ဒေါက်တာခင်မောင်လွင် (FAME)
ခွေးလှေးယားပင်သည် ခန္ဓာကိုယ်ယားယံစေသည့်အပင်ဖြစ်ကြောင်း လူတိုင်းသိရှိကြပြီး ဖြစ်သည်။ သို့သော် ထိုအပင်တွင် လူများ၏ကျန်းမာရေးအတွက် အာနိသင်ထက်မြက်လှသည့် သဘာဝဆေးဖက်ဝင်ဓာတ်ပစ္စည်းများ ပါဝင်နေခြင်းကို လူသိနည်းနေဆဲဖြစ်သည်။ ခွေးလှေးယား ပင်ကို ရုက္ခဗေဒအရ Mucuna pruriens ဟု ခေါ်ပြီး အင်္ဂလိပ်အမည်မှာ Velvet Bean ဖြစ်ပါသည်။
ပဲအုပ်စုဝင် တစ်နှစ်ခံ အပင်ပျော့မျိုးဖြစ်ပြီး တိုင်ထောင်ပဲများကဲ့သို့ ဖြစ်သည်။ ခွေးလှေးယားပင် ၏ပင်စည်သည် အခြားအပင်ကြီးများကို တွယ်တက်လျှင် ပေ ၄ဝ မှ ၅ဝ ခန့်အထိ ရှည်တတ် ပါသည်။ ခွေးလှေးယားပင်၏ မူရင်းဒေသ (Native) မှာ မြန်မာနိုင်ငံ အပါအဝင်အပူပိုင်းအာရှ ဒေသ (Tropical Asia) နှင့် အာဖရိကဒေသများဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင်လည်း တွေ့နိုင်ပါသည်။
အဓိကဆေးဖက်ဝင်အပိုင်းမှာ ခွေးလှေးယားသီးအစေ့ဖြစ်သည်။ အစေ့ကို အုပ်ထားသော အသီးမှာ ပဲသီးတောင်ကဲ့သို့ နှစ်မြောင်းကွဲသီးတောင့်ဖြစ်ပြီး ကတ္တီပါအမွှေးလေးများနှင့် အုပ်ထားပါသည်။ ယင်းအမွှေးလေးများသည် အသီးမှ အလွယ်တကူ ကျွတ်ထွက်တတ်ပြီး ထိတွေ့မိသူကို အင်မတန် ယားယံစေသည်။ အသီးတစ်သီးတွင် အစေ့ ၄ စေ့ မှ ၉ စေ့ ခန့်အထိ ပါဝင်တတ်ပြီး ယင်းအစေ့ များထဲတွင် အလွန်တန်ဖိုးကြီးသည့် ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ ကြွယ်ဝစွာ ပါရှိပါသည်။
ခွေးလှေးယားသီးအစေ့တွင်ပါဝင်သော အာဟာရဓာတ်များ
ခွေးလှေးယားသီးအစေ့တွင် အာဟာရဓာတ်များ အနေနှင့် –
– ကစီဓာတ် (Carbohydrate) ၅ဝ-၆ဝ %
– ပရိုတင်းဓာတ် (Protein) ၂ဝ-၂၉ %
– အဆီဓာတ် (Lipid) ၆-၇ %
– အမျှင်ဓာတ် (Crude Fibers) ၂ဝ-၃ဝ %
– သတ္တုဓာတ်(Minerals)အနည်းငယ် ပါဝင်ပါသည်။
ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ
အစွမ်းထက် ဆေးဖက်ဝင်ဓာတ်ပစ္စည်း (Phyto-chemicals) များလည်း ကြွယ်ဝစွာ ပါဝင်နေပါသည်။ ယင်းတို့အနက် အရေးအပါဆုံးမှာ အယ်လ်ဒိုပါ (L-dopa) ဖြစ်ပြီး ၇-၁ဝ % အထိပါဝင်ပါသည်။ ဒုတိယအနေနှင့် စီရိုတိုနင် (Serotonin) များပါဝင်ပြီး ယင်းဓာတ်နှစ်မျိုးသည် အခြားဆေးပင်များထက် သိသိသာသာ အမြောက်အမြား ပါဝင်နေခြင်းဖြစ် သည်။
အယ်လ်ဒိုပါဟု အတိုကောက်ခေါ်သည့် လီဗိုဒိုပါ (Levodopa) ကို ၁၉၁ဝ ခုနှစ်တွင် Vicia faba ဟု ရုက္ခဗေဒအရ အမည်တွင်သော ပဲပြား (Broad bean) ထဲမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ယင်း၏ ဆေးဖက်ဝင်အာနိသင်ကိုတော့ ဂရုမပြုမိကြသေးပါ။ ၁၉၅၇ တွင် အယ်လ်ဒိုပါမှ ဒိုပါမင်း (Dopamine) အဖြစ် ပြောင်းလဲပေးသော အယ်လ်ဒိုပါ ဒီကာဘောက် ဆိုင်လေ့စ် (L-dopa Decarboxylase) အင်ဇိုင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဒိုပါမင်းဆိုသည်မှာ ဦးနှောက် ထဲတွင်ရှိသော ဟိုမုန်းတစ်မျိုးဖြစ်ပြီး ယင်းဟိုမုန်းချို့တဲ့ လျှင် ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဖြစ်ပွားပါသည်။ ထို့နောက် ၁၉၆၁ ခုနှစ်တွင် လီဗိုဒိုပါ ကို ပါကင်ဆန်ရောဂါ၌ စတင်အသုံးပြုနိုင်ခဲ့သည်။
လီဗိုဒိုပါကို ပဲပြားမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော ကြောင့် အခြားပဲအုပ်စုဝင်များကို ဆက်လက်လေ့လာ ရာ ခွေးလှေးယားသီး၏အစေ့တွင် အများဆုံး ပါဝင် နေကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ခွေးလှေးယားသီးအစေ့မှ လီဗိုဒိုပါ ထုတ်ယူမှုများ ပြုလုပ်ခဲ့ကြပါသည်။ ယနေ့ဆိုလျှင် လီဗိုဒိုပါသည် ပါကင်ဆန်ရောဂါအတွက် တစ်ခု တည်းသော ကုသရန်ဆေးဖြစ်သည်။ “Gold standard” of modern drug treatment of Parkinson’s Disease) သို့ဖြစ်သောကြောင့် ရှာဖွေတွေ့ရှိခဲ့သော သိပ္ပံပညာရှင်များသည် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆုချီးမြှင့်ခံခဲ့ရပါသည်။
ပါကင်ဆန်ရောဂါအပေါ် အကျိုးသက်ရောက်မှု
လီဗိုဒိုပါကို အဓိကအနေနှင့် ရောဂါ (၂) မျိုးတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ယင်းတို့မှာ-
(၁) အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော ပါကင် ဆန်ရောဂါ (Parkinsonism)
(၂) အမျိုးသားများတွင် ကလေးမရနိုင်ခြင်း(Infertility) နှင့် ပန်းသေပန်းညှိုးရောဂါ (Erectile dysfunction) တို့ဖြစ်သည်။
ကျွန်တော်တို့၏ဦးနှောက်ထဲတွင် ခန္ဓာကိုယ်လှုပ်ရှားသွားလာမှုကို ထိန်းချုပ် ပေးသည့် ဒိုပါမင်း(Dopamine) အမည်ရှိသော ဟိုမုန်းတစ်မျိုး မရှိမဖြစ် လိုအပ် ပါသည်။ အသက်အရွယ်ကြီးလာချိန်တွင် အထူးသဖြင့် (၆၅) နှစ်ကျော်လာလျှင် ယင်းဟိုမုန်းထုတ်လုပ်မှု ကျဆင်းလာပါသည်။ ထိုအခါ အာရုံကြောများ ပုံမှန် အလုပ်မလုပ်နိုင်တော့သောကြောင့် အထိုင်အထများ နှေးကွေးလေးလံလာပြီး လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း၊ ခြေလက်တုန်ခြင်းများ ဖြစ်ပွားပါသည်။ ယင်းကို ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဟု ခေါ်သည်။ ဤရောဂါ ကို ဒိုပါမင်းဟော်မုန်း ဖြည့်စွက်ကူညီပေးခြင်းဖြင့် ကုသနိုင်ပါသည်။
သို့သော် ဒိုပါမင်းဟော်မုန်းသည် သောက်ဆေးအနေနှင့်ဖြစ်စေ၊ ထိုးဆေးအနေနှင့်ဖြစ်စေ သွေးကြောမှတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်ရာတွင် အဓိကဖြတ်ကျော်ရသည့် ဦးနှောက်အမြှေးပါးအလွှာ (Blood Brain Barrier) ကို ကျော်ဖြတ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ဒိုပါမင်းဟိုမုန်းကို ဆေးအနေနှင့် အသုံးပြု၍ မရနိုင်ပါ။
ထို့နောက် သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှုအရ ခွေးလှေးယားသီး အစေ့တွင်ပါဝင်သော အယ်လ်ဒိုပါ (L-dopa) များသည် ဦးနှောက်အမြှေးပါး လွှာကို ကောင်းစွာ ဖြတ်ကျော်နိုင်ကြောင်း တွေ့ရှိရပြီး ဦးနှောက်အတွင်းသို့ ရောက်လျှင် ဒိုပါမင်းအဖြစ် ပြောင်းလဲသွားသည့်အတွက် ပါကင်ဆန်ရောဂါ၏ လက္ခဏာများ သက်သာသွားစေပါသည်။ ဤလေ့လာတွေ့ရှိမှုကို ကြည့်ခြင်း ဖြင့် ပါကင်ဆန်ရောဂါအတွက် ခွေးလှေးယားသီးအစေ့များသည် များစွာ အသုံး ဝင်ကြောင်း သိရှိနိုင်သည်။
ဒိုပါမင်းဟိုမုန်း အရေးပါပုံ
ကျွန်တော်တို့ခန္ဓာကိုယ်၏ကျန်းမာရေးအတွက် ဟိုမုန်းစနစ်များ မှန်ကန် ဖို့ လိုအပ်ပါသည်။ ယင်းတို့အနက် ဒိုပါမင်းဟိုမုန်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ဒိုပါမင်းသည် ကက်တီကောလ်အေမင်း (Catecholamine) နှင့် ဖီနိုင်းအလနင်း (Phenylalanine)အုပ်စုဝင် နျူရိုထရန်စမစ်တာ (Neurotransmitter) တစ်မျိုးဖြစ်သည်။ နျူရိုထရန်စမစ်တာဆိုသည်မှာ အာရုံကြောဆဲလ် (Nerve Cell) တစ်ခုနှင့်တစ်ခုကြား ဆက်သွယ်၍ သတင်းအချက်အလက်များပို့ပေးသော မော်လီကျူးလေးများ ဖြစ်သည်။ ယင်းတို့ကို ဦးနှောက်အစိတ်အပိုင်းတစ်နေရာ ဖြစ်သော ဦးနှောက်အလယ်ပိုင်း (Midbrain) ၏ ဆပ်စတန်းရှားနိုင်ဂရာ (Substantia Nigra) မှ နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိသည်။ မော်လီကျူးဖော်မြူလာ မှာ C8 H11 NO2 ဖြစ်သည်။
ဒိုပါမင်းသည် ခန္ဓာကိုယ်တွင်းတွင် အဓိကအလုပ်နှစ်ခု လုပ်ဆောင်ပါ သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလုပ်ငန်းနှင့် ဦးနှောက်ပြင်ပလုပ်ငန်း ဟူ၍ (၂) ခု ခွဲခြားနိုင်သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလုပ်ငန်းအနေ နှင့် ခန္ဓာကိုယ်လှုပ်ရှားသွားလာမှု၊ ထိုင်ခြင်း၊ ထခြင်းနှင့် စိတ်ခံစားမှုအခြေအနေ များကို ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ယင်းဟိုမုန်းချို့တဲ့လျှင် အထိုင်အထ ခက်ခဲခြင်း၊ လမ်းလျှောက်လျှင် နှေးကွေးခြင်း၊ ခြေလက်လှုပ်ရှားမှု လေးလံခြင်းနှင့် လက်တုန်ခြင်းများ ဖြစ်ပွားတတ်ပါသည်။
နောက်ထပ် ဦးနှောက်နှင့်ပတ်သက်သော ရောဂါများထဲတွင် ယနေ့ကလေး များတွင် အဖြစ်များလာသော ADHD (Attention Deficit Hyperactivity Disorders) ဟုခေါ်သည့် အော်တစ်စင်ကဲ့သို့သောရောဂါမျိုးမှာလည်း ဒိုပါမင်းလျော့နည်းမှု နှင့် ပတ်သက်နေပါသည်။ အလကားနေရင်း ဒူးတွေ၊ ခြေတွေ လှုပ်နေသည့်ရောဂါ (Restless Legs Syndrome) သည်လည်း ဒိုပါမင်းချို့တဲ့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဦးနှောက်နှင့်အာရုံကြောစနစ်၏ အဓိကပြင်ပတာဝန်အနေနှင့် နှလုံး၊ သွေးကြောများပေါ်တွင် သက်ရောက်မှုရှိပါသည်။
