ရေးသားသူ – Paing Hmu Ko (MYMC)
နေပူထဲ လိုမျိုး သွားတဲ့အခါ မျိုးမှာ နေကာ မျက်မှန် ဆိုတာ တကယ်တော့ လူ့မျက်စိ အတွက် လိုအပ်တဲ့ အရာပါ။ နေကာ မျက်မှန် နဲ့ပတ်သက်လို့ သိသင့် သိထိုက်တဲ့ အကြောင်းအရာ များကို ဆွေးနွေး ထားပါတယ်။
နေကာ မျက်မှန် ဆိုတာ တကယ်တော့ လူ့မျက်စိအတွက် လိုအပ်တဲ့ အရာပါ။ အထူးသဖြင့် နေပူထဲလိုမျိုး သွားတဲ့အခါ မျိုးမှာပေါ့။
နေကာမျက်မှန်သမိုင်းနဲ့ ပတ်သတ်လို့ပြောရမယ်ဆိုရင်တော့ အာတိတ်ဒေသက Inuit လူမျိုးတွေဟာ နေကာမျက်မှန်တွေကို လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ နှင်း နဲ့ နေရဲ့အလင်းရောင်ပြန်ဟပ်မှုကို ကာကွယ်ဖို့သုံးခဲ့ကြတာပါ။ နေကာမျက်မှန်ဆိုပေမယ့် ဖျံကြီးတွေရဲ့အစွယ်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ပြန်လည်တွေ့ရှိခဲ့ရတဲ့ သက်တမ်းအရင့်ဆုံး နေကာမျက်မှန်ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က အသုံးပြုခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံ ဘတ်ဖင်ကျွန်းကနေ တွေ့ရှိခဲ့တာပါ။
လူသိများတဲ့ရောမဘုရင်ကြီး နီရိုး ကလည်း နေပူကြဲကြဲထဲက ကျွန်သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို ကြည့်ရှု့တဲ့အခါ မြကျောက်ကို နေကာအဖြစ်သုံးပြီး ကြည့်ခဲ့ဖူးပါတယ်။ ယနေ့ခေတ်နေကာမျက်မှန်တွေကို စသုံးခဲ့တာကတော့ ၁၂ရာစု လောက်က တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ မီးခိုးရောင်ကျောက်သလင်း နဲ့ ပြုလုပ်ထားတဲ့ ဒီမျက်မှန်တွေကိုတော့ တရားသူကြီးတွေကသာ သုံးကြတာဖြစ်ပြီး သုံးရတဲ့အကြောင်းကတော့ တရားစီရင်ချက်တွေ ချတဲ့အခါမျိုးမှာ သူတို့ရဲ့မျက်နှာအမူအရာ ခံစားမှုကို မသိစေချင်လို့ ဖြစ်ပါတယ်။
၁၈ ရာစုမှာတော့ မှန်ကိုဆေးသုတ်ထားတဲ့ နေကာမျက်မှန်တွေကို တီထွင်လာကြပြီး နေကာမျက်မှန်တွေစတင်ခေတ်စားခဲ့တာကတော့ ၂၀ ရာစု အစောပိုင်းကာလမှ ပဲ ဖြစ်ပါတယ်။ လက်ရှိ နေကာမျက်မှန်အများဆုံးထုတ်လုပ်တာကတော့ တရုတ်နိုင်ငံ Xiamen မြို့မှဖြစ်ပြီး တစ်နှစ်ကို နေကာမျက်မှန်အလက်ပေါင်း သန်း ၁၂၀ ခန့် ထုတ်လုပ်လျှက်ရှိနေပါတယ်။
နေကာမျက်မှန် တပ်တာနဲ့ ပတ်သက်လို့ မျက်ကန်းတွေလို့ လှောင်ပြောင် ကြတဲ့ သူတွေ ခုခေတ်ထဲထိ ရှိသေးတာ ကြုံတွေ့ရ နိုင်ပေမယ့် ဂရုစိုက်စရာတော့ မလိုပါဘူး။ ရှှိုးထုတ်တယ်လို့ပဲ ဆိုဆို မျက်စိ ကျန်းမာရေး အတွက် လိုအပ်တဲ့ အတွက် တပ်သင့်ပါတယ်။ ဒါပေမယ့် အိမ်ထဲမှာလို မလိုအပ်တဲ့ နေရာမျိုးမှာ အားတိုင်း တပ်နေတာ ကျတော့ ပေါတောတော နိုင်သလို လူမြင်ကပ်လည်း ခံရနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီကိစ္စတွေ အသာထားလို့ နေကာ မျက်မှန်နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ စပြောကြ ရအောင်။ စစချင်း နေကာ မျက်မှန် အရောင်တွေနဲ့ စကြပါမယ်။ နေကာ မျက်မှန်ဟာ တကယ်တော့ အမည်းရောင် ချည်းပဲ ရှိတာ မဟုတ်ပါဘူး။ မီးခိုး၊ လိမ္မော် စသည်ဖြင့် မျိုးစုံ လှပါတယ်။ ဒါပေမယ့် သူ့အရောင်နဲ့ သူအားဖြင့် ကိုယ့်မျက်လုံးကို ဘယ်လို ကာကွယ် ပေးနိုင်သလဲ ဆိုတာတော့ သိထားဖို့ လိုပါတယ်။
– မီးခိုးရောင် မှန်နဲ့ နေကာ မျက်မှန်မျိုးဟာ ယေဘုယျ အားဖြင့် မျက်စိကို တောက်ပတဲ့ အလင်းတွေ ကနေ ကောင်းကောင်း ကာကွယ် ပေးနိုင်ပြီး ကားမောင်းတဲ့ နေရာမျိုးမှာ ပိုသုံးကြ ပါတယ်တဲ့။
– အညိုရောင် နေကာ မျက်မှန် မျိုးကတော့ မျက်စိအမြင် စွမ်းရည်ကို ကြည်လင်စေပြီး အထူး အားဖြင့် အပြာရောင် အလင်းတန်း များကို ကာကွယ် ပေးတာကြောင့် အပြာရောင် ကောင်းကင် အောက်က လှုပ်ရှားမှုများ ဖြစ်တဲ့ စက်ဘီးစီး တာ၊ ဘေ့စ်ဘော ကစားတာ စတဲ့ အားကစား မျိုးတွေ အတွက် ဝတ်ဆင်ရင် အလွန် ကောင်းပါ တယ်တဲ့။
– အစိမ်းရောင် နေကာ မျက်မှန်တွေ ကျတော့ အမြင်ကို အတန် ကြည်လင်စေပြီး အရောင် တွေကို ခွဲခြား ရာမှာ အကူအညီ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။
– အနီရောင် သန်းတဲ့ နေကာ မျက်မှန်မျိုး တွေကတော့ နေပူတဲ့ ရာသီဥတု မျိုးမှာ ဝတ်ဆင်ရင် အကောင်းဆုံး ဖြစ်ပြီး အရောင်တွေကို အ နည်းငယ် ရောထွေး စေပေမယ့် ရေလွှာလျှော စီးလို အားကစား လုပ်ရာမှာ ဝတ်ဆင်သင့်တဲ့ အရောင်ပါပဲ။
– အဝါရောင်နဲ့ လိမ္မော်လို နေကာ မျက်မှန်မျိုး ကတော့ အပြာရောင်ကို ပိုမြင်နိုင်စေပြီး အလင်းရောင် မလုံလောက်တဲ့ နေရာ ဒါမှမဟုတ် တအား လင်းလွန်းတဲ့ နေရာမျိုးမှာ ဝတ် ဆင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။
နွေရာသီမှာ မျက်စိကျန်းမာရေးမထိခိုက်စေဖို့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ရောဂါဖြစ်နှုန်း မြင့်တက်စေတယ်ဆိုတာကို တွေ့ရှိလာတဲ့အတွက် UV ကို အပြည့်အဝကာကွယ်မှုပေးနိုင်တဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ဖို့လိုပါတယ်။
တကယ်တော့ ဘယ်အရောင်ပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ နေကာမျက်မှန် ဆိုရင် နေရောင်ခြည် ထဲက ခရမ်းလွန် ရောင်ချည်တွေ မျက်စိကို မထိ ခိုက်အောင် ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်တွေဟာ ၉၇% အထိ အလင်းရောင်ကို ကာကွယ်ပေး နိုင်ပါတယ်။ နေရောင် အပြင် ရေ၊ နှင်းမှုန်၊ အမှိုက်သရိုက် တွေလည်း ကာကွယ် ပေးပါတယ်။
ဒီလို ကောင်းကျိုးတွေ ပေးတဲ့ နေကာ မျက်မှန် တွေကို စာဖတ်သူများ အနေနဲ့ အခုလို ပူပြင်းတဲ့ ရာသီဥတု မျိုးမှာ ဝယ်ယူ ဝတ်ဆင်ကြပါ။ ဒါမှ စာဖတ်သူ တို့ရဲ့ တန်ဖိုးရှိတဲ့ မျက်လုံး နှစ်လုံးလဲ ရေရှည် ကျန်းမာမှာ ဖြစ်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။
Paing Hmu Ko (MYMC)