Via : အာကာသနှင့်သိပ္ပံ
ညဘက် ကောင်းကင်ယံကို ကြည့်လျှင် ထင်ရှားတဲ့ ကြယ်စုတစ်ခုကို သတိထားမိကြမှာပါ..။ ထိုကြယ်စုနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားစရာ ပုံပြင်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ထိုကြယ်စုကို အင်္ဂလိပ်လို “အိုရီယွန်” လို့ ခေါ်ဆိုကြပြီး မြန်မာလိုတော့ “မောင်ရင်ဆိုင်းထမ်းကြယ်” ရယ်လို့ ခေါ်ဆိုကြပါတယ်။ တချို့ကလည်း “လိပ်ကြယ်” လို့ ခေါ်ကြပြန်တယ်။ ငယ်ငယ်တုန်းက ကြားဖူးကြတဲ့ ခွန်ဆန်လော နဲ့ နန်းဦးပြင် ဆိုတဲ့ ရှမ်းရိုးရာ ပုံပြင်လေးကို အစွဲပြုလို့ မောင်ရင်ဆိုင်းထမ်း လို့ ခေါ်ကြတာဖြစ်ပါတယ်။
ခွန်ဆန်လော နှင့် နန်းဦးပြင် ဆိုတဲ့ပုံပြင်လေးက ဒီလိုပါ။
ခွန်ဆန်လောဆိုတဲ့ လူငယ်လေးဟာ ကျိုင်းတောင်း မြို့က ချမ်းသာတဲ့ ကုန်သည်မျိုးရိုးက ပေါက်ဖွားလာတဲ့ သူပါ။ မိဘတွေရဲ့ လက်ငုပ်လက်ရင်းဖြစ်တဲ့ ကုန်သွယ်မှု အလုပ်ကို ကျွမ်းကျင်စွာ တတ်မြောက်လုပ်ကိုင်နေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ တစ်နေ့မှာ ကုန်ကူးသွားရင်း မိုင်းကိုင် ဆိုတဲ့ ရှမ်းမြို့လေးကို ရောက်လာပါတယ်။ အဲ့ဒီက အိမ်တစ်အိမ်ရဲ့ရှေ့မှာ ရပ်ပြီး သီချင်းဆိုနေတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့သွားခဲ့တယ်။ နန်းဦးပြင် တဲ့..။
သူတို့ရဲ့ အမှတ်မထင် ဆုံတွေ့မှု ကနေ မေတ္တာသက်ဝင်လို့ တစ်ဦးနဲ့တစ်ဦး ခွဲမရနိုင်အောင် ချစ်သွားခဲ့ကြပါတယ်။ ချစ်ကြိုက်ကြသွားပြီးနောက် အတူတူတစ်သက်မခွဲနေရဖို့နဲ့ အကယ်၍များ သေသွားခဲ့ရင်တောင် ကောင်းကင်မှာ ကြယ်လေးတွေအဖြစ်နဲ့ ပြန်ဆုံခွင့်ရပါစေလို့ အတူတူ ဆုတောင်းခဲ့ကြတယ်…။ သူတို့လက်ထပ်ကြဖို့ ပြင်ဆင်တော့ ခွန်ဆန်လောရဲ့မိဘများက (အထူးသဖြင့် သူ့မိခင်က) ဆင်းရဲတဲ့ နန်းဦးပြင်လေးနဲ့သဘောမတူခဲ့ပါဘူး.. သို့သော် သူ့သားလေးက သိပ်ချစ်နေလေတော့ ခွဲလိုက်လျှင် သူ့သားကိုပါဆုံးရှုံးသွားမှာကို စိုးရိမ်ဟန်တူပါတယ်.. သူတို့ကို ကြည်ဖြူဟန်ဆောင်ပြီး လက်ထပ်ပေးလိုက်ပါတယ်.. ။
