ဆေးလောက ကိုခြောက်ခြားစေခဲ့တဲ့ ဂေ့ရဲ့ ကမ္ဘာကျော်ဖြစ်ရပ်

Posted on

ဒီဖြစ်ရပ်ကတော့ ၁၈၄၈ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့ ညနေ ၄နာရီခွဲ က အမေရိကန်နိုင်ငံ Cavendish ဗားမောင့်ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ အသက် ၂၅နှစ် အရွယ် ဖီနာဂေ့ဆိုသူ မီးရထားအလုပ်ကြပ်တစ်ဦးရဲ့ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုပါ။

အဲဒီနေ့က ဂေ့ဟာ ရထားလမ်းတိုးချဲ့ဖို့အတွက် ကျောက်ဆောင်တစ်ခုကို ဖောက်ခွဲမှုတစ်ခုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ သံချောင်း( tamping iron) ၊ သဲ ၊ ရွံ့စေး နဲ့ ယမ်းတွေကို အသုံးပြခဲ့ရပါတယ်။ ဒါပေမယ့် အသုံးပြုပုံမှားယွင်းခဲ့တာကြောင့် မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီး သံချောင်းဟာ ဂေ့ရဲ့ဦးခေါင်းကိုဖောက်ထွင်းသွားပါတယ်။

ပြင်းထန်လွန်းတဲ့အရှိန်ကြောင့် သံချောင်းတန်းလန်းနဲ့ ဂေ့ဟာ ပေပေါင်းများစွာ လွင့်စင်သွားခဲ့ပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေခဲ့ပါတယ်။ သံချောင်းရဲ့ အရှည်က ၃ပေ ၇လက်မရှိပြီး အချင်းက ၁.၂၅လက်မ ရှိပါတယ်။ အနားမှာရှိတဲ့ ကျန်ရထားလမ်းဝန်ထမ်းတွေက ဂေ့ ချက်ချင်သေဆုံးသွားပြီလို့ ထင်လိုက်ကြပါတယ်။

သံချောင်းဟာ ဂေ့ရဲ့မျက်စိတစ်ဖက်ကိုသာမက ဦးနှောက်တစ်ခြမ်းလုံးကိုပါ ဖျက်စီးသွားခဲ့တာပါ။ ကြိုးစားကုသခဲ့တဲ့ဆရာဝန်များကိုယ်တိုင် ပြင်းထန်လွန်းတဲ့ဒါဏ်ရာကြောင့် ဂေ့အတွက် ရှင်သန်ဖို့မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမယ့် အသက်ပြင်းလွန်းတဲ့ဂေ့မသေခဲ့ပါဘူး။

လအနည်းငယ်အကြာမှာ ပုံမှန်လူတစ်ယောက်လို ပြန်ကောင်းလာခဲ့ပါတယ်။ ဦးနှောက်ရှေ့ပိုင်းတစ်ခြမ်းလုံးပျက်စီးသွားခဲ့ပေမယ့် မသေခဲ့တဲ့ဂေ့ဟာ ဆေးလောကအတွက် အံသြဖွယ်လူသားဖြစ်ပါတယ်။ ဒီမတော်တဆဖြစ်ရပ်မှာ အသက်ပြင်းလွန်းတဲ့ဂေ့ဟာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒါပေမယ့် ဂေ့ဟာ အရင်ဂေ့မဟုတ်တော့ပါဘူး။ ဦးနှောက်ထိခိုက်ခဲ့ပေမယ့် အားလုံးကို မှတ်မိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမူအကျင့် စိတ်ပိုင်းဆိုင်ရာအားလုံးက ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပါတယ်။ အရင်ဂေ့ကို သိသူအားလုံးက ဂေ့ နောက်ဘဝသစ်တစ်ခုဖြစ်သွားပြီ လို့ သတ်မှတ်လိုက်ကြပါတယ်။

အရင်ကဂေ့ဟာ ရိုးသားသူ ၊ အလုပ်ကြိုးစားသူ ