အီဂျစ်က ကမ္ဘာ့အမွေအနှစ်တွေကို ဘယ်လိုကယ်တင်ခဲ့ကြသလဲ

Posted on

အားလုံးပဲ မင်္ဂလာပါရှင် ။ အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ အဘူစင်ဘယ် ဆိုတဲ့နေရာပါ။

အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ် ဘုရားကျောင်းများ ဆိုပြီးနာမည်ကြီးခြင်းဖြစ်ပါတယ်။

သက်တမ်းထောင်ချီရှိနေပြီဖြစ်တဲ့ ဒီဘုရားကျောင်းတွေဟာ အီဂျစ်ရဲ့ ကမ္ဘာလှည့်ခရီးသွားအလာဆုံး နေရာတွေထဲက တခုလည်းဖြစ်ပါတယ်။

အများစုအနေနဲ့ကတော့ ဒီဘုရားကျောင်းတွေဟာ ရှေးဟောင်းဘုရားကျောင်းတွေဖြစ်တဲ့အတွက် ဟိုးယခင်ကာလကတည်းက ဒီနေရာမှာ ပုံစံမပျက်တည်ရှိလာခဲ့တာလို့ ထင်မိကြမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ လက်ရှိနေရာဟာ မူလနေရာကနေ ပြန်လည်ရွှေ့ပြောင်းတည်ဆောက်ထားခြင်းသာ ဖြစ်ပါတယ်။

ဒီတခါတော့ ဒီလိုကြီးမားတဲ့ရုပ်တုကြီးတွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေကို မည်သို့မည်ပုံ ခက်ခက်ခဲခဲရွှေ့ပြောင်းခဲ့ရသလဲ ဆိုတဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှသွားပါမယ်။

အဘူစင်ဘယ် ဘုရားကျောင်းတွေကိုတော့ လွန်ခဲ့သောနှစ်ပေါင်း ၃ထောင်ကျော် ဘီစီ ၁၃ ရာစု ကာလက အီဂျစ်သမိုင်းရဲ့ နာမည်အကြီးဆုံး ဖာရိုဘုရင်တပါးဖြစ်တဲ့ ဒုတိယရမ်ဆီးစ် နဲ့ မိဖုရားဖြစ်သူ နက်ဖာတာရီ တို့က နိုင်းမြစ်အနောက်ဘက်ကမ်းမှာ တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ကဒက်ရှ်တိုက်ပွဲမှာ ဟစ်တိုက်စ်တို့အား အနိုင်ရရှိခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီဘုရားကျောင်းတွေကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ တောင်နံရံကျောက်သားများကို ထွင်းထုကာ ဘုရားကျောင်း နဲ့ အရုပ်ကြီးများအဖြစ် လက်ရာမြောက်စွာ ဖန်တီးဆောက်လုပ်ခဲ့ကြတာဖြစ်ပြီး အီဂျစ်နတ်ဘုရား အာမန် အား ရည်စူးခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး ကြာအောင် ခက်ခက်ခဲခဲ ဆောက်လုပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီဘုရားကျောင်းတွေဟာ စတင်တည်ဆောက်ချိန်ကနေ ရာစုနှစ် ၃ ၊ ၄ ခုမက ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူသူ အသွားအလာမရှိတဲ့နေရာဖြစ်ခဲ့ပြီး ဘီစီ ၆ ရာစုကာလမှာတော့ ရုပ်တုကြီးတွေရဲ့ ဒူးခေါင်းအထိ သဲတွေက ဖုံးလွှမ်းနေခဲ့ပြီဖြစ်ပါတယ်။

ဒီနေရာဟာ အေဒီ ၁၉ ရာစုတိုင်အောင် မထင်မရှားနစ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး ၁၈၁၃ ခုနှစ်မှာမှ ဆွစ်လူမျိုး ခရီးသွား ပထဝီပညာရှင် ယိုဟန်လူးဝစ်ဘက်ခါ က ပြန်လည် ရှာဖွေ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက်တော့ ရှေးအီဂျစ်ရဲ့ အမွေအနှစ်တွေအဖြစ် ပြန်လည်လူသိများလာခဲ့ပါတယ်။