တနေ့တော့..ခွန်ဆန်လောကိုတစ်မြို့တကျေးကို ကုန်ရောင်းလွှတ်လိုက်တယ်..ခွန်ဆန်လောမရှိချိန်မှာတော့ ကိုယ်ဝန်ရှိနေတဲ့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ပြီး အိမ်မှနှင်ထုတ်လိုက်တယ်..။နန်းဦးပြင်ကအိမ်ကထွက်သွားရပြီး လမ်းမှာဘဲကလေးမွေးခဲ့ရတယ်။ အဖတ်မတင်ခဲ့ဘူး။ ကလေးကိုသစ်ပင်ခွကြားမှာထားခဲ့ပြီး ဖခင်ပြန်အလာကိုစောင့်ဖို့ ပြောခဲ့တယ်။ ကလေးက ဥသြငှက်ကလေး ဖြစ်သွားတယ်လို့ဆိုပါတယ်။
ဒီလိုနဲ့အိမ်ပြန်ရောက်တော့ နန်းဦးပြင်လည်းအပြင်းဖျားကာသေဆုံးသွားပါတယ်..နန်းဦးပြင်သေဆုံးသွားတော့ ကြယ်အနီလေးအဖြစ် ကောင်းကင်မှာပေါ်လာပါတယ်..။ ခွန်ဆန်လောပြန်ရောက်တော့ သူ့မိန်းမ မရှိတော့တာသိရပြီး.. သူ့အမေက နှင်ထုတ်လိုက်တာလည်း သိလိုက်ရတော့ သူ့အမေကိုလည်း ပြစ်တင်ပြောဆိုပြီး နန်းဦးပြင်ကို လိုက်ရှာပါတယ်.. နောက်ဆုံး နန်းဦးပြင်ရဲ့ရွာအရောက် မှာတော့ နန်းဦးပြင်သေဆုံးရတာကိုသိပြီး ရင်ကွဲကာ ခွန်ဆန်လောလည်းသေဆုံးသွားပါတယ်..။
နောက်တော့ကြယ်အနီလေးရဲ့မလှမ်းမကမ်းမှာကြယ်အပြာလေးအဖြစ်ရောက်ရှိသွားတယ်..ရွာသားများကလည်းသိပ်ချစ်သောချစ်သူနှစ်ဦးမို့မြေပုံကိုယှဉ်လျက်ပင် မြှုပ်နှံလိုက်ပါတယ်..ဒါပေမယ့် ခွန်ဆန်လောရဲ့ မိခင်ဟာ သိပ်မကြာခင်မှာပင်ထိုရွာသို့ရောက်လာပြီး ယှဉ်တွဲရှိနေတဲ့ မြေပုံနှစ်ခုကိုမြင်တဲ့အခါ..နန်းဦးပြင်ကြောင့်သူသားသေဆုံးရတယ်လို့ မကျေမနပ်ဖြစ်ပြီးမြေပုံနှစ်ခုအလယ်မှာ အဆစ်၃ဆစ်ပါတဲ့ ဝါးလုံးတစ်လုံးကိုချထားလိုက်တယ်..အဲဒီ ဝါးလုံးလေးက ခွန် နဲ့ နန်း ကြားမှာသုံးလုံးတန်းကြယ်ကလေးအဖြစ် ပေါ်လာပါတယ်..
ကောင်းကင်ကို ကြည့်လျှင် မောင်ရင်ဆိုင်းထမ်းဟုလည်း ခေါ်ကြသည့် ကြယ်သုံးလုံးတန်းလေး တစ်ဖက်တစ်ချက်စီမှာ ကြယ်အနီနဲ့ အပြာလေးကို မြင်ရမှာဖြစ်ပါတယ်.. ယခုဖော်ပြပေးတဲ့ ရှမ်းရိုးရာ ပုံပြင်ဖြစ်သော “မောင်ရင်ဆိုင်းထမ်းကြယ်” ကို အနောက်တိုင်းမှာတော့ ဂရိဒဏ္ဍာရီလာ အိုရီယွန် မုဆိုးကို ရည်ညွှန်းပြီး အိုရီယွန် (Orion) ကြယ်စုတန်းလို့ခေါ်ကြပါတယ်။ အနီရောင်ရှိတဲ့(နန်းဦးပြင်) ကြယ်ကို ဘီတာလဂျူ့စ် (Betelgeuse) လို့ခေါ်ပါတယ်။ အပြာရောင် ခွန်ဆန်လော ကြယ်ကိုတော့ ရေဂျယ် (Rigel) လို့ခေါ်ပါတယ်။ ဝါးဆစ်သုံးလုံး ကြယ်များကိုတော့ အာရပ် အမည်များ(Mintaka,Alnilem,Alnitak) ပေးထားပါတယ်။