Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မေတ္တာ၏အတိုး

by Thutamm
August 1, 2019
Reading Time: 1min read
0
မေတ္တာ၏အတိုး
Share on FacebookShare on Twitter

Written By Sayar Aung Ko Lat

အဲဒီတစ်နေ့၊ ငါးနာရီခွဲ ကားပြန်အပ်ရပါမယ်။ တက္ကစီ ဆရာ ဂျိုးဟာ ခေတ္တနားမည် ဆိုတဲ့ ကပ်ထူဘုတ်ကို ထောင်လိုက်ပါတယ်။ အဲဒီနေ့ဟာ သော့ကြာနေ့ ဖြစ်ပါတယ်။ အမှတ် ( ၁၄ )ကျောင်းက အဆောင်နေ ကျောင်းသူကျောင်းသားများဟာ ကျောင်းအပြင်ဘက်ကို တစ်ရုန်းရုန်း နဲ့ ထွက်လာနေကြပါတယ်။ ဂျိုးဟာ အကျင့်ပါနေသလိုပါပဲ ကားကို ရပ်လိုက်ပါတယ်။ကျောင်းသူ ကျောင်းသားများ သွားလာနေကြတာကို စိုက်ကြည့်နေတတ်ပါတယ်။ သူတို့လေးတွေ ရိုးရှင်းတဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားကြပါတယ်။ သူတို့မျက်နာလေးတွေ အစဉ်အမြဲ ကြည်လင် ဝင်းပနေလို့ပါလား။

အဲဒီအချိန်မှာ ခြေထောက် ထော့နှဲ့ ထော့နှဲ့ ကျောင်းသူတစ်ဦး ကျောင်းလွယ်အိတ်လေးလွယ်ပြီး သူ့ကားဆီရောက်လာပါတယ်။ အလျင်စလိုအသံနဲ့ “ ဆရာ၊ ကျွန်မ ဒီကားစီးချင်တယ်။”
ဂျိုးကရှင်းပြပါတယ်။ ကားပြန်အပ်ရတော့မယ် ဆိုတဲ့အကြောင်းပါ။ ကျောင်းသူလေး ခေတ္တငိုင်သွားပါတယ်။
“ ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်မ မှတ်တိုင်တစ်ခုပဲ စီးချင်တာ”

အဲဒီ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးဟာ ဂျိုးရဲ့ စိတ်ကို လုပ်ရှားသွားစေပါတယ်။ သူက ကောင်မလေးကို ကြည့်လိုက်တယ်။ ဖြူစွပ်အောင် လျှော်ဖွတ်ထားတဲ့ ကျောင်းဝတ်စုံနဲ့ ဟောင်းနွမ်းနေပြီ ဖြစ်သောလွယ်အိတ်ကို လွယ်ထားပါတယ်။ မှတ်တိုင်တစ်ခုထဲဆိုတော့ ဂျိုးက ပြန်ပြောလိုက်ပါတယ်။
“ ကားပေါ်တက်”

ကောင်မလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ ကားပေါ် တက်လာပါတယ်။ လမ်းအကွေ့မှာပဲ ရှိသေးတယ်။ သူမက မဝံ့မရဲနဲ့
“ ဆရာ၊ ကျွန်မက သုံးကျပ်ပဲ ပါတာ၊ မှတ်တိုင်တစ်ဝက်စီးရင်လည်း ရပါတယ်။”
ဂျိုးက နောက်ကြည့်မှန်ကနေ ကောင်မလေးကို လှန်းကြည့်လိုက်ပါတယ်။ သူမမျက်နာနီရဲနေပါတယ်။ ဂျိုးဘာမှ ပြန်မပြောလိုက်ပါ။ ဒီမြို့ ရဲ့ တက္ကစီ တက်တက်ချင်း ဈေးနူန်းဟာ ငါးကျပ်ဖြစ်နေလို့ပါ။
ကောင်မလေးကို အနီးဆုံး ဘတ်စ်ကားဂိတ်နားတစ်ခုကို မောင်းပို့ပေးလိုက်ပါတယ်။ ဂျိုးကားကို ရပ်လိုက်ပါတယ်။ ကလေးမ ကားဆင်းတယ်။ ကားတံခါးပိတ်ပေးတယ်။ ပြီးတာနဲ့ ပြောလိုက်သေးတယ်။
“ တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင့်”တဲ့