ဒါပေမယ့် ဒီသမိုင်းဝင် အမွေအနှစ်နေရာဟာ ၁၉၅၉ ခုနှစ်မှာတော့ ပျက်စီးမယ့် အရေးနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ အဲဒါကတော့ အီဂျစ်အစိုးရဟာ နိုင်းမြစ်မှာ အက်ဆွမ်ဆည်ကို ဆောက်လုပ်ဖို့ကြိုးစားခဲ့တာကြောင့်ဖြစ်ပါတယ်။

စိုက်ပျိုးရေး နဲ့ ရေအားလျှပ်စစ်အတွက် ဆည်ကိုတည်ဆောက်ခဲ့တာဖြစ်ပေမယ့် ဆည်တည်ဆောက်မှုရဲ့အကျိုးဆက်အဖြစ် နိုင်းမြစ်ရေမျက်နှာပြင် မြင့်တက်လာပြီး အဘူစင်ဘယ်ဘုရားကျောင်းတွေကို ရေအောက်ကို နစ်မြုပ်သွားစေနိုင်မှာဖြစ်ပါတယ်။

ဒီအခက်အခဲအတွက် အီဂျစ် နဲ့ ဆူဒန် အစိုးရတွေဟာ ယူနက်စကိုအဖွဲ့နဲ့ အတူပူးပေါင်း ဖြေရှင်းဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့အစီအစဉ်ကတော့ အရင်ဆုံး မြစ်ရေလွတ်ရာ အနောက်ဘက် မီတာ ၂၀၀ အကွာအဝေးက အမြင့် ၆၅ မီတာ ရှိတဲ့ တောင်ကုန်းတခုကို ဖန်တီးမှာဖြစ်ပါတယ်။

အဲဒီနောက်တော့ ဖန်တီးထားတဲ့ တောင်ကုန်းပေါ်ကို မူလနေရာက အဘူစင်ဘယ်ဘုရားကျောင်း နဲ့ ရုပ်တုတွေကို ရွှေ့ပစ်ဖို့ ဖြစ်ပါတယ်။

အလွန်တရာကြီးမားတဲ့ ကျောက်တုံး အဆောက်အအုံ နဲ့ ရုပ်တုတွေကို မထိခိုက်စေပဲ မည်သို့ မည်ပုံ ပြောင်းရွှေ့ရမလဲဆိုတာကို ကမ္ဘာအရပ်ရပ်က ပညာရှင်တွေထံ အကူအညီတောင်းခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ နိုင်ငံပေါင်းစုံက အသိပညာရှင် အတတ်ပညာရှင် ၄၀ ခန့်ဟာ အီဂျစ်ရှေးဟောင်းအမွေအနှစ် ရွှေ့ပြောင်းရေးမှာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် ၁၉၆၄ ခုနှစ်မှ ရွှေ့ပြောင်းခြင်းလုပ်ငန်းကို စတင်နိုင်ခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ လူအင်အားများစွာအပြင် အလွန်တရာကြီးမားတဲ့ ကရိန်း နဲ့ ဘူဒိုဇာကဲ့သို့ ရွှေ့ပြောင်းရေးဆိုင်ရာ ယာဉ် နဲ့ စက်တွေ ပါဝင်ခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ ရုပ်တုကြီးပေါင်း ၂၂ ခု နဲ့ အဆောက်အအုံတွေကို ပျမ်းမျှ တန် ၂၀ခန့် ၊ အများဆုံး တန် ၃၀ ခန့်အထိ လေးတဲ့ ကျောက်တုံး အစိတ်အပိုင်းတွေအဖြစ် အတိအကျ ဖြတ်တောက်ခဲ့ကြပါတယ်။

