မျက်နှာနီရဲပြီး တစ်ခေါင်းလုံးနှင်းတွေနဲ့ စွတ်စွတ်ဖြူနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံတွေဟာ အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။
ဒီကလေးငယ်ကလေးကတော့ ယူနန်ပြည်နယ် Zhuanshanbao မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ၃တန်းကျောင်းသားလေးပဲ ဖြစ်ပါတယ်။
သူမျက်နှာနီပြီး ဆံပင်တွေဟာနှင်းတွေနဲ့ ဖြူဖွေးနေရတဲ့အကြောင်းကတော့ သူဟာ ချမ်းအေးလွန်းတဲ့ ရေခဲမှတ်အောက် -၉ဒီဂရီမှာ ၃မိုင်ခရီးကို လျှောက်ပြီး ကျောင်းကိုလာခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။
ချမ်းအေးလွန်းတာကြောင့် သူ့ရဲ့မျက်နှာဟာ နီရဲနေတာဖြစ်ပြီး လမ်းတစ်လျှောက်မှာ နှင်းတွေကျနေတဲ့အတွက် ခေါင်းက ဖြူသွားရခြင်းဖြစ်ပါတယ်။
၈နှစ်အရွယ်ကလေးငယ် ဟာ ဒီလိုရာသီဥတုမျိုးကို ကြံကြံခံပြီးလာရတဲ့အကြောင်းကတော့ အဲဒီနေ့ဟာ စာမေးပွဲကြီးရဲ့ ပထမဆုံးနေ့ ဖြစ်နေလို့ပါ။ ဒါကြောင့် သူမရောက်ရောက်အောင် လာခဲ့တာလို့ ဆိုပါတယ်။
ဇွဲရှိလွန်းတဲ့ ကျောင်းသားလေးရဲ့ ပုံရိပ်တွေကို ကျောင်းအုပ်ဆရာကြီး Fu Heng တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Wiebo ပေါ်ဝေမျှခဲ့ရာကနေ ပျံ့နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။
” အဲဒီနေ့က သူတို့ရဲ့ပထမဆုံး စာမေးပွဲနေ့ပါ။ ဒီကောင်က မပြည့်စုံပေမယ့် အတန်းထဲမှာတော့ လူချစ်လူခင်ပေါတယ်။ သူက ဒီအတန်းရဲ့ လူရွှင်တော်လေ။ သူရောက်လာတဲ့အချိန်မှာ ရာသီဥတုဟာ အလွန်အေးနေပြီး အပူချိန်က -၉ဒီဂရီဖြစ်နေခဲ့တာပါ။
အဝေးကြီးကနေ လာခဲ့ရတဲ့အတွက် အတန်းထဲရောက်တဲ့အချိန်မှာ သူ့ဆံပင်ဟာ နှင်းတွေခဲနေပါတယ်။ သူ့ရဲ့အတန်းဖော် ၁၆ယောက်က သူ့ကိုကြည့်ပြီး အံသြနေချိန်မှာ သူက ဘာမှမဖြစ်သလို မျက်နှာကိုပြောင်စပ်စပ်လုပ်ပြနေသေးတဲ့အတွက် အံသြနေတဲ့သူ့အတန်းဖော်တွေအားလုံး ရယ်ကုန်ကြပါတယ်။
ဒီလောက်ခိုက်ခိုက်တုန်အောင်ချမ်းနေချိန်မှာ တခြားသူတွေကို ရယ်မောအောင်လုပ်နိုင်သေးတယ်။ တကယ့်ကောင်ပါပဲ” လို့ ကျောင်းဆရာကြီးက ဆိုပါတယ်။
ကလေးငယ်ရဲ့နာမည်က ဝမ်ဖူမင်းလို့ ခေါ်ပြီး အဘွား ၊ အစ်မ ဖြစ်သူတို့နဲ့ အတူ အိမ်ငယ်လေးတစ်လုံးမှာ နေထိုင်သူပါ။ သူ့ရဲ့အိမ်ကနေ ကျောင်းကိုရောက်အောင် ၁နာရီခွဲခန့် လမ်းလျှောက်ရပါတယ်။ အဖေဖြစ်သူက ရွှေ့ပြောင်းအလုပ်သမား ဖြစ်ပြီး အမေဖြစ်သူက အိမ်ကိုပြန်မလာတော့ဘူးလို့ ဆိုပါတယ်။
မပြည့်မစုံ မိသားစုဘ၀ မှာ ဒီကလေးငယ်ဟာ တစ်ဖက်က ကျောင်းတက်နေရင်းနဲ့ အဖွားဖြစ်သူရဲ့ လယ်အလုပ်တွေကို ဝင်ကူနေရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့လက်တွေဟာ အသမာတက်နေရခြင်း ဖြစ်ပါတယ်။
သူအိမ်က ထွက်နေချိန်မှာ ရာသီဥတုကောင်းတယ်လို့ထင်ပြီး အဝတ်တွေကို အထူကြီးမဝတ်ခဲ့ဘူးလို့ သိရပါတယ်။ ဆရာကြီးရဲ့ မျှဝေမှုကြောင့် ကလေးငယ်ရဲ့အကြောင်းကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် သိသွားကြပြီး အားမငယ်ဖို့ ပညာကိုကြိုးစားသင်ဖို့ အားပေးကြပါတယ်။
ကလေးငယ်လေးကို လည်း ရေခဲကောင်လေး လို့ ချစ်စနိုးနာမည်ပေးထားကြပါတယ်။ ဆိုရှယ်မီဒီယာရဲ့ ကောင်းမှုကြောင့် ဒီကလေးငယ်ကို ကရုဏာသက်သူများပြားခဲ့ပြီး မကြာခင်မှာပဲ သူ့ရဲ့ကျောင်းကို ဒေါ်လာ ၁၅၀၀၀ ၊ အပူပေးကိရိယာ အခု ၂၀ နဲ့ အနွေးထည် ၁၄၄စုံ လှူဒါန်းလာခဲ့ကြပါတယ်။