သူမ ခြေထောက်ထော့နှဲ့ ထော့နှဲ့ နဲ့ ထွက်သွားတာကို မြင်လိုက်ရပါတယ်။ ဂျိုး စိတ်ထဲမှာ ဆွေးမြေ့ သလိုလို ခံစားလိုက်ရပါတယ်။
အဲဒီသော့ကြာနေ့ ကစလို့ ဂျိုးဟာ သော့ကြာနေ့ ညနေတိုင်းလိုလို ကောင်မလေးကို တွေ့ရပါတယ်။ သူမဟာ ကျောင်းပြင်ဘက်မှာ အမြဲရပ်စောင့်နေတတ်ပါတယ်။ သူ့ရှေ့ ကဖြတ်မောင်းသွားတဲ့ အခြား တက္ကစီကားကို တစ်ချက်မျှပင် လှည့်မကြည့်ပါ။ ဂျိုး၏ကားကိုသာ စောင့်ဆိုင်းနေတတ်ပါတယ်။ ဂျိုးက မိမိကို စောင့်ဆိုင်းတာ သတိထားမိတော့ စိတ်တွင်းထဲမှာ နွေးထွေးသွားသလိုလို ခံစားရပါတယ်။ သူကောင်မလေးဆီကို ကားမောင်းသွားလိုက်ပါတယ်။ ကောင်မလေး သူ့ကို လက်ရမ်းပြပါတယ်။ ဂျိုးနည်းနည်းတော့အံ့သြသွားပါတယ်။ တက္ကစီချင်း အတူတူ ကောင်မလေး ဘာကြောင့် သူ့တက္ကစီကို ဒီလောက်မှတ်မိနေပါလိမ့်၊ ခါတိုင်းလိုပါပဲ၊ သုံးကျပ်နဲ့ မှတ်တိုင်တစ်ခု စီးပါတယ်။ ဂျိုးဟာ ကလေးမကို ဘာကြောင့်ကိုယ့်ကားမှ ရွေးစီးတာကို မမေးခဲ့ပါ။ ဘာကြောင့်မှတ်တိုင်တစ်ခုပဲ စီးသလဲဆိုတာကိုလည်း မမေးမိပါ။ မေးလိုက်ရင် ရှက်သွားမှာ စိုးရိမ်မိလို့ပါ။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ တစ်ဖြည်းဖြည်းနဲ့ ဂျိုးဟာ အကျင့်တစ်ခုလို ဖြစ်လာပါတယ်။ သော့ကြာနေ့တိုင်း နောက်ဆုံးခရီးသည်ဟာ ဒီခြေထောက် သိပ်မသန်စွမ်းတဲ့ ကလေးမ ဖြစ်တယ်။ ဂျိုးက အရင်ရောက်နေရင်လည်း ခေတ္တရပ်နားမည် ဆိုတဲ့ ဆိုင်းဘုတ်ကို ထောင်ပြီး ကောင်မလေးကို စောင့်နေတတ်ပါတယ်။ ကောင်မလေးက အသက် ၁၄၊ ၁၅ နှစ်ခန့် ရှိလိမ့်မယ်လို့ ဂျိုးကခန့်မှန်းပါတယ်။ ကားမှတ်တိုင် တစ်ခုစီးပြီး ကားပေါ်ကဆင်းတိုင်း ကောင်မလေးက “ ကျေးဇူးတင်ပါတယ် ဆရာ” လို့ အမြဲပြောဆိုလေ့ရှိပါတယ်။ တစ်ခါတစ်လေ ဒီစကားတစ်ခွန်းကြောင့်လားမသိ၊ ဘယ်လောက်ပင်ဝေးဝေး၊ ဂျိုးက အချိန်မှီ ကျောင်းရှေ့ ကို အရောက်မောင်းလေ့ရှိပါတယ်။ တစ်ခါတစ်လေ ကားအပ်ဖို့ နည်းနည်းလေး နောက်ကျသွားတောတောင်မှ အနောက်ကျခံပြီး ကောင်မလေးကို ကားတစ်ခေါက် တင်ပို့လေ့ရှိပါတယ်။

အချိန်ကုန်ဆုံးတာ မြန်ပါတယ်။ တစ်နှစ်တာအချိန်ဟာ ခဏလေးနဲ့ ကုန်ဆုံးသွားပါတယ်။ ကောင်မလေးကို အပတ်စဉ်တင်ဆောင်လာတာ တစ်နှစ်တောင်ကျော်ခဲ့ပါပြီ။ တစ်ရက်ကျတော့ ကောင်မလေးက လေးလံတဲ့ခြေလှမ်း၊ မရွှင်မပြတဲ့မျက်နာထားနဲ့ ကားပေါ်တက်လာပါတယ်။ ဂျိုးသိလိုက်ပါတယ်။ ကလေးမ အလယ်တန်းအောင်သွားပြီ၊ သူမအထက်တန်းကျောင်းကို ပြောင်းရတော့မယ်။
“ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မဆရာ့ကို ဒုက္ခပေးသလိုဖြစ်တာ တစ်နှစ်တောင်ကျော်လာပါပြီ။ ကျွန်မ ခရိုင်အထက်တန်းကျောင်းကို သွားတက်တော့မယ်။ နောင်ဆိုရင် နှစ်ဝက်မှ တစ်ခေါက် အိမ်ပြန်ပါတော့မယ်။ ဒီနေ့ ဆရာ့ကားကို နောက်ဆုံးစီးတာပါ။ အရမ်းကျေးဇူးတင်ပါတယ် ဆရာ”

ကောင်မလေးက အဲလိုပြောတော့ ဂျိုးလည်း စိတ်မကောင်းပါ။ ဝမ်းသာစရာကောင်းတာကတော့ ကောင်မလေး ခရိုင်အထက်တန်းကျောင်းသွားတက်ရတယ်ဆိုတော့ စာတော်တော် ထူးချွန်လို့ပေါ့။ အဲဒီ အထက်တန်းကျောင်းက တော်တော်ထင်ရှားတဲ့ကျောင်းဖြစ်နေလို့လေ။
“ မင်းကို အိမ်ပို့ပေးမယ်လေ” ဂျိုးက အေးအေးပဲ ပြောလိုက်ပါတယ်။
ကလေးမ ခေါင်းခါပါတယ်။ သူမှာ သုံးကျပ်ပဲ ရှိတဲ့အကြောင်း ရှင်းပြပါတယ်။

“ ဒီတစ်ခေါက် ပိုက်ဆံမယူပါဘူး” ဂျိုး လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ကားအပ်တာ နောက်ကျရင် ကျပါစေတော့၊ ဒဏ်ရိုက်လည်း ခံလိုက်ရုံပေါ့၊ သူ ကလေးမကို နောက်ဆုံးတစ်ခေါက် အိမ်အရောက် ပို့ချင်နေပါတယ်။
ကောင်မလေး နောက်ဆုံးတော့ လိပ်စာပြောပြပါတယ်။ တော်တော်အလှမ်းဝေးပါတယ်။ မှတ်တိုင်( ၆ ) ခုခန့် ဝေးပါတယ်။
နာရီဝက်ခန့် မောင်းလိုက်ရပါတယ်။ ဂျိုးက ကားရပ်လိုက်ပါတယ်။ ကောင်မလေး သူ့လွယ်အိတ်နဲ့ ကားဆင်းပါတယ်။ ဂျိုးက စက္ကူဗူး တစ်ခု ကောင်မလေးကို ကမ်းပေးလိုက်တယ်။

“ ဒါ သမီးအတွက်လက်ဆောင်”

ကောင်မလေး တစ်ချက်တွေဝေသွားတယ်။ ပြီးမှ စက္ကူဗူးကို လှမ်းယူလိုက်တယ်။ ပြီးတော့ ဂျိုးကို ဦးညွတ်အလေးပြုလိုက်တယ်။
“ ကျေးဇူး တင်ပါတယ် ဆရာ”
သူမ အိမ်ထဲဝင်သွားပါတယ်။ ဂျိုးက သက်ပြင်းတစ်ချက် မူတ်ထုတ်လိုက်တယ်။ နောင်ဆိုရင် တွေ့နိုင်တော့မည် မဟုတ်ပါ။ အော..ကလေးမ၊ မင်းနာမည်တောင် မမေးလိုက်ရပါလား…..

