ပြီးခဲ့တဲ့ရက်က စင်ကာပူမှာ လုပ်သွားတဲ့ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုကို အားလုံးသိလိုက်ကြမှာပါ။ အမေရိကန် သမ္မတ နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံး တွေ့ဆုံဆွေးနွေးတဲ့ အခမ်းအနားပါ။ ဒီပွဲကို စင်ကာပူနိုင်ငံ စင်တိုဆာ ကျွန်းပေါ်က ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Capella ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ ကမ္ဘာ့ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံကြတဲ့ ဒီပွဲအတွက် စင်ကာပူဟာ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ရပါတယ်။
သမိုင်းဝင်တွေ့ဆုံပွဲဖြစ်ပြီး အမေရိကန်ရော မြောက်ကိုရီးယားကရော စင်ကာပူနိုင်ငံကိုသာ ရွေးချယ်ခဲ့တဲ့အတွက် မငြင်းသာပဲကျင်းပ ပေးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲ ကျင်းပတဲ့ရက်တွေမှာ စစ်ဆေးခံရမှုတွေ ၊ ကြန့်ကြာမှုတွေ ၊ အခက်အခဲတွေ ဖြစ်ခဲ့ရင် သည်းခံပေးဖို့ စင်ကာပူ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူတွေကိုတောင်းပန်ပြောကြားခဲ့ပါတယ်။ စင်ကာပူဟာ ဒီဆွေးနွေးပွဲကို လက်ခံကျင်းပဖို့အတွက် ပြင်ဆင်မှုအမြောက်အများလုပ်ခဲ့ရတဲ့အပြင် စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀ ခန့် ကုန်ကျခဲ့ပါတယ်။
ကျွန်တော်တို့ သာမန်လူတွေ အမြင်မှာတော့ စင်ကာပူဟာ ဒီပွဲလက်ခံကျင်းပရတဲ့အတွက် တော်တော်အကုန်အကျခံခဲ့ရပြီး လုပ်ခြုံရေးပြင်ဆင်မှုတွေလုပ်ခဲ့ရတဲ့အတွက် ခက်ခဲခဲ့တယ်လို့မြင်ကြမှာပါ။ ဒါပေမယ့် တကယ်တန်းတော့ ဒီလိုမဟုတ်ပါဘူး။ စင်ကာပူဟာ ဒီပွဲအတွက် ဒေါ်လာ သန်း ၂၀ ကုန်ကျခဲ့ပေမယ့် သူတို့ပြန်ရခဲ့တာက ဒေါ်လာ သန်း ၇၀၀ပါ။ ဒီရက်ပိုင်းအတွင်းမှာ သန်း ၆၈၀ အမြတ်ထွက်သွားတယ်လို့ ဆိုရမှာပါ။ သတင်းယူခွင့် ၊ ထုတ်လွှင့်ခွင့်တွေ ၊ ဒီပွဲအတွက် အလည်လာတဲ့ခရီးသွားတွေ ၊ ထောင်ချီတဲ့သတင်းထောက်တွေ နဲ့ မီဒီယာတွေဆီက ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီထက်ပိုတာကတော့ အစကတည်းက နာမည်ရှိပြီးသား စင်ကာပူဟာ ပိုပြီးနာမည်ကြီးသွားတာပဲဖြစ်ပါတယ်။ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ Capella ဟိုတယ်အကြောင်းကို အွန်လိုင်းပေါ်မှာရေးခဲ့တာ ဆောင်းပါးပေါင်း ၂သောင်းကျော်ပါတဲ့။ ဒါအပြင် ခေါင်းဆောင်နှစ်ယောက်တည်းခဲ့တဲ့ Shangri-La နဲ့ St Regis ဟိုတယ်တွေအကြောင်း ရေးတဲ့သူကလည်း မနည်းမနောပါတဲ့။
မြောက်ကိုရီးယားခေါင်းဆောင် ကမ်သွားရောက်လည်ခဲ့တဲ့ Marina Bay Sands နဲ့ Gardens by the Bay တွေအကြောင်းကိုလည်း လူတွေသိသွားကြပါတယ်။ အခုဆိုရင် စင်ကာပူကဘယ်နေရာမှာလဲ ဆိုတဲ့မေးခွန်းဟာ ဂိုဂဲမှာ အမေးအများဆုံး မေးခွန်းတစ်ခုဖြစ်လာတာကြောင့် စင်ကာပူကို ခရီးသွားတွေ မနည်းမနော ထပ်လာကြဦးမှာဖြစ်ပြီး နိုင်ငံအတွက်အမြတ်ငွေအများကြီးထပ်ရဦးမှာဖြစ်ပါတယ်။
သမိုင်းဝင်တွေ့ဆုံပွဲဟာ အမေရိကန် နဲ့ မြောက်ကိုရီးယားအပြင် တကမ္ဘာလုံးအတွက် အကျိုးရှိတဲ့တွေ့ဆုံပွဲဖြစ်ပေမယ့် ဒီပွဲမှာ တကယ်တမ်းအများဆုံး အမြတ်ထွက်သွားသူက စင်ကာပူပဲဖြစ်ပါတယ်။ ဒီပွဲနဲ့ အတူ စင်ကာပူရဲ့ ပုံရိပ်တွေကို အလိုလိုကြော်ငြာပြီးသား ဖြစ်သွားစေပါတယ်။
ဒီပွဲကျင်းပစဉ်အတွင်း အဆင်မပြေမှုတွေကြောင့် ငြိုငြင်ခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားတွေလည်း အခုဆိုရင် စင်ကာပူခေါင်းဆောင်တွေရဲ့ အကွက်မြင်မှုကို လေးစားနေရပါပြီ။ ဒီလိုထက်မြက်တဲ့ခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း စင်ကာပူဟာ စတုရန်းမိုင် ၂၇၈မိုင်သာ ကျယ်တဲ့နိုင်ငံလေးဖြစ်ပေမယ့် ကမ္ဘာ့ထိပ်တန်းနိုင်ငံနိုင်ငံတစ်ခုအဖြစ် အင်အားကြီးနိုင်ငံတွေနဲ့အတူ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။