ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)
ကမ္ဘာ့မြောက်ခြမ်းတွင် တည်ရှိသည့် ဥရောပတိုက်သည် အေးမြသော ရာသီဥတုနှင့် အတူ နှင်းခဲ၊ ရေခဲများဖြင့် လှပသော ရှုခင်းများကို ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် မမြင်တွေ့နိုင်သည့် မြင်ကွင်းများကို ဥရောပတိုက်ရှိ နိုင်ငံများတွင် ကြည့်ရှုခံစားနိုင်ကြသည်။အဲပ်တောင်တန်းများမှသည် မြေထဲပင်လယ်ဒေသအထိ ရေများခဲနေလေ့ရှိသည့် ကျေးရွာများကိုဥရောပတစ်လွှားမြင်တွေ့နိုင်ကြရာ ယင်းကျေးရွာများ၏ ထူးခြားသော အလှအပများသည် မြင်ရသူများအား စိတ်ကြည်နူးမှုရရှိစေသည့် အနက် အောက်ဖော်ပြပါ ရွာလေး ၁၀ ရွာသည် အထင်ရှားဆုံးဖြစ်ပေသည်။
၁၀။ ဟောလ်စတက်ကျေးရွာ (သြစတြီးယား)
ဒဏ္ဍာရီ ပုံဝတ္ထုများတွင် ထင်ရှားသည့် ဟောလ်စတက်( Hallstatt) ကျေးရွာသည် သြစတြီးယားနိုင်ငံ အလယ်ပိုင်း Salzkammergut ဒေသတွင် သဘာဝအတိုင်းတည်ရှိနေသည့် ဟောလ်စတက် ရေကန်၏ အနောက်ဘက်ကမ်းတွင် ရေကန်နှင့် စိမ်းလန်းစိုပြေသည့် တောင်တန်းများအကြား၌ တည်ရှိသည်။တောင်တန်းကြီးများက ရေကန်ကြီး၏ အစွန်းမှ ထိုးထွက်နေ သည့်နှယ် တည်ရှိ နေသည့် ယင်းနေရာတွင် ၁၆ ရာစုလက်ရာ အိမ်များနှင့်လမ်းကြားများတွင် ကဖေးဆိုင်များ၊ ဈေးဆိုင်များဖွင့်လှစ်ထားသည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ပေါင်းများစွာက ယင်းဒေသတွင် တည်ရှိခဲ့သည့် ဆားကျင်းများက ဟောလ်စတက်ကျေးရွာလေးကို ကြွယ်ဝချမ်းသာစေခဲ့သည်ဟု ဆိုကြသည်။ ချမ်းသာခြင်းအထောက်အထားတစ်ရပ်အဖြစ် ဆင်စွယ်များဖြင့် အလှဆင် မွမ်းမံထားသည့် အဆောက်အအုံများ ဝန်းရံနေသည့် ရင်ပြင်တစ်ခုကို လှပစွာ မြင်တွေ့နိုင်သည်။ ရှေးဟောင်း ဆားကျင်းများရှိသည့် ဆော့ဇ်ဝဲလ်တန်သို့ တောင်စောင်းတွင် ကြိုးဖြင့်ဆွဲကာ ပြေးဆွဲသည့် ရထားလမ်းတစ်လမ်းဖောက်လုပ်ထားသည်။ ဆော့ဇ်ဝဲလ်တန်၏ အောက်တွင် မြေအောက် ဆားကန်များရှိသည်။
၉။ မာနာရိုလာ ကျေးရွာ (အီတလီ)
မာနာရိုလာ(Manarola)သည် အီတလီနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ကျေးရွာဟု ဆိုသော်လည်း သေးငယ်သော မြို့လေးတစ်မြို့ ဖြစ်သည်။အီတလီနိုင်ငံ မြောက်ပိုင်းရှိ ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် Cinque Terre ကျေးရွာငါးရွာတွင် ရှေးအကျဆုံးနှင့် အငယ်ဆုံးဖြစ်သည်။ မာနာရိုလာသည် ကြီးမားသော ဘီး ဟု အဓိပ္ပာယ်ရှိပြီး ၁၃၃၈ ခုနှစ်ဝန်းကျင်က ယင်းနေရာတွင် တည်ရှိခဲ့သည့် စက်ရုံကို ရည်ညွှန်းခဲ့ဟန်ရှိသည်ဟု ယူဆကြသည်။
မာနာရိုလာကျေးရွာ၏ အဓိကစီးပွားရေးလုပ်ငန်းသည် ရွာသူရွာသားများ ရှေးရိုးစဉ်လာအသက်မွေးခဲ့သည့် ငါးဖမ်းခြင်း နှင့် ဝိုင်ချက်လုပ်ခြင်းတို့ဖြစ်ကြသည်။ ရောမ ရှေးဟောင်းစာများတွင် မာနာရိုလာတွင်ချက်လုပ်သည့် Sciarchetra ဝိုင်၏ အရည် အသွေးထူးခြားကောင်းမွန်မှုများကို ဖော်ပြခဲ့ကြသည်။ မကြာမီ နှစ်များအတွင်းက မာနာရိုလာသည် ကမ္ဘာလှည့် ခရီးသွားများ၏ နွေရာသီ ခရီးသွားနေရာ တစ်ခုအဖြစ် ထင်ရှားလာခဲ့သည်။ မာနာရိုလာတွင် တောင်များနှင့်စပျစ်ခြံများအကြား လမ်းတစ်လျှောက် တောင်တက်ရခြင်းကို ခရီးသွားများ အလွန် နှစ်ခြိုက်ကြပေသည်။
၈။ ဘီဘာရီ (အင်္ဂလန်)
အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကော့်စ်ဝါ့ဒ်တောင်တန်းဒေသကို အင်္ဂလန်နိုင်ငံ၏ ထူးခြားသော သဘာ၀ အလှအပ ရှေးဟောင်းကျောက်တဲအိမ်များရှိသည့် အလှပဆုံးဘီဘာရီ (Bibury) ရွာငယ်လေး တည်ရှိနေသည်။ သိမ်းမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် ကိုးန်မြစ်ကို ခွ၍ ဘီဘာရီ ကျေးရွာကို တည်ထားကာ ၁၉ ရာစု ပန်းချီကျော် ဝီလျံမောရစ်စ်က ဘီဘာရီ ကို အင်္ဂလန်နိုင်ငံ၏ အလှပဆုံးကျေးရွာဟု ခေါ်ဆိုခဲ့သည်။
ကျေးရွာရှိ အာလင်တန် ကျောက်အိမ်တန်းသည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဗိသုကာပုံစံဖြစ်ပြီး ကျောက်သားဖြင့် တည်ဆောက်ထားသည့် ယင်းအိမ်တန်းကို ဗြိတိန်နိုင်ငံကူးလက်မှတ်၏ အတွင်းဖုံးတွင် ရိုက်နှိပ်ဖော်ပြထားသည်။ဘီဘာရီသည် ရှေးရိုးကျေးလက်တောရွာများကို စိတ်ဝင်စားသည့် ကမ္ဘာလှည့်ခရီးသည်များ အဓိက လာရောက်လည်ပတ်သည့် နေရာတစ်ခု ဖြစ်သည်။
၇။ ကိုလ်မာ (ပြင်သစ်)
ကိုလ်မာ(Colmar) သည် ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ကျေးရွာငယ်တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံနှင့် နယ်ချင်းဆက်နေသည်။ရှေးဟောင်းရွာလေး၏ ကျောက်ခင်းလမ်းတစ်ဖက်စီတွင်သစ်သားတစ်ဝက် ကျောက်တစ်ဝက်ဆောက်လုပ်ထားသည့် ဥရောပ အလယ်ခေတ်လက်ရာ အဆောက်အအုံဟောင်းများတည်ရှိသည်။ ရွာ၏ အလယ်တွင် ၁၃ရာစု ဂေါသစ်အနုပညာလက်ရာ တည်ဆောက်ထားသည့် စိန့်မာတင် ခရစ်ယာန် ဘုရားကျောင်းကို ယနေ့တိုင်မြင်တွေ့ကြရသည်။