အချိန်ကုန်တာ မြန်ဆန်လွန်းလှပါတယ်။ ဆယ်နှစ်၊ ခဏလေးနဲ့ ကျော်လာခဲ့သလိုပါပဲ၊ ဂျိုးဟာ တက္ကစီ ကားဆက်မောင်းနေဆဲပါ။ ဒီနေ့၊ အလုပ်နည်းနည်းပါးတာနဲ့ ကားကို အဝတ်နဲ့ သုတ်နေပါတယ်။ ကား ရေဒီယိုကနေ လူရှာတာကို ဂျိုးကြားလိုက်ရပါတယ်။
“ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အောင်မြင်သူ တက္ကစီကုမ္မဏီမှ ကားအမှတ် AZxxxx မောင်းနှင်သူ ကားဆရာဂျိုးအား ရှာဖွေခြင်း”တဲ့၊ ဂျိုးတစ်ချက် အံ့သြသွားပါတယ်။ ဟုတ်တယ်လေ၊ ပြီးခဲ့တဲ့ ဆယ်နှစ်တုန်းက မိမိ အဲဒီကားကို မောင်းနှင်ခဲ့ဖူးသည် မဟုတ်ပါလား။

ဂျိုး အသံလွင့်ဋ္ဌာနကို ဖုန်းဆက်လိုက်ပါတယ်။ အသံလွင့်ဋ္ဌာနက သူ့ကိုဖုန်းနံပါတ်တစ်ခု ပေးလိုက်ပါတယ်။ သူအဲဒီ နံပါတ်ကို ဆက်သွယ်လိုက်ပါတယ်။ ဝမ်းသာအားရတဲ့ အသံတစ်ခုကို သူကြားလိုက်ရပါတယ်။

“ ဆရာလား၊ ကျွန်မလေ၊ သမီးလေ”တဲ့၊ ဂျိုးရုတ်တရက် မမှတ်မိပါ။
“ ကျေးဇူးအရမ်းတင်တယ် ဆရာ” တဲ့၊ အော..မှတ်မိပြီ၊ ဟိုခြေထောက် သိပ်မသန်စွမ်းတဲ့ ကလေးမပါ။ သူတို့ အနီးအနားမှာ ရှိတဲ့ ကဖီး ဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့ကြပါတယ်။ တွေ့ဆုံတဲ့အချိန်မှာ ဂျိုးက မမှတ်မိသလောက် ဖြစ်သွားပါတယ်။ မိမိရှေ့ မှာရပ်နေတဲ့ ကလေးမဟာ ဟို သုံးကျပ်နဲ့ တက္ကစီကို စီးတဲ့ ကလေးမ မှဟုတ်ပါရဲ့လား။ သူမ ဂျိုးကိုတွေ့တွေ့ချင်း ဦးညွတ်အလေးပြုလိုက်ပါတယ်။

“ ကျွန်မအတွင်းစိတ်ကနေ တကယ်ကို ကျေးဇူးတင်ပါတယ်ရှင့်”

ကော်ဖီသောက်ရင်းနဲ့ သူမကရှင်းပြပါတယ်။ သူမအမည် “အယ်လင်း”ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ပြီးခဲ့တဲ့ ( ၁၂ ) နှစ်တုန်းက သူမဖခင်ဟာ တက္ကစီကားဆရာ တစ်ဦးဖြစ်ခဲ့ကြောင်း၊ ဖခင်ဟာ သူမကို တအားချစ်တယ်။ သော့ကြာနေတိုင်း သူမကို ကျောင်းကြိုလေ့ရှိတယ်။ နှစ်သစ်ကူးနီးလာတာနဲ့ မိသားစုအားလုံး အိမ်ပြန်ပြီးနှစ်သစ်ကူးပါတယ်။ အဖေဟာ ပစ္စည်းပိုတင်ချင်တာနဲ့ သူငယ်ချင်းဆီမှာ ပေါင်မူန့်ကားတစ်စီး ကိုငှားလိုက်ပါတယ်။ လမ်းတစ်ဝက်ရောက်တော့ မိုးနင်းရုတ်တရက်ကျပါတယ်။ ပေါင်မူန့်ကားနဲ့ ကားကြီးတစ်စီး ဝင်တိုက်ပါတယ်။ ဖေဖေ ပွဲချင်းပြီးဆုံးသွားပါတယ်။ သူမခြေထောက်ဒဏ်ရာကြီးကြီး ရခဲ့ပါတယ်။ ဖေဖေ့ကို သင်းဂြိုလ်လိုက်ပါတယ်။ မေမေက မိတ်ဆွေကားဖိုးကို ပေးလျှော်လိုက်ပါတယ်။ သူမကို ခွဲစိတ်နိုင်ဖို့ အမေအသဲအသန် အလုပ်ကြိုးစားလုပ်ရပါတယ်။ အယ်လင်း ဒီလိုဆက်ရှင်းပြပါတယ်။

“ ကျွန်မလည်း စာကိုပိုမိုကြိုးစားခဲ့ပါတယ်။ သူများသနားတဲ့မျက်စိကို သမီးမလိုလားဘူး၊ ဖြစ်တဲ့အကြောင်းတွေကို ဘယ်သူ့မှ သိပ်မပြောပြခဲ့ပါဘူး၊ သူငယ်ချင်းတွေက ဘာလို့ ဘတ်စ်ကားနဲ့ အိမ်ပြန်တာလဲလို့ မေးရင် သမီးက အဖေခရီးဝေးထွက်နေတယ်လို့ပဲ ဖြေခဲ့ပါတယ်။ အဲဒါနဲ့ တစ်ရက်ကျတော့ ဆရာဂျိုးကိုတွေ့တာပါပဲ။ အဲဒီကားအနီလေးက လမ်းဘေးမှာရပ်ထားတယ်။ အဖေကားမောင်းလာတာနဲ့ တူလိုက်တာ၊ ဆရာဂျိုးမောင်းတဲ့ကားက အရင်တုန်းက အဖေမောင်းခဲ့တဲ့ တက္ကစီလေ၊ ဒါပေမဲ့ သမီးမှာ ဘတ်စ်ကားစီးဖို့ သုံးကျပ်ပဲ ရှိတယ်။ အရဲစွန့်ပြီး သွားပြောကြည့်တာ၊ အဲလိုနဲ့ ဆရာ့ကားကို တစ်နစ်ကျော်စီးလိုက်ရတယ်။” သူမကမျက်ရဝဲ၀ဲနဲ့ ဆက်ပြောပါတယ်။

“ ဆရာ့မောင်းခဲ့တဲ့ကားက အဖေ့မောင်းခဲ့တဲ့ကားဆိုတော့ အဝေးကြီးကနေ ချက်ချင်းမှတ်မိတယ်လေ”
“ ပြီးရင် ဆရာ့က နောက်ဆုံးစီးတဲ့အခေါက်မှာ ပေးလိုက်တဲ့ လက်ဆောင်၊ ဒီရွှေတံဆိပ်နဲ့ ပြန်ပေးလိုက်တဲ့ ကားခအားလုံး”အယ်လင်း အသံဆို့နှင့်သွားတယ်။ “ ကျွန်မ ဒီပိုက်ဆံတွေကို တောက်လျှောက်သိမ်းဆည်းထားတယ်။ ”သူမ အိပ်ကပ်ထဲကနေ အမဲရောင်သန်းနေပြီ ဖြစ်တဲ့ ရွှေတံဆိပ်လေးတစ်ခုကို ထုပ်ပြလိုက်တယ်။” အဲဒီရွှေတံဆိပ်ရဲ့ နောက်မှာ စာတစ်ကြောင်း ထိုးထွင်းထားပါတယ်။

“ မင်းရဲ့ ဘ၀ ဒီအောင်မြင်တဲ့ ရွှေတံဆိပ်လို ဖြစ်ပါစေ”
ဒီရွှေတံဆိပ်ဟာ ဟိုးစက္ကူဗူးနဲ့ အတူ ဂျိုးကပေးထားခဲ့တဲ့ လက်ဆောင်ပါ။

အယ်လင်းက ဂျိုးကိုတွဲပြီး ကဖီးဆိုင်ကနေ ထွက်လာခဲ့ပါတယ်။ သူမ နူတ်ဆက်ပြီး ကားမောင်းထွက်သွားကို မျက်စိတစ်ဆုံး ပျောက်သွားတဲ့အထိ ဂျိုးကကြည့်နေမိပါတယ်။ ဂျိုးဟာ သူကားကို ပြန်မောင်းပြီး လမ်းဘေးတစ်နေရာကို ရပ်လိုက်ပါတယ်။ သူမျက်ရည်ကို မထိမ်းနိုင်တော့ပါ။ မျက်ရည်ဟာ သူပါးပြင်တစ်ခုလုံး စိုရွှဲသွားစေပါတယ်။ ဂျိုးမှာလည်း အယ်လင်းနဲ့ မတိမ်းမယိမ်း အရွယ်တူ သမီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ အယ်လင်းကို လက်ဆောင်ပေးလိုက်တဲ့ ရွှေတံဆိပ်ဟာ သူ့သမီးအသက်ရှိစဉ်တုန်းက အပြေးပြိုင်ပွဲမှာ ရခဲ့တဲ့ ရွှေတံဆိပ်ဖြစ်ပါတယ်။ သူသမီးဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်မှာပဲ ကင်ဆာရောဂါနဲ့ဆုံးပါးသွားပါတယ်။ ဂျိုးဟာ အမှတ် ( ၁၄ ) ကျောင်းမှာ သူသမီးကို ကြိုနေကျ ဖြစ်ပါတယ်။ ကားစီးပြီးတိုင်း “ ကျေးဇူးပဲနော် ဖေဖေ”လို့ သမီးက အမြဲပြောလေ့ရှိပါတယ်။

သြော်..အယ်လင်းနဲ့ ပုံစံခွက်တစ်ခုထဲက လာသလိုပါပဲ။ သမီးရဲ့ သေဆုံးမူဟာ ဂျိုးအတွက် ကမ္ဘာကြီးတစ်ခုလုံး ဆုံးပါးသွားသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ သော့ကြာနေ့တိုင်း အမှတ် ( ၁၄ ) ကျောင်းရှေ့ ဖြတ်တိုင်း ကားကိုခဏရပ်ပြီး ကျောင်းသူကျောင်းသားများကို ငေးကြည့်လေ့ရှိတယ်။ ဒီလိုနဲ့ သူ “အယ်လင်း”ကို တွေ့ခဲ့တာပါပဲ။ အယ်လင်းကို ပြန်တွေ့တော့ ဂျိုးသမီးကို ပြန်ပို့လိုက်ရသလိုပဲ။ အဲဒါကြောင့် သူပေးတဲ့ပိုက်ဆံ သုံးကျပ်ကို အမြဲသိမ်းဆည်းထားပြီး ပြန်ပေးဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းခဲ့တာပါ။ တစ်နှစ်ကျော်တော့ ပို့လိုက်ရပါတယ်။ ဂျိုးအတွက် တစ်နှစ်ကျော်ဟာ တိုတောင်းလွန်းလှပါတယ်။ သြော..ကံကြမ္မာရဲ့ ဖန်တီးမူပေါ့လေ၊ ဂျိုးဒီလိုပဲ လက်ခံလိုက်ပါတယ်။

အိမ်ပြန်တဲ့လမ်းမှာ ခါတိုင်းလိုပါပဲ ဂျိုးသတင်းစာ တစ်ဆောင်ကို ဝယ်ယူလိုက်ပါတယ်။ သတင်းစာ လှန်လိုက်တာနဲ့ အယ်လင်းရဲ့ ဓါတ်ပုံ အကြီးကြီးကို တွေ့ရပါတယ်။ ရေးထားတဲ့ခေါင်းစဉ်က “ အယ်လင်း၊ S မြို့ ရဲ့ ဂုဏ်ယူဖွယ်၊ အသက်အငယ်ဆုံးသော T ကုမ္မဏီကြီး၏ ဒုတိယ CEO ”တဲ့၊ ဂျိုး တော်တော်အံ့သြသွားပါတယ်။ ခပ်မြန်မြန် အောက်ကို ဆက်ဖတ်လိုက်ပါတယ်။

သတင်းစာကို ဖတ်ရင်း ဂျိုးဟာ ဘောင်းဘီအိတ်ထဲက စီးကရက်ဘူးကို နိူ်က်ပါတယ်။ သူ ဘောင်းဘီအိတ်ထဲမှာ စာအိတ်ထူထူကြီးတစ်ခုကို စမ်းမိတယ်။ သူစာအိတ်ကို ထုတ်ကြည့်လိုက်တယ်။ အထဲမှာ အမေရိကန် ဒေါ်လာတစ်ရာတန် ခပ်ထူထူ တစ်ထပ် တွေ့လိုက်ရတယ်။ အယ်လင်းက ဘယ်အချိန်က သူ့ဘောင်းဘီအိတ်ထဲကို ဒီပိုက်ဆံတွေထည့်လိုက်မှန်း ဂျိုးမသိလိုက်ပါ။ အဲဒီထဲမှာ စာရေးထားတဲ့ စက္ကူတစ်ရွက်တွေ့ရပါတယ်။ စာရွက်ပေါ်မှာ ဒီလိုရေးထားပါတယ်။

“ မေတ္တာ၏တန်ဖိုးကို တိုင်းတာလို့ မရပါ။ ဒီပိုက်ဆံတွေဟာ“ မေတ္တာ၏အတိုး”သက်သက်သာဖြစ်ပါတယ်။ လက်ခံပေးပါရန် အနူးအညွတ် တောင်းပန်လျက်၊ကျေးဇူးအထူးတင်ပါတယ် ဆရာရှင့်”တဲ့။
ဂျိုးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်လည်နေပြန်ပြီ။

Ref: wechat
Sayar Aung Ko Lat

Tags: feeling

Related Posts

 မောင်ငယ်တစ်ဦးရဲ့ မေတ္တာ
Feeling

 မောင်ငယ်တစ်ဦးရဲ့ မေတ္တာ

ဘာသာပြန်ရေးသားသူ - ကိုနေလင်းအောင် ဝေးလံခေါင်သီသော တောင်တစ်လုံးပေါ်ရှိ ရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကျွန်မမိဘတွေဟာ နေပူထဲမှာ အဝါရောင်မြေလွှာတွေကို တူးဆွစိုက်ပျိုးရပါတယ်။ တစ်နေ့မှာ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေလိုပဲ ကျွန်မလည်း ဓားတစ်ချောင်း ဝယ်ယူချင်နေခဲ့မိပါတယ်။ ဒါကြောင့်...

ကိုယ့်အမှားကို ဝန်ခံဖို့ ဘယ်တော့မှ နောက်မကျဘူး
Feeling

ကိုယ့်အမှားကို ဝန်ခံဖို့ ဘယ်တော့မှ နောက်မကျဘူး

ဖတ်ဖူးတာတော့ကြာပါပြီ။ email က ပိုစ့်လေးပါ ပြန်တွေ့လို့ ဝေမျှလိုက်တာပါ။ ဘာသာပြန် (ဘရာသာ- ယောဟန်) ၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ်...

ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်
Feeling

ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်

ရေးသားသူ - မိုးစက်ပွင့်( MamaSusieMay Blog ) ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့မိတ်ဆွေများကို ကျေးဇူးတင်ရှိပါတယ်။ ရေနံချောင်းမြို့ကလေးမှာ ဧရာဝတီမြစ်ကမ်းပါးကို မေးတင်ဆောက်ထားတဲ့ မြို့ခံလူတွေကတော့ “ရေနံသာ ခင်ခင်ကြီး” အိမ်လို့ ခေါ်ကြတဲ့ အိမ်အကြီးကြီး တစ်လုံး ရှိပါတယ်။ အိမ်က စနေနံဘုရားနဲ့...

အားမာန်ပေးသော ဟင်းတစ်ခွက်
Feeling

အားမာန်ပေးသော ဟင်းတစ်ခွက်

“မေမေ.. ဒီနေ့ ဘာဟင်းချက်ရမလဲဟင်” မီးဖိုလေးထဲမှာ ထမင်းအိုးတည်နေသော အသက် ၁၂နှစ်အရွယ် ၇တန်းကျောင်းသူ သမီး အကြီး ငွေနှင်း ကလှမ်းမေးသည်.. စနေနေ့ ရုံးပိတ်ရက်မို့ ရုံးသွားစရာမလိုသဖြင့် အိမ်က ရေတွင်းမှာ အဝတ်လျှော်နေသော ဒေါ်ရွှေကြည် သမီးဖြစ်သူအမေးကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!