါတယ်။
တဖက်မှာလည်း ခင်မောင်ညွန့်နဲ့ အလုပ်သမားတန်းလျားက မိန်းကလေး မဝင်းရီနဲ့ကလည်း ချစ်ကြိုက်နေကြပါတယ်။ အဲဒီမှာတင် ဦးအောင်ခန့်က သားကို အိမ်က နှင်ချပါတယ်။ ခင်ခင်ကြီး ကိုယ်ဝန်ရှိတာ သိတဲ့အချိန်မှာတော့ ဦးအောင်ခန့်ရဲ့ ဒေါသတွေ အထွတ်အထိပ် ရောက်တော့တာပါပဲ။ သမီးကိုလည်း အိမ်ကနေ မောင်းထုတ်လိုက်ပါတယ်။ ခင်ခင်ကြီးက မောင်မောင်ဦးကို ရန်ကုန်ဆင်းရှာပေမယ့် လူချင်း လွဲသွားခဲ့ပါတယ်။ မြို့ကိုပြန်လာတော့ မြို့အဝင်မှာ တောင်ကျချောင်းရေစီးလို့ ရေထဲမြောပြီး သေမလို ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီမှာ ရေနံမြေအလုပ်သမား ကိုညိုထွန်းက ကယ်ဆယ်စောင့်ရှောက်ထားခဲ့လို့ ကျောက်ပန်းတောင်းမှာ ဇာတ်မြှုပ်ပြီး သမီးကလေး မွေးခဲ့ရပါတယ်။
သတင်းအစအန မရတော့တဲ့ ခင်ခင်ကြီးကို အလွန်ချစ်တဲ့ ဖွားအေကြီး အိပ်ယာထဲ လဲပြီး သေခါနီးဖြစ်နေချိန်မှ ခင်ခင်ကြီးကို ရေနံ့သာအိမ်တော်က လူယုံကြီးက ပြန်တွေ့သွားခဲ့ပါတယ်။ ဖွားအေကြီးကို ပြန်တွေ့ဖို့ သွားရာမှာ အဖေဖြစ်သူက “တစ်ယောက်တည်း လာခဲ့ရမယ်” ဆိုလို့ ကလေးကို ခဏအပ်ထားခဲ့ရပါတယ်။ ခင်ခင်ကြီး လက်ပေါ်မှာ ဘွားအေကြီး ဆုံးသွားပါတယ်။ မကြာခင်ဘဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာလို့ ပြေးကြလွှားကြနဲ့ ကလေးကိုခဏမွေးပေးထားတဲ့ မိသားစုလည်း ပျောက်သွားပါတယ်။
ခင်ခင်ကြီးရဲ့ သောကတွေက ဒီမှာတင် မရပ်သေးပါဘူး။ ဂျပန်တွေ ဝင်လာချိန်မှာ ဂျပန် အလိုတော်ရိ ဖြစ်လာတဲ့ ဦးကောင်းမိုးက ဦးအောင်ခန့်ကို အကွက်ဆင်ပြီး အဖမ်းခံရအောင် လုပ်ပါတယ်။ မြို့ကိုပြန်ရောက်လာတဲ့ မောင်မောင်ဦးက ဖခင်ကို တောင်းပန်ပြီး ဦးအောင်ခန့် လွတ်လာအောင်၊ ဒါမှလည်း သူနဲ့ ခင်ခင်ကြီး ပြန်ပြီးနီးစပ်လာအောင် ကြိုးစားပါတယ်။ ဒါပေမယ့် ဦးအောင်ခန့်က ဦးကောင်းမိုးရဲ့ မထေမဲ့မြင်စကားတွေကို သည်းမခံနိုင်လို့ အချူပ်ထဲမှာ သတ်ပုတ်လုံးထွေးရာကနေ ဂျပန်စစ်သားက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ဝေးသထက်ဝေးခဲ့ကြပါပြီ။