မူလတဆက်တည်း ရှိနေပြီးသား ရုပ်တုကြီးတွေကို အတိအကျဖြတ်တောက်ရတာဟာ အလွန်သိမ်မွေ့ခက်ခဲခဲ့ပြီး ဒီအဘူစင်ဘယ်ရွှေ့ပြောင်းမှု ပရောဂျက်ဟာ သုတေသနဆိုင်ရာ အင်ဂျင်နီယာလောကအတွက် အကြီးမားဆုံး စိန်ခေါ်မှု တခုဖြစ်ခဲ့ပါတယ်။

ဘယ်လောက်တောင် တိကျရသလဲဆိုရင် ဒီကြီးမားတဲ့ ရုပ်တုကြီးကို ဖြတ်တောက်ရာမှာ ကွာခြားမှုအနေနဲ့ ၁လက်မရဲ့ ၅ပုံ၁ပုံခန့် သာ အများဆုံး ကွာခြားနိုင်ပြီး ဒီထက်ပိုရင်တော့ ကမောက်ကမတွေ ဖြစ်သွားစေမှာပါ။

ဒီလိုနဲ့ အစိတ်အပိုင်းတွေကို တဖြည်းဖြည်းဖြတ်တောက်ပြီးနောက် လက်ရှိနေရာကို ပို့ဆောင်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၆၄ ခုနှစ်က စတင်ခဲ့တဲ့ ဒီရွှေ့ပြောင်းခြင်း ပရောဂျက်ဟာ ၄နှစ်တာကြာခဲ့ပြီးနောက် ၁၉၆၈ ခုနှစ်မှာတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

အချိန်ကြာမြင့်လွန်းတာကြောင့် တချို့အစိတ်အပိုင်းတွေဆိုရင် ရေအောက်က ပြန်လည်ဆယ်ယူခဲ့ရပါသေးတယ်။ ဒါပေမယ့် ရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်သာ ပြီးဆုံးခဲ့တာဖြစ်ပြီး အစိတ်အပိုင်းတွေကို မူလအဆောက်အအုံတွေ ရုပ်တုတွေဖြစ်အောင် ပြန်လည်တပ်ဆင် တည်ဆောက်ရမယ့် လုပ်ငန်းစဉ်ကတော့ ကျန်နေပါသေးတယ်။

ဒီအတွက်တော့ အချိန် ၁၀နှစ်ကျော် ထပ်ယူခဲ့ရပြီး ၁၉၈၀ ဝန်းကျင်မှ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း အောင်မြင်စွာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းမှုလုပ်ငန်းစဉ်အတွက် စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ရှိခဲ့ပြီး အီဂျစ်တွေဟာ သူတို့ရဲ့ရှေးဟောင်းအမွေအနှစ်တွေကို မည်မျှတန်ဖိုးထားကြောင်း သိသာစေပါတယ်။

ရွှေ့ပြောင်းမှုအောင်မြင်စေဖို့ ကူညီမှုကို တုန့်ပြန်တဲ့အနေနဲ့ အီဂျစ်အစိုးရဟာ ဘုရားကျောင်းအဆောက်အအုံငယ် ၄ ခုကို နိုင်ငံအချို့ထံလက်ဆောင်အနေနဲ့ ပေးအပ်ခဲ့ပါတယ်။

ဒီအထဲက တခုဖြစ်တဲ့ ဒန်ဒါဘုရားကျောင်းကတော့ အမေရိကန်ကို ရောက်ရှိနေပြီး နယူးယောက်က မက်ထရိုပိုလစ်တန် ပြတိုက်မှာ ပြသထားပါတယ်။

အဘူစင်ဘယ် ဘုရားကျောင်းတွေဟာ ၁၉၇၉ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရပြီး ယနေ့အချိန်မှာတော့ ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသွားတွေလာရောက် လည်ပတ်ကြတဲ့ နေရာတခုဖြစ်နေပါပြီ။

ထပ်မံပြီးတော့လည်း ဒီလို စိတ်ဝင်စားစရာ ဗဟုသုတ အကြောင်းအရာလေးတွေကို ဝေမျှသွားမှာ ဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *