အီတလီနဲ့ ဆိုင်တဲ့ဗီဒီယိုကားတွေ ၊ ခရီးသွားသတင်းတွေမှာ စောင်းနေတဲ့မျှော်စင်ကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ ဒီမျှော်စင်ကြီးကတော့ အီတလီနိုင်ငံ ပီဆာမြို့ ပီဆာဘုရားကျောင်းရဲ့နောက်မှာ တည်ရှိတဲ့ ပီဆာမျှော်စင်ကြီးပဲဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ တတိယ သက်တမ်းအကြာဆုံးအဆောက်အအုံဆိုရင်လည်း မမှားပါဘူး။ (ပထမ နဲ့ ဒုတိယကတော့ ပီဆာဘုရားကျောင်း နဲ့ ပီဆာနှစ်ခြင်းမင်္ဂလာကျင်းပရာနေရာ တို့ဖြစ်ပါတယ်။) ပီဆာတာဝါရဲ့ အချက်အလက်တချို့ကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။
ပီဆာမျှော်စင်ကို ၁၁၇၃ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ခေါင်းလောင်းထိုးတဲ့မျှော်စင်တစ်ခုအဖြစ် သီးသန့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
၃.၉၉ဒီဂရီ စောင်းနေတာကြောင့် ပီဆာမျှော်စင်ရဲ့ တစ်ဖက်စီဟာ အမြင့်မတူညီပါဘူး။ တစ်ဖက်က ၁၈၇.၂၇ပေ မြင့်ပြီး တစ်ဖက်ကတော့ ၁၈၆ပေသာ မြင့်ပါတယ်။ မြောက်ဘက်ခြမ်းက လှေကားထစ် ၂၉၄ထစ်ရှိပြီး တောင်ဘက်ခြမ်းကတော့ ၂၉၆ထစ် ရှိပါတယ်။ မျှော်စင်ရဲ့အလေးချိန်ကတော့ ၁၄၅၀၀ တန် ရှိပါတယ်။
၁၁၇၈ခုနှစ်မှာ ဆောက်လုပ်ရင်း တတိယထပ်အရောက်မှာ အောက်ခံမြေပျော့သွားတာကြောင့် တစ်ဖက်ကိုစောင်းသွားရခြင်းဖြစ်ပါတယ်။
အဲဒီနောက်တော့ တည်ဆောက်မှုကို နှစ်ပေါင်း ၁၀၀ ခန့် ရပ်နားခဲ့ပြီး ၁၂၇၅ခုနှစ်မှ ပြန်လည်ဆောက်လုပ်ခဲ့ကာ ၁၂၈၄ခုနှစ်မှာ စစ်ပွဲတွေကြောင့် ထပ်မံရပ်နားရပြန်ပါတယ်။ ၁၃၅၀ခုနှစ်မှာမှ ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အချိန် ၃၃၄နှစ်ကြာမှ ပြီးစီးခဲ့တာဖြစ်ပါတယ်။
ဒီဇိုင်းလက်ရာကို မည်သူတည်ဆောက်ခဲ့မှန်း နှစ်ပေါင်းမျာစွာကြာအောင် မသိရှိခဲ့ကြပါဘူး။ နောက်ပိုင်းမှာမှ အီတလီဗိသုကာပညာရှင် Bonanno Pisano ရဲ့ ဒီဇိုင်းဖြစ်ကြောင်း သိလာကြပါတယ်။
စောင်းနေတဲ့ပီဆာမျှော်စင်ကြီးဟာ စက်ဝိုင်းပုံစံရှိပြီး အထပ် ၈ထပ် ရှိကာ ၊ ခေါင်းလောင်း ၇လုံးကို ၈ထပ်မြောက်မှာ ထားရှိပါတယ်။ ခေါင်းလောင်း၇လုံးဟာ ဂီတရဲ့ ဓိက သင်္ကေတနုတ် ၇ခုကို ရည်ညွှန်းပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဂျာမန်တွေဟာ ဒီမျှော်စင်ကို စောင့်ကြည့်ရေးမျှော်စင် အသုံးပြုခဲ့ကြပါတယ်။
၁၉၈၇ခုနှစ်မှာတော့ UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းပြီး ထိမ်းသိမ်းခဲ့ပါတယ်။
၁၉၀၀ခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ ဝင်ရောက် ကြည့်ရှု့ခွင့်များကို ပိတ်ထားခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်မှုများကြောင့် မျှော်စင်ကြီးဟာ နှစ်ပေါင်း ၃၀၀ ကြာအောင် ဒီအတိုင်းခံနိုင်ဦးမယ်လို့ သိရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီးလာရောက်လေ့ရှိတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။