နှလုံးအားနည်းခြင်း၊ သွေးပေါင် ချိန်ကျဆင်းခြင်း၊ နှလုံးအလုပ်ကောင်းကောင်းမလုပ်ခြင်း (Heart Failure) နှင့် ကျောက်ကပ်အားနည်းခြင်း (Renal failure) တို့မှာ ဒိုပါမင်းနှင့် ပတ်သက်မှု ရှိပါသည်။ ထို့ကြောင့် ဒိုပါမင်းကို ဒိုပါမင်းဟိုက်ဒရိုကလိုရိုက် (Dopamine Hydrochloride) ထိုးဆေးအနေဖြင့် ထုတ်လုပ်ထားပြီး အရေးပေါ်အခြေအနေနှင့် အရေးကြီးအခြေအနေများတွင် အသုံးပြုလေ့ရှိသည်။ ဥပမာ-နှလုံးပျက်စီးခြင်း (Acute Heart Failure)၊ ကျောက်ကပ်ပျက်စီးခြင်း (Kidney Failure)၊ နှလုံး ကြွက်သားများပုပ်ခြင်း (Myocardial Infarction)၊ ဗက်တီးရီးယားပိုးဝင်၍ ရှော့ခ်ဖြစ်ခြင်း (Septic Shock) တို့ဖြစ်သည်။ ဒိုပါမင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မရှိမဖြစ် လိုအပ်သောဆေးဝါး (Essential Medicine) ထဲတွင် ထည့်သွင်းထားရပြီး အဓိကအရေးပါသော ဟိုမုန်းဆေးတစ်ခုဖြစ်သည်။
ပန်းသေပန်းညှိုးဖြစ်နေသူများနှင့် ကလေးမရသူများအပေါ် အကျိုးသက်ရောက်မှု
အိန္ဒိယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင် ခွေးလှေးယားသီးအစေ့ကို အမျိုးသား အားတိုးဆေးအဖြစ် သုံးစွဲခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ဒိုပါမင်း ပမာဏကျဆင်းလာလျှင် အမျိုးသားများတွင် ပန်းသေပန်းညှိုးပါ တစ်ပြိုင်နက် တည်းဖြစ်ပွားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒိုပါမင်းသည် ပီကျူထရီအကျိတ် (Pituitary Gland) မှ ပရိုလက်တင် (Prolactin) ဟိုမုန်းထုတ်လုပ်မှုကို ဟန့်တားနိုင်စွမ်းရှိသောကြောင့် ဖြစ် သည်။ ပရိုလက်တင်ပမာဏ များလာ လျှင် အမျိုးသားတစ်ယောက်၏ ကြန် အင်လက္ခဏာများ ဆုံးရှုံးသွားလေ့ရှိ သည်။ ထို့ကြောင့် ဒိုပါမင်းဖြည့်စွက် ခြင်းဖြင့် ပရိုလက်တင်ပမာဏကို နည်း စေသောကြောင့် ပြန်လည်အားပြည့် လာစေခြင်းဖြစ်သည်။
ထို့အပြင် ဒိုပါမင်းကိုယ်၌ကလည်း ပီကျူထရီ အကျိတ်မှ ကြီးထွားဟော်မုန်း (Growth Hormone) ထွက်ရှိမှုကို အားပေးသောကြောင့် ခန္ဓာကိုယ်သန်စွမ်း စေခြင်း၊ ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုကို ဟန့်တားပြီး နုပျိုလန်းဆန်းစေခြင်း (Anabolic and growth hormone stimulant property) အစရှိသည့် အာနိ သင်များကို ရရှိစေပါသည်။ ထို့ကြောင့် ပန်းသေ ပန်းညှိုးကို သက်သာစေရုံမျှမက ခန္ဓာကိုယ်အတွက် စွမ်းအားများစွာ တိုးစေနိုင်ပါသည်။ ယင်းအာနိသင် များကြောင့် သုတ်ကောင်အရေအတွက် (Sperm Count)ကို များပြားစေပြီး သုတ်ကောင်များ၏ လှုပ်ရှား သန်မာမှု (Sperm Motility) ကိုလည်း အားပေးသည့် အတွက် အမျိုးသား၏ချို့ယွင်းမှုကြောင့် ကလေးမရ သူများတွင် ကလေးရစေရန် များစွာ အထောက်အကူ ပြုပါသည်။
ခွေးလှေးယားသီးအစေ့ကို အသုံးပြုလျှင် သတိထားရမည့်အချက်များ