လူဦးရေ ၆၇၀၀ သာနေထိုင်လျက်ရှိသည့် ရှေးဟောင်း ကျေးရွာကို ယနေ့တိုင်ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ခဲ့သဖြင့် ကိုလ်မာသည် ကမ္ဘာ့ခရီးသွားများ လာရောက်လည်ပတ်ကြသည့် နေရာဒေသ တစ်ခုဖြစ်လာခဲ့သည်။ ပြင်သစ်နှင့် ဂျာမနီ ယဉ်ကျေးမှုများ ရောယှက်နေသည့် ကိုလ်မာတွင် လခြမ်းပုံပေါင်မုန့်များရောင်းချသည့် မုန့်ဖိုများနှင့် စားသောက်ဆိုင် များကို တွေ့ရှိကြရသည်။
ဂျာမာန် ဂေါသစ်လက်ရာမှ ပြင်သစ်နီရိုဘာရို လက်ရာများအထိ ရှိနေသည့် ဗိသုကာဟန်များသည် ကျေးရွာ၏ အထင်ရှားဆုံး လက္ခဏာများဖြစ်ကာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပျက်စီးမှု အချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါတွင် လှပသော ကိုလ်မာရှိ သမိုင်းဝင်ကျောက်ခင်းလမ်းများ၊ ငြိမ်ဝပ်နေသည့် တူးမြောင်းများသည် ဧည့်သည် များကို ဖိတ်ခေါ်နေသည့်နှယ်ဖြစ်နေပေသည်။
၆။ ရိန်းကျေးရွာ(နော်ဝေ)
အာတိတ်စက်ဝိုင်း၏ မြောက်ခြမ်းတွင် တည်ထားသည့် ရိန်း(Reine)ကျေးရွာသည် လိုဖိုတန် ကျွန်းစုများအကြားမှ အလွန်လှပသောငါးဖမ်း ကျေးရွာလေးဖြစ်သည်။အကျယ်အဝန်း ၇၂ ဧကသာ ရှိသည့် ရိန်းတွင် ၂၀၁၄ ခုနှစ်က နေထိုင်သူ ဦးရေ ၃၀၇ ဦးသာရှိခဲ့သည်။ ရိန်းသည် ၁၇၄၃ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးဌာနတစ်ခုဖြစ်ခဲ့ပြီး ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိနေသည့်တိုင် ယခုအချိန်တွင် ခရီးသွားလုပ်ငန်း နာမည်ကြီး ရွာ လေးတစ်ခုဖြစ်လာခဲ့သည်။
အာတိတ်ဒေသတွင် အထင်းသား တည်ရှိနေသည့် လှပသော နောဒစ်တောရိုင်းမြေများ၊ တောင်ချောက်ကမ်းပါးများနှင့် တောင်တန်းများအကြား ထိုးဝင်နေသည့်ပင်လယ်အော်ရှိရာ ရိန်းရွာလေးတွင် မူလကရှိခဲ့သည့် အနီရဲရဲ တံငါအိမ်လေးများကို အလည်အပတ်ရောက်ရှိလာသည့် ခရီးသွားများ နားနေနိုင်သည့်အိမ်များအဖြစ်ပြောင်းလဲထားသည်။ ယင်းအိမ်လေးများတွင် အနားယူကာ နော်ဝေပင်လယ်ကို တိုက်ရိုက်ကြည့်ရှု ခံစားနိုင်ကြသည်။ထို့အတူ နွေရာသီညလည် ကောင်းကင်တွင်ရှိနေသည့် နေလုံး ၏ ညှို့ယူဖမ်းစားမှုကို ခံယူနိုင်ကြပေသည်။
၅။ ပူဆိုက်စာရွာ (ခရိုအေးရှား)
ခရိုအေးရှားနိုင်ငံတွင် အလှပဆုံးကျေးရွာဖြစ်သည့် ပူဆိုင်ဇာ(Pucisca)သည် ခရိုအေးရှားနိုင်ငံ၏ နေရာင်ခြည်ဖြာနွေးသော ဒယ်လ်မီရှင်း ကမ်းရိုးတန်းပေါ်တွင်တည်ရှိသည်။ ကမ်းရိုးတန်းတွင် ရပ်နားကြသည့် ခရီးသည်တင်ကားများနှင့် သင်္ဘော များမှ ကမ္ဘာလှည့် ခရီးသွားများသည် ရှေးဟောင်းကျွန်းရွာလေးတစ်ရွာဖြစ်သည့် Hyar ၏ အလှအပများကို ကြည့်ရှုရန် ဆင်းသက်လေ့ ရှိကြသကဲ့သို့ပူဆိုက်စာ သို့လည်းသွားရောက်လေ့ရှိကြသည်။
