စာရိုက်တင်ပေးသူ – Ko Kyaw Min Htwe
ပိုလန်နိုင်ငံသား နက္ခတ္တဗေဒပညာရှင်ကြီး နီကိုလာ့စ်ကော်ပါးနိကပ်စ် ကို ပိုလန် (Poland) နိုင်ငံ ဗစ်ကျူလာ (Vistula) မြစ်၊ တိုရုန် (Torun) မြို့မှာ ၁၄၇၃ မှာ မွေးဖွားခဲ့ပါတယ်။ လူရတတ်မိသားစုက ပေါက်ဖွားတာဖြစ်တယ်။ လူရွယ်ဘဝက ကရာကိုး (Cracow) တက္ကသိုလ်မှာ နေစဉ်ကပဲ နက္ခတ္တဗေဒကို စိတ်ပါဝင်စားခဲ့တယ်။ အသက်အစိတ်လောက်မှာ အီတလီကိုသွားပြီး၊ (Bologna) နဲ့ ပဒူဝါ (Padua) တက္ကသိုလ်တွေမှာ Uပဒေနဲ့ ဆေးပညာ သင်တယ်။
နောက်ဆုံး ဖာရာရာ (Ferrara) တက္ကသိုလ်က ခရစ်သာသနာဥပဒေပါရဂူဘွဲ့( doctorate of canon law) ကို ရခဲ့တယ်။ အဲဒီနောက် အရွယ်ကြီးရင့်တဲ့အထိ ဖရောအင်ဘာ့ခ် (Frauenburg) ဘုရားကျောင်းတော်ဝန်ထမ်း ကျမ်းစာသင်ဆရာဖြစ်ခဲ့ပါတယ်။ ကော်ပါးနိကပ်စ်ဟာ နက္ခတ်ဆရာအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း မပြုခဲ့ဖူးပါ။ သူ့ကို သိပ်နာမည်ကြီးစေခဲ့တဲ့ ကျမ်းကို သူက အချိန်ပိုမှာ ရေးခဲ့တာဖြစ်ပါတယ်။
အီတလီမှာ သူနေခဲ့စဉ်က ဂရိဒဿနိကဆရာ စမော့စ် (Samos) နယ်သား(ခရစ်မပေါ်မီ သုံးရာစုနှစ်က ထွန်းကားခဲ့သူ) အရိစ်တာကပ်စ် (Aristarchus) က နေကိုဗဟိုပြုပြီး ကမ္ဘာမြေကြီးအစရှိတဲ့ဂြိုဟ်တွေဟာ လှည့်ပတ်နေတယ်ဆိုတဲ့ စိတ်ကူး (Idea) ကို ပြောကြောင်း၊ သူ စတင်သိရှိခဲ့ပါတယ်။ အဲဒီ နေကိုဗဟိုပြုမူကြမ်း (heliocentric hypothesis) ဟာ မှန်ကန်ရမယ်လို့ ကော်ပါးနိကပ်စ် သေသေချာချာ ယုံကြည်တယ်။
နောက် အသက်လေးဆယ်လောက်မှာ ဒီအကြောင်းကို သူသိသမျှ ရှေ့ပြေးဖော်ထုတ် ရေးသားတဲ့လက်ရေးစာမူတစ်ခုကို ရင်းနှီးတဲ့မိတ်ဆွေတွေဖတ်ဖို့ ပေးပါတယ်။ ကော်ပါးနိကပ်စ်ဟာ နှစ်ပေါင်းများစွာ အချိန်ယူပြီး စောင့်ကြည့်လေ့လာခြင်း၊ တွက်ချက်ခြင်းတွေ လုပ်ပြီးမှ အာကာသ စက်လုံးတွေရဲ့ လှည့်ပတ်ခြင်းအကြောင်း (On the Revolution of the Celestial Spheres) ကို ရေးသားပြုစုပါတယ်။ အဲဒီစာအုပ်ကြီးထဲမှာ သူ့သီအိုရီကို အသေးစိတ်အထောက်အထားတွေနဲ့ ပူးတွဲဖော်ပြရေးသားခဲ့ပါတယ်။