ခွေးလှေးယားသီးအစေ့ကို ကိုယ်ဝန်ဆောင်မိခင် များတွင်သုံးလျှင် ကလေး၌ ဝမ်းတွင်းပါ ချို့ယွင်းမှု (Birth Defects)များ ဖြစ်ပေါ်နိုင်သည့်အတွက် လုံးဝ အသုံးမပြုသင့်ပါ။ ထို့အပြင် ယောကျ်ားဟိုမုန်း (Testosterone) ပမာဏကို များစေသောကြောင့် ယောကျ်ားဟိုမုန်းများ၍ ဖြစ်သည့်ရောဂါများ (Excessive Androgen Syndrome) ဥပမာ-ဆီးကျိတ်ကင်ဆာရှိသူများတွင် မသုံးရပါ။
သွေးထဲရှိ သကြားဓာတ်ပမာဏကို ကျစေသည့် အာနိသင်လည်းရှိသောကြောင့် ဆီးချိုသွေးချိုရောဂါ ရှိ၍ ဆေးသောက်နေရသူများအနေနှင့် မိမိသောက်နေ ကျဆေးများကို ဆရာဝန်နှင့်တိုင်ပင်ပြီး အတိုးအလျော့ လုပ်ရန် လိုအပ်ပါသည်။
ခွေးလှေးယားသီးနှင့် ထိတွေ့လျှင် ယားသည့်အကြောင်းရင်း
ခွေးလှေးယားသီး၏အပြင်ခွံတွင် အမွှေးလေးများ ပါရှိပြီး အထူးသဖြင့် ရင့်မှည့်ခါစအချိန်တွင် အများဆုံး ပါဝင်ပါသည်။ ယင်းအမွှေးလေးများသည် ကြွေလွယ်ပြီး လေတိုက်ရုံဖြင့် အလွယ်တကူ ကြွေကျတတ်သော ကြောင့် ရင့်မှည့်သွားချိန်တွင် အမွှေးများ မပါရှိတော့ပါ။ ထိုအမွှေးများကို လက်နှင့်ဖြစ်စေ၊ ခန္ဓာကိုယ် အရေပြားနှင့်ဖြစ်စေ ထိတွေ့ခဲ့လျှင် လွန်စွာ ယားပါသည်။ အဘယ့်ကြောင့်ဆိုသော် အမွှေးလေးများတွင် မြူကူနိမ်း (Mucunain) နှင့် ဆီရိုတိုနင် (Serotonin) အမည်ရှိသော ဓာတ်ပစ္စည်းနှစ်မျိုး ပါဝင်နေသော ကြောင့်ဖြစ်သည်။
ထိုအမွှေးများ ခန္ဓာကိုယ်နှင့် ထိတွေ့ မိသည်နှင့်တစ်ပြိုင်နက် ယင်းဓာတ်ပစ္စည်းနှစ်ခုကြောင့် လွန်စွာယားလာသည့်အပြင် ဤကဲ့သို့ယားခြင်းကို ကုတ်လိုက်လျှင် အဆိုပါဓာတ်ပစ္စည်းများသည် အခြား နေရာများကိုပါ ပြန့်သွားသည့်အတွက် ပိုမိုယားယံစေ ပါသည်။ ရေနှင့် ဆေးလျှင်လည်း ယင်းဓာတ်ပစ္စည်း များ ရေထဲတွင် ပျော်ဝင်သွားပြီး အရေပြားအထဲထိ စိမ့်ဝင်သွားတတ်သည့်အတွက် ပိုမိုဆိုးရွားစေနိုင်ပါ သည်။ အကောင်းဆုံးနည်းလမ်းမှာ ရေခဲတုံးကို ပလတ်စတစ်အတွင်း ထည့်ပြီး ယားသည့်နေရာအပေါ် မှ ဖိကပ်ထားပေးရပါမည်။ ပြီးလျှင် အယားသက်သာ စေသည့် သောက်ဆေးတစ်မျိုး အမြန်ဆုံးသောက်ရပါ မည်။ ဥပမာ- ဆီရိုတိုနင်ကို ဟန့်တားဖျက်ဆီးသော ဆေး (Antiserotonin) ဖြစ်သည့် Zadine ကဲ့သို့ဆေး မျိုး အမြန်ဆုံးသောက်ရပါမည်။
ခွေးလှေးယားသီးအစေ့သည် အလွန်တန်ဖိုး ရှိသော သဘာဝဆေးဘက်ဝင်ပစ္စည်းတစ်ခုဖြစ်သည့် အတွက် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင် ဆွေးနွေးပြီး ကုသခဲ့လျှင် အမျိုးသားများကလေးမရ ခြင်း (Infertility) အပြင် ပန်းသေပန်းညှိုးရောဂါနှင့် အသက်ကြီးသူများတွင်ဖြစ်သည့် ပါကင်ဆန်ရောဂါ များကို သက်သာစေနိုင်သောကြောင့် အကောင်းဆုံး သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါသည်။
စာဖတ်သူအားလုံးကို အစဉ်လေးစားလျက်
ဒေါက်တာခင်မောင်လွင် (FAME)