ရေးသားသူ – ဦးဝင်းအောင်(ရေကြောင်းကျောင်းဆရာ) (CTPE)
ဒီစာကို ရေးသူ က အင်္ဂလိပ်လူမျိုး Ajahn Brahm လို့ အမည်ရှိတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ပါ။ သြစတြေလျမှာ သီတင်းသုံးခဲ့ပါတယ်။ Cambridge တက္ကသိုလ်က ရူပဗေဒနဲ့ ဘွဲ့ရခဲ့ပြီး ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာကို လေ့လာပြီး သာသနာ့ဘောင် ဝင်ခဲ့တာပါ။
ဆရာတော် ရေးတဲ့ ဆောင်းပါး လေးတစ်ပုဒ်ကTwo Bad Bricks တဲ့။ အဲဒီဆောင်းပါးကို ဘာသာပြန်သူကတော့ တပည့်ကောင်းထက်လို့ အမည်ရှိတဲ့ မြန်မာသံဃာပါ။ ကျွန်တော် က အဲဒီဆောင်းပါးကို ဖတ်ပြီးအနှစ်ချုပ်ပြီး ကောက်နှုတ်ပြီးရေးတာပါ။
အပေါ်က အင်္ဂလိပ်ဆရာတော်တို့ဟာသြစတြေလျမှာ သာသနာပြုဖို့ မြေဝယ်ပြီးတဲ့နောက် ပိုက်ဆံမရှိတော့တာမို့ကျောင်းဆောင် ဆောက်ဖို့ ငွေမရှိ ၊ ဒါကြောင့် အလုပ်သမားမငှါးနိုင်တော့ပါဘူး။ အဲဒီတော့ ကျောင်းဆောင်အတွက် ကိုယ့်ဘာသာ လက်သမား၊ပန်းရံ ၊ရေပိုက်သမား လုပ်ခဲ့ကြရပါသတဲ့။
ဒကာတို့ အုတ်စီတယ် ဆိုတာ ကြည့်တော့တာ လွယ်တာ။ မယုံရင် လက်သမား ၊ ပန်းရံ အုတ်စီတာ သွားကြည့်ပါလား။ ဘိလပ်မြေလေးကို ကော်သံလက်လေးနဲ့ ဟိုနေရာလေးရိုက်၊ ဒီနေရာလေး ရိုက်၊ အုတ်နီခဲလေးချ၊ အုတ်စီတာ ပြီးရော။ ဒါပေမဲ့ကိုယ်တိုင်လုပ်ကြည့်ကြ၊ ဒီနေရာက ဖိလိုက်ရင် ဟိုနေရာကထောင်၊ ဟိုနေရာက ဖိလိုက်ရင် ဒီနေရာက ထောင်။ ခပ်နာနာလေး ဖိရိုက်လိုက်တော့လည်း မဖြောင့်တော့ ပြန်ဘူး။ မယုံရင်စမ်းကြည့်ကြ။ အဲဒီအချိန်က ဘုန်းကြီးမှာ အပေါဆုံးက ခန္တီနဲ့ အချိန်ပဲဆိုတော့ ဘယ်လောက်ကြာကြာ ဘုန်းကြီး က အုတ်နီခံတလုံးစီကို စိတ်တိုင်းကျစီတာပဲ။
ဒီလိုနဲ့ ဘုန်းကြီးရဲ့ ပထမဆုံးနံရံလေးပြီးသွားပါရော။ တခါတည်း ငါကွဆိုပြီး ဂုဏ်ယူပြီး ကြည့်နေလိုက်တာ ကြည့်လို့ကိုမဝဘူး။ အဲဒီတော့မှ သတိထားမိတာကအုတ်နီခဲ နှစ်လုံးစောင်းနေတာပါဘဲ။ ဒီနှစ်လုံးစောင်းနေတာကို အခုမှ တွေ့တယ်။ အရမ်းရုပ်ဆိုးလို့ နံရံကို ကြည့်တောင် မကြည့်ချင်တော့ဘူး။
ပြီးတော့ ဘိလပ်မြေကလည်း ခြောက်သွားပြီမို့ ဒီအုတ်နီခဲနှစ်လုံးကို ပြန်တည့်ချင်ရင်တောင် နံရံတခုလုံး ဖြိုမှ ရတော့မယ်။ ဒါနဲ့ ဘုန်းကြီးလဲ ကိုယ့်ဟာကို ဒေါသလဲထွက်ရှက်လဲရှက် နဲ့ ဆရာတော်ကို အသစ်ကပြန်စဖို့ သွားလျှောက်တော့ ဆရာတေ်ာက ခွင့်မပြုပါဘူး။ ဘယ်ခွင့်ပြုပါမလဲ။ ပိုက်ဆံပိုကုန်မှာကိုး။ အဲဒီလိုနဲ့ အဆောက်အအုံတွေပြီးသွားတာတောင် ဘုန်းကြီးရဲ့ အဲ့ဒီ အုတ်နီခဲနှစ်လုံးစာက အမှတ်တရအနေနဲ့ ပြန်ပြင်ခွင့်မရဘဲ ကျန်ခဲ့ပါတယ်။