စစ်ပြီးချိန်မှာတော့ ခင်ခင်ကြီးလည်း ရေနံချောင်းကို စွန့်ခွာပြီး ရန်ကုန်မြို့မှာ အခြေချ နေထိုင်ခဲ့ပါတယ်။ “ရေနံ့သာ ကုမ္ပဏီ” ကို ထောင်ပြီး စီးပွားရှာပါတယ်။ ရုပ်ရည်ရော၊ ဥစ္စာဓနပါ ပြည့်စုံတဲ့ ခင်ခင်ကြီးကို ချစ်လိုခင်လိုသူတွေ ဝိုင်းဝိုင်းလည်နေပေမယ့် သူမကတော့ လုံး၀ စိတ်မဝင်စားခဲ့ပါ။ အသည်းနှလုံးက ဒဏ်ရာဒဏ်ချက်တွေနဲ့ မာကြောနေခဲ့ပြီထင့်။ သူမကို အများက “ဒေါ်ရေနံ့သာ ခင်ခင်ကြီး” လို့ ခေါ်ကြသလို သူမကလည်း အဲသလိုခေါ်မှ ကြိုက်သည် တဲ့။
ဦးကောင်းမိုးကတော့ ဇနီးသည်လည်း ဆုံး၊ စီးပွားလည်း ပျက်တဲ့အပြင်၊ မကောင်းတဲ့ မိန်းမကို အိမ်ပေါ်တင်ထားတဲ့အထိ ပျက်စီးခဲ့ပြီး၊ နောက်ဆုံး သူ့ရဲ့ အကုသိုလ်တွေ ခြောက်လှန့်ခံရကာ ရူးသွပ်သွားခဲ့ပါတယ်။ မြို့ပေါ်ကနေ ခြေရာဖျောက်သွားတဲ့ မောင်မောင်ဦး ကလည်း တခါတရံ ရန်ကုန်က ခင်ခင်ကြီးအိမ်ရှေ့ကို မယောင်မလည် လာကြည့်တတ်ပါတယ်။ မောင်မောင်ဦး ကိုယ်တိုင်ကတော့ ကျမ်းမာရေး အလွန်ချို့တဲ့နေပါပြီ။ ကံမကောင်းစွာနဲ့ သူတို့နှစ်ယောက်အကြောင်း သိခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းက မောင်မောင်ဦး အမည်ကို အလွဲသုံးစားလုပ်ပြီး ခင်ခင်ကြီးကို ငွေညှစ်ခဲ့တာ၊ သမီးလေးနဲ့ ရုပ်ချင်းဆင်လို့ ခင်ခင်ကြီးမွေးစားထားတဲ့ မိန်းကလေးကို မောင်မောင်ဦးက ဒုက္ခပေးတယ်လို့ အထင်လွဲတာ ရောပြီး၊ နောက်ဆုံး ခင်ခင်ကြီးက သေနတ်နဲ့ ပစ်ဖို့ လုပ်ပါတယ်။ “အစ်ကို ရှင်းပြပါရစေ ညီမရယ်” လို့ အတန်တန်တောင်းပန်ပေမယ့် ခင်ခင်ကြီးရဲ့ နားမှာမချို မကြားလိုတော့ပြီ။ နောက်ဆုံးတော့ အမုန်းကြွေးတွေကို အသက်နဲ့သာ ပေးဆပ်တော့မယ်လို့ ဆုံးဖြတ်ပြီး သေနတ်နဲ့အပစ်ခံလိုက်သည်။ ကျည်ဆံတစ်ချက်အထွက်မှာ “ ညီမ- ပြေး၊ ပြေး” လို့ စိုးရိမ်စိတ်နဲ့ သတိပေးခဲ့ပြန်သည်။
ခင်ခင်ကြီးကတော့ ရဲစခန်းကိုသာ တန်းသွားပြီး အဖမ်းခံခဲ့တော့သည်။ ဝတ္တုလေးရဲ့ အဖွင့်က အချုပ်ခန်းထဲမှာ ၃ နှစ်တိတိ နေနေရတဲ့ ဒေါ်ရေနံ့သာခင်ခင်ကြီးက သူမရဲ့ ၄၅ နှစ်မြောက် မွေးနေ့မှာ နောက်ကြောင်းပြန် စဉ်းစားပုံကလေးတွေကို စီကာစဉ်ကာ ရေးဖွဲ့ထားသည်။
နောက်ဆုံး တရားရုံးဆုံးဖြတ်ချက်ကတော့ နာကျင်ဖွယ် အတိတ်၊ သေသူရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေး၊ တတောင့်တည်းသော ကျည်ဖြစ်ခြင်း၊ အချူပ် ၃ နှစ် ခံပြီးဖြစ်ခြင်း စတာတွေကြောင့် ဒေါ်ရေနံ့သာ ခင်ခင်ကြီးကို တရားသေ လွှတ်လိုက်တော့သည်။ အချူပ်က လွှတ်လာတဲ့ ခင်ခင်ကြီးကို လာကြိုသူတွေက လေဆိပ်ကို တန်းခေါ်သွားသည်။ သူမရဲ့ သမီးရင်းကလေး “နွယ်နွယ်ထွန်း” က မွေးစားမိဘတွေရဲ့ ပျိုးထောင်မှုအောက်မှာ နိုင်ငံခြားကနေတောင် ပညာသင်ပြီး ပြန်လာပြီတဲ့။
ဇာတ်လမ်းက အပျော်နဲ့ ဇာတ်သိမ်းထားပေမယ့် ရင်ထဲမှာ ဆွေးလို့သာ ကျန်ခဲ့သည်။ ချစ်ကံခေတဲ့ ခင်ခင်ကြီးနဲ့ မောင်မောင်ဦး၊ အဘိဇ္ဈာကြီးတဲ့ ဦးကောင်းမိုး နဲ့ အတ္တကြီးတဲ့ ဦးအောင်ခန့် တို့ရဲ့ ပုံရိပ်တွေက အတွေးထဲမှာ တရစ်ဝဲ၀ဲ။ “ဓါတ်ပုံကောင်းတော့ ပန်းချီလို၊ ပန်းချီကောင်းတော့ ဓါတ်ပုံလို” ဆိုတဲ့ စကားလိုပဲ “ဝတ္တုဆန်သော ဘဝ” ရှိရင် “ဘဝဆန်သော ဝတ္တု” တွေ ရှိနေတာပါပဲ။ ဒီမိသားစုတွေ အပြင်မှာ တကယ်ရှိခဲ့သလားလို့ ထင်မှတ်မှားစရာ ဖြစ်နေသည်။
ခင်ခင်ကြီး အပြင်မှာ တကယ်ရှိခဲ့သလား
ဝတ္တုရေးသူကတော့ တကယ့်ဖြစ်ရပ်ပါ လို့ ရေးမထား။
ဒေသခံတချိူ့ကတော့ အခုအိမ်ကြီးမှာ တကယ်ပဲ စီးပွားပျက်သွားတဲ့ သူဌေးကြီးတစ်ယောက် ရှိခဲ့ဖူးသတဲ့။ သမီး ရှိ၊မရှိတော့ မသိ။ သူ ဘေးသင့်ရတာကလည်း (စနေနံ) ဘုရားရိပ်မှာ အိမ်ဆောက်နေလို့ ဆိုပြီး အယူရှိသူများက ပြောကြသည်။ ဘာပဲဖြစ်ဖြစ် မောင်သိန်းဆိုင်က ဒီအိမ်ကြီးကို အခြေခံပြီး ရေးခဲ့တာတော့ အမှန်ပဲ လို့ ဆိုသည်။
ကျမအတွက်တော့ “ရေနံ့သာခင်ခင်ကြီး” ဟာ ဆွတ်ပျံ့တဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ..
မိုးစက်ပွင့်
MamaSusieMay Blog