အသက်ခြောက်ဆယ်အရွယ် ရောက်လာတဲ့ ကော်ပါးနိကပ်စ်ဟာ ရောမ (Rome) မှာသွားပြီး ဟောပြောပွဲတွေ အစဉ်တစိုက်လုပ်တယ်။ သူ့သီအိုရီမှာ အခြေခံကျတဲ့အချက်တွေကို ပုပ် (Pope) ရဟန်းမင်းကြီး မနှစ်သက်မှာကို မရွံ့မကြောက် တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အသက် ခုနှစ်ဆယ်နီးခါမှ အဒီကျမ်းကြီးကို ပုံနှိပ်ဖို့ ဆုံးဖြတ်ပါတယ်။ ပုံနှိပ်ထုတ်ဝေသူထံက ပထမစာအုပ်ကို သူသေတဲ့ ၂၄ မေ ၁၅၄၃ ရောက်မှ ရရှိသွားပါတယ်။ အဲဒီစာအုပ်ထဲမှာ ကော်ပါးနိကပ်စ်ပြောပြတဲ့အတိုင်း နေဟာ သူ့ဝင်ရိုးတန်း (axis) ပေါ်မှာ လှည့်နေတယ်။
လက မြေကမ္ဘာကိုပတ်ပြီး လှည့်နေတယ်။ မြေကမ္ဘာနဲ့တကွ အခြားဂြိုဟ်တွေကလည်း နေကို ဝိုင်းလှည့်နေကြတယ်ဆိုတာ အတိအကျ ဖော်ပြရေးသားထားပါတယ်။ ဒါပေမယ့် သူ့ရှေ့က သွားသူတွေအတိုင်း နေအဖွဲ့အစည်း (Solar System) နဲ့ စကေး (Scale အချိုး) ကိုတွက်တာ မမှန်ဘူး။ ပြီးတော့ လှည့်တယ်ဆိုတိုင်း ပတ်လမ်း (orbit) ဟာ တစ်ပြိုင်နက် စက်ဝန်းကြီး (circles) ၊ စက်ဝန်းငယ် (epicycles) လှည့်ပတ်နေတယ်လို့ ပြောတာတော့ မှားတယ်။ ဒါနဲ့ သူ့သီအိုရီဟာ သင်္ချာနည်းအရ ရှုပ်နေရုံမျှမက မှားနေတယ်။
ဒါပေမယ့် ဒီကျမ်းကို ချက်ချင်းစိတ်ပါဝင်စားသူတွေ ပေါ်လာတယ်။ တခြားနက္ခတ္တဗေဒဆရာတွေ၊ အထူးသဖြင့် ဒိန်းမတ်(Denmark) နက္ခတ္တပညာရှင်ကြီး တိချိုဗရတ် (Tycho Brahe) တို့ လှုပ်ရှားလာကြပြီး၊ ဂြိုဟ်သွားဂြိုဟ်လာကို ပိုမိုတိကျအောင် လေ့လာတွက်ချက်ကြပါတယ်။ စောင့်ကြည့်လို့သိရတဲ့အချက်တွေ (observational data) ကို စုပေါင်းပြီးပေးသူက တိချို ဖြစ်မယ်။ ဂျိုဟန်နစ်ကက်ပလာ (Johannes Kepler) က ဂြိုဟ်သွားဂြိုဟ်လာ (planetary motion) ရဲ့ နောက်ဆုံးပုံစံ အမှန်ကို ဖော်ထုတ်ပေးပါတယ်။
စမော့စ်နယ်သား အရီစ့်တာကပ်စ် (Aristarchus) က စတင်ဖော်ထုတ်တဲ့ နေကိုဗဟိုပြု မူကြမ်းက ကော်ပါးနိကပ်စ်ထက် ရာစုနှစ်တစ်ဆယ့်ခုနစ်နှစ် စောပေမယ့် လူအများက ကော်ပါးနိကပ်စ်ကိုပဲ ဒီသဘောတရားကို စတင်ဖော်ထုတ်သူလို့ ဝိုင်းပြီးဂုဏ်ပြုကြတာလည်း စင်စစ်မမှားပါ။ အရိစ်တာ့ကပ်စ်က ဒီစိတ်ကူးကို ကတ်သီးကတ်သပ် ကြံဆပြီး ဖော်ထုတ်ပေမယ့် သက်ဆိုင်ရာ အသေးစိတဆွေးနွေးတင်ပြချက်ကို လုံလောက်အောင် မပေးနိုင်လို့ သိပ္ပံနည်းကျ အသုံးချမရဘဲ ရှိခဲ့ရတယ်။