ပူဆိုက်စာသည် ပင်လယ်ကမ်းခြေတွင် တည်ထားသည့် ရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေ ၂၂၀၀ ခန့်သာရှိသည်။ သာမာန်ထက်ပိုသည့် ဆွဲဆောင်မှုများရှိနေသည့် ယင်းကျေးရွာတွင် မြေမီးဖုတ် အနီရောင်အမိုးများမိုးထားသည့် အဖြူရောင်ကျောက် တုံးအိမ်များကိုမြင်တွေ့ကြရသည်။အိမ်များအကြား ကျဉ်းမြောင်းသော လမ်းများကို ကျောက်တုံးများခင်းထားကာ ကျောက်ပြား များ အပြည့်စီထားသည့် ရင်ပြင်တစ်ခုလည်းရှိသည်။
၄။ တဲလ်ခ်ရွာ(ချက်နိုင်ငံ)
ချက်သမ္မတနိုင်ငံ၊ မော်ရေးဗီးယား တောင်ပိုင်းရှိ တဲလ်ခ်(Telc)ရွာကို ၁၃ ရာစုတွင် တည်ထောင်ခဲ့ကာ ထိုစဉ်က ကုန်တင်သင်္ဘောများ သွားခဲ့သည့် ဗိုဟီးမီးယား၊ မော်ရေးဗီးယားနှင့် သြစတြီးယားတို့ ဆုံမှတ်ဖြစ်သည့် ရေကြောင်းခံတပ်မြို့ တစ်မြို့ ဖြစ်ခဲ့သည်။ မြို့လယ်ရှိ ၁၇ရာစု အင်္ဂလိပ်ပုံစံ တည်ဆောက်ထားသည့် ရင်ပြင်ရှိ အဆောက်အအုံသည် တဲလ်ခ်ရွာ၏ ထူးခြားသော မြင်ကွင်းတစ်ခုဖြစ်သည်။
တဲလ်ခ်ရွာရှိ ရီနေဆန်းခေတ်က တည်ဆောက်ခဲ့သည့် ခေါင်မြင့်အမိုးခုံးကျေးရွာအိမ်တန်းသည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကိုအဖွဲ့၏ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဖြစ်လာခဲ့သည်။ ယင်းအိမ်တန်းသည် ရွာလယ်ရင်ပြင်တွင် ရှည်လျားစွာရှိနေကာ အဆောက်အအုံများသည် တစ်ခုက တစ်ခုထက်ပိုလှနေသည့်နှယ်ဖြစ်နေသည်။ အိမ်များကို အရောင်နုနုများသုတ်ထားကာ ယခုအခါတွင် ထိုအိမ်များတွင် ကဖေးဆိုင်များ၊ဈေးဆိုင်များဖွင့်လှစ်ထားသည်။ ရင်ပြင်ကို ငါးများမွေးမြူထား သည့် ကြီးမားသော ရေကန်များဖြင့် ဝိုင်းပတ်ထားသည်။
၃။ ကောင် ကျေးရွာ(အိုင်ယာလန်)
စမ်းချောင်းများ ဝန်းရံနေသည့် လှပသော မြင်ကွင်းများရှိနေသည့် ကောင် (Cong)ကျေးရွာသည် အိုင်ယာလန်နိုင်ငံ၊ မေရိုနှင့် ဂယ်လ်ဝေး ပြည်နယ်နှစ်ခု၏ နယ်စပ်ကို ခွလျက် တည်ရှိနေသည်။ကျေးရွာ၏ အောက်တွင် မြေအောက်စမ်းချောင်း များရှိသည်။ ကောင်ကျေးရွာသည် သမိုင်းပညာရှင်စာရေးတရာ အော်စကာဝိုင်းအမည်ခံ ဆာသီလျံ ဝိုင်းနေထိုင်ခဲ့သည့် ရွာလည်းဖြစ်သည်။ကျေးရွာနှင့် ရွာရှိရဲတိုက်ဧရိယာများသည် ၁၉၅၂ ခုနှစ်မှစ၍ ပြောင်းလဲမှု ကြီးကြီးမားမားမရှိဘဲ တည်ရှိနေခဲ့ကာ ကမ္ဘာလှည့် ခရီးသွားများစိတ်ဝင်စားသည့် ရွာဖြစ်လာခဲ့သည်။
၁၈၄၈ ခုနှစ်မှ ၁၈၅၄ ခုနှစ်အထိ ငါးနှစ်ကြာတူးဖော်ခဲ့သည့် ကောင် တူးမြောင်းသည် ထိုစဉ်က ရေကြောင်းသွားလာရေးအတွက် အသုံးပြုခဲ့သော်လည်း ယခုအခါတွင် ရေမရှိသော တူးမြောင်းတစ်ခုဖြစ်နေသည်။ ကျေးရွာရှိ ရေအိုင်များနှင့် စိမ်းလန်းစိုပြေသော စားကျက်မြက်ခင်းများတွင် သိုးများကို မြင်တွေ့နိုင်ကြသကဲ့သို့ ကျောက်ဖြင့်ပြုလုပ်ထားသည့် တံတားများကို မြင်တွေ့ကြရသည်။ အလယ်ခေတ် ဘုရားကျောင်းပျက်တစ်ခုနှင့်အတူ သက်ကယ် မိုးတဲများရှိနေပြီး ရဲတိုက်တစ်ခုကို ဇိမ်ခံဟိုတယ်တစ်ခုအဖြစ်ပြောင်းလဲထားသည်။
၂။ ဂရုရိုင်းယားစ် ရွာ(ဆွစ်ဇာလန်)
ဆွစ်ဇာလန်နိုင်ငံရှိ ဂရုရိုင်းယားစ်(Gruyeres)ရွာသည် နူးညံ့မွှေးကြိုင်သော ဒိန်ခဲလုပ်ငန်းဖြင့် ထင်ရှားသည်။ သို့သော် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းရှိ ရိုင်းမြစ် အထက်ပိုင်းမြစ်ဝှမ်းတွင်ရှိသည့် အလယ်ခေတ်ကျေးရွာ ဂရုရိုင်းယားစ်နှင့် ထိတွေ့မှုများသူက နည်းပါးခဲ့သည်။ ၁၃ ရာစု ခေတ်လက်ရာ ရဲတိုက်တစ်ခုနှင့် အတူတောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် တည်ထားသည့် ရွာလေးသည် သက်တမ်းနှစ် ၈၀၀ ကျော်ခဲ့ပြီဖြစ်သည်။
ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ပြတိုက်သုံးခုရှိပြီး ပြတိုက်တစ်ခုတွင် လွန်ခဲ့သော နှစ်၈၀၀ က ဗိသုကာလက်ရာများ၊သမိုင်းနှင့် ယဉ်ကျေးမှုအထောက်အထားများကို ပြသထားသည်။ ကျယ်ပြန့်သည့် ကျောက်လမ်းက ရွာလေး၏ ထူးခြားသော ရဲတိုက်ဆီသို့ ဦးတည်နေသည်။ ရဲတိုက်မှ အနီးဝန်းကျင်ရှိ အဲလ်ပိုင်းတောင်တန်းများ၏ ကျယ်ဝန်းသော မြင်ကွင်းများကို ခံစားနိုင်သည်။
၁။ ဘလက်ဒ် ကျေးရွာ (ဆလိုဗေးနီးယား)
ဆလိုဗေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ရွာငယ်လေး ဘလက်ဒ် (Bled) သည် ဘလက်ဒ်ရေအိုင်ကြီး၏ ကမ်းကို ရစ်ပတ်နေသည်။ဘလက်ဒ်ရေကန်၏ ရေခဲတောင်မှ ပျော်လာသည့် အပြာရောင်ရေများသည် ကျွန်းငယ်နှင့် ၁၇ ရာစုလက်ရာ ဘုရားရှိခိုးကျောင်းကို ပတ်ဝိုင်းနေသည်။ ရေကန်ဝန်းကျင်တွင် နှစ်နာရီကြာ အေးအေးလူလူ လမ်းလျှောက်ပြီးလျှင် ရှေးဟောင်းရံတိုက်ကြီးရှိသည့် တောင်ကုန်းပေါ်သို့ တက်ရောက် မြင်ကွင်းကျယ်ရှုမျှော်ခင်းကို ကြည့်ရှုနိုင်ကြသည်။
လှပသည့် ဥရောပကျေးရွာများသည် ရှေးဟောင်းအဆောက်အအုံများ၊ သဘာ၀၀န်းကျင်အလှအပများ၊ ထူးခြားသော သမိုင်းနောက်ခံများ၊မူလလက်ရာမပျက် ထိန်းသိမ်ထားနိုင်ခဲ့သည့် အိမ်များ၊ ဘုရားကျောင်းများ၊ရဲတိုက်များကြောင့် ကမ္ဘာလှည့် ခရီးသွားများအကြား အလွန်ထင်ရှားလာခဲ့ပေသည်။
မောင်သာ (ရှေးဟောင်း သုတေသန)
၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် သုတအလင်းမဂ္ဂဇင်းမှ