နောက်တော့ ကျောင်းကို ပထမဆုံးလာလည်တဲ့ ဒကာ ဒကာမတွေကို ကျောင်းကို ပတ်ပြရင်တောင် ဘုန်းကြီး က အဲဒီ နံရံဘက်ခေါ်မသွားပါဘူး။ သူတို့ကိုလည်း မမြင်စေချင်ပါဘူး။
တခါမှာတော့ဒကာကြီး တယောက်ကို ကျောင်းကို ပြရင်း အဲဒီဘက်ရောက်သွားပါတယ်။ ဒကာကြီး က နံရံကို ကြည့်ပြီး အုတ်စီထားတာ သိပ်တော်တာပဲတဲ့။ ဘုန်းကြီးလဲ အံသြသွားတယ်။ ဒါနဲ့ ဒကာကြီး မျက်မှန်မပါဘူး လား။ ဟိုမှာ အုတ်နီခဲနှစ်လုံးစောင်းနေတာ တွေ့လား။ အဲဒီ နှစ်လုံးကြောင့် နံရံတခုလုံးရုပ်ဆိုးနေတာ လို့ပြော လိုက်တော့
အဲဒီဒကာကြီး ပြန်ပြောလိုက်တဲ့ စကားကြောင့် ဘုန်းကြီး နံရံအပေါ်ထားတဲ့စိတ် မိမိကိုယ်တိုင်နဲ့ ပါတ်ဝန်းကျင်အပေါ်ထားတဲ့စိတ်တွေ ပြောင်းသွားပါတယ်။ ဒကာကြီး က ဘာပြန်ပြောသလဲဆိုရင်
တပည့်တော် မျက်မှန်တပ်စရာ မလိုပါဘူး ဘုရား ကောင်းကောင်းမြင်ရပါတယ်။ နံရံပေါ်က စောင်းနေတဲ့ အုတ်နီခဲနှစ်လုံးကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တပည့်တော် ချီးကြူးတာ အဲဒီ အုတ်နီခဲ နှစ်လုံး မဟုတ်ပါဘူး ဘုရား၊ ။ ကျန်တဲ့ အုတ်နီခဲတွေ စီထားတာကို ပြောတာပါဘုရားတဲ့။
ထပ်ပြီး ဘုန်ကြီး တုန်လှုပ်မိတာကတော့ဒီလောက်လတွေ အကြာကြီးမှာဘုန်းကြီး ဟာဒီအမှားလေး နှစ်ခုကိုဘဲ မြင်ခဲ့တာကိုပါ။ အဲဒီအုတ်နီခဲလေး နှစ်လုံးရဲ့ ဘေးဘယ်ညာ အပေါ်အောက်မှာ ရှိနေတဲ့အုတ်နီခဲတွေအားလုံးဟာ ဘုန်းကြီးကိုယ်တိုင် စိတ်တိုင်းကျစီခဲ့ပြီးတဲ့ အုတ်နီခဲတွေပါ။ ဒီစိတ်တိုင်းကျ ဖြစ်ခဲ့တဲ့ အုတ်နီခဲတွေရဲ့ အရေအတွက်ကအဲဒီ အုတ်နီခဲနှစ်လုံးထက် အများကြီးပိုပါတယ်။
ဘုန်းကြီး အာရုံက ဒီအမှားနှစ်ခုကိုဘဲ အာရုံစိုက်ထားတဲ့ အတွက် ဘေးက အမှားမရှိတဲ့ အုတ်နီခဲတွေအားလုံးကို မမြင်ခဲ့ဘူး။ ဒါကြောင့်လဲ ဒီနံရံကြီးကို ဖျက်ဖို့ဆရာတော့်ကို လျှောက်ခဲ့တာပါ။ ဒါကြောင့် ဘုန်းကြီးကိုယ်တိုင်လဲ ဒီနံရံကို မကြည့်ချင်သလို တခြားသူတွေကိုလည်း မကြည့်စေချင်ခဲ့တာပါ။
အခုမှ အားလုံးကို ရောပြီး ကြည့်လိုက်တော့ နံရံဟာ ထင်သလောက် ရုပ်မဆိုးပါဘူး။ အခုအနှစ်၂၀ ကြာတဲ့ အခါအဲဒီ အုတ်နီခဲ နှစ်လုံးကို ဘုန်းကြီးကိုယ်တိုင်တောင် မနည်းပြန်ရှာနေရပါပြီ။
အိမ်ထောင်ရေးတွေမှာမိမိလက်တွဲဖော်ရဲ့ ဒီလိုစောင်းနေတဲ့ အုတ်နီခဲ နှစ်လုံးကိုဘဲ ကွက်ပြီးမြင်ခဲ့ကြလို့ ကွဲခဲ့ကြတာ ဘယ်လောက်များနေပြီလဲ။ ဒီအုတ်နီခဲ နှစ်လုံးကိုဘဲ မြင်ပြီး စိတ်ဓါတ်တွေကျကာ သတ်သေတာတွေရော ဒီကမ္ဘာမှာ ဘယ်နှစ်ယောက်ဘယ်နှစ်ခါရှိပြီလဲ။
အမှန်ကချို့ယွင်းချက်တွေ အားနည်းချက်တွေ တစ်ခုစီတိုင်းအတွက် အားသာချက်တွေကောင်းကွက်တွေအများကြီး တကယ်ရှိပါတယ်။ ဘုန်းကြီးတို့ မြင်အောင် မကြည့်ခဲ့ကြတာပါ။ ဘုန်းကြီးတို့ စိတ်အာရုံတွေ၊ မျက်လုံးတွေ က လူတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကိုဘဲ မြင်နေ ကြည့်နေကြတာပါ။
အဲဒီလို အမှားတွေကိုဘဲ မြင်နေ၊ ကြည့်နေမိကြတာ၊ အဲဒီလို အမှားတွေကို မုန်းတီးတဲ့စိတ်၊ လက်မခံလိုတဲ့ စိတ်ကြောင့် အပြစ်ရယ်လို့ လက်ချိုးရေတွက်လို့ရရုံရှိတဲ့ နံရံကောင်းဘယ်နှစ်ခုကို ဘုန်းကြီးတို့ ဖျက်ဆီးမိခဲ့ပြီလဲ။
ဒီဘုန်းကြီးကိုယ်တွေ့လေးကို တရားပွဲတွေမှာ ထည့်ဟောဖြစ်ပါတယ်။ တခါတော့ဒါလေးကို တရားပွဲမှာ ထည့်ဟောအပြီး အင်ဂျင်နီယာကြီးတယောက်က အင်ဂျင်နီယာတွေရဲ့ လျှို့ဝှက်ချက်ကို လာလျှောက်သွားပါတယ်။ သူလျှောက်တာက တပည့်တော်ကို့အင်ဂျင်နီယာတွေလဲ အဲလို အမှားတွေ လုပ်တာပါဘဲ ဘုရား။ ဒါပေမဲ့ တပည့်တော်တို့ကတော့ ဆရာတေ်ာ့လို မဟုတ်ဘူး။
အဲလို ရွှ့ဲနေစောင်းနေတာကို အလုပ်အပ်တဲ့ အိမ်ရှင်တွေကို တမင်ခေါ်ပြပြီးတော့ ဒါမင်းတို့ အိမ်တလုံးထဲမှာဘဲ ရှိနိုင်တဲ့ ဒီဇိုင်း..ငါတို့ ဆောက်ခဲ့တဲ့ တိုက်တွေသွားကြည့် ဒါမျိုးမရှိဘူး။ မင်းတို့က ငါ့ဖောက်သည်တွေမို့၊ ဒါမှမဟုတ်လဲ အခုမှ စလုပ်တဲ့သူတွေမို့မိတ်ခေါ်တဲ့ အနေနဲ့စပါယ်ရှယ်လုပ်ပေးလိုက်တာ ဆိုပြီးပိုက်ဆံ ပိုတောင်းလိုက်တယ်ဘုရားတဲ့။ အဲဒီတော့ ဒကာတို့ အိမ်မှာ ရှိတဲ့ အထူးစပါယရှယ်ဒီဇိုင်းဆိုတာက အဲလို အမှားတွေကနေ စတာ ဖြစ်နိုင်ပါတယ်။
အဲဒီလိုဘဲ ဒကာကြီးမှာ ရှိတဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကလည်း ဒကာကြီးတယောက်ထဲမှာ ရှိတဲ့ စပါယ်ရှယ် ကိုယ်ရည်ကိုယ်သွေး ဖြစ်လာနိုင်ပါတယ်။ ယောနိသော မနိသိကာရ ဆိုတဲ့ အမြင်လေးနှလုံးသွင်းလေးသာ ပြောင်းကြည့်လိုက်ပါလို့ ဘုန်းကြီး တိုက်တွန်းပါရစေတဲ့။
ဘဒ္ဒန္တပဏ္ဍိစ္စသာရထေရ်၇၅နှစ်ပြည့် စိန်ရတုဝိဇိတမင်္ဂလာ အထိမ်းအမှတ် မဂ္ဂဇင်း က ကောက်နှုတ်ဖော်ပြပါသည်။
ဦးဝင်းအောင်(ရေကြောင်းကျောင်းဆရာ) (CTPE)