ကော်ပါးနိကပ်စ်က မူကြမ်းကို သင်္ချာနည်းနဲ့ အသေးစိတ်တွက်ပြတော့မှ အသုံးဝင်တဲ့ သိပ္ပံသီအိုရီတစ်ခု ဖြစ်လာပါတယ်။ ရှေ့ကိုတင်ကြိုပြီး ဂြိုဟ်သွားဂြိုဟ်လာကို တွက်ယူလို့ရတယ်။ နက္ခတ္တဗေဒမျှော်စင်တွေက တွက်ယူကိန်းတွေ မှန်မမှန် စောင့်ကြည့်ပြီး စစ်ဆေးနိုင်တယ်။ အဲဒီတော့မှ ရှေးကအယူဖြစ်တဲ့ မြေကမ္ဘာ (Earth) ဟာ စကြဝဠာ (Universe) ရဲ့ ဗဟိုဖြစ်တယ်ဆိုတာကို အဓိပ္ပာယ်ရှိရှိ နှိုင်းယှဉ်ကြည့်ပြီး၊ မှန် မမှန် ပြောနိုင်တာဖြစ်ပါတယ်။ ကော်ပါးနိကပ်စ်ရဲ့ သီအိုရီကြောင့် စကြဝဠာဆိုင်ရာ အယူဟောင်းကို ဖယ်ထုတ်ပြီး၊ ဒဿနိက အမြင်အားလုံးကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။
ဒါပေမယ့် အကြောင်းတစ်ခု သတိထားစရာက နက္ခတ္တဗေဒတစ်ခုတည်းကို ရူပဗေဒ၊ ဓာတုဗေဒနဲ့ သတ္တဗေဒတို့လို ကျယ်ကျယ်ပြန့်ပြန့် လုပ်စရာကိစ္စမရှိပါ။ တစ်မျိုးပြောရင် (ကမ္ဘာကနေကို ပတ်သလား စသဖြင့် …) မှန်အောင်မသိလည်း ရုပ်မြင်သံကြားစက် (television set)၊ စက်မောင်းရထား (automobile) နဲ့ ခေတ်ဓာတုဗေဒ စက်ရုံတွေက ကော်ပါးနိကပ်စ်သီအိုရီကို လုံးဝ မသိပေမယ့် ကောင်းကောင်းတပ်ဆင်နိုင်တယ်။ (ဖာရာဒေး၊ မက်စ်ဝဲလ်၊ လဗွိုင်ဆာနဲ့ နယူတန်တို့ စိတ်ကူူးတွေမပါဘဲ အပေါ်ကပြောခဲ့တဲ့ ပစ္စည်းတွေကို တည်ဆောက်လို့မရပါ။)
ကော်ပါးနိကပ်စ်ကြောင့် တိုက်ရိုက်အကျိုးသက်လားမှု ဘာရှိသလဲလို့ရှာရင် တွေ့မှာမဟုတ်ပါ။ ဒီလိုဆိုတိုင်း သူ့ဆောင်ရွက်ချက်ဟာ အလဟဿဖြစ်ရမှာလား၊ ကော်ပါးနိကပ်စ်ရေးတဲ့ကျမ်းဟာ ဂယ်လီလီယို (Galileo) နဲ့ ကက်ပလာ (Capler) တို့ရဲ့ကျမ်းတွေအတွက် တကယ်အသုံးကျတဲ့ အချီးနိဒါန်း ဖြစ်ပါတယ်။ အဲဒီနှစ်ကျမ်းကလည်း နယူတန် ပေါ်ထွန်းဖို့ လမ်းပြပေးခဲ့ပါတယ်။ အဲဒါတွေသုံးပြီး နယူတန်က လှုပ်ရှားမှုနဲ့ ဆွဲငင်မှုဥပဒေ (Laws of motion and gravitation)ကို ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။ သမိုင်းနည်းအရပြောရရင် အာကာသစက်လုံးတွေရဲ့ လှည့်ပတ်ခြင်းအကြောင်းဟာ ခေတ်နက္ခတ္တဗေဒရဲ့ အစဖြစ်ပါတယ်။ ဒါထက်ပိုပြီး အရေးပါတာက ခေတ်သိပ္ပံရဲ့အစ ဖြစ်ပါတယ်။
ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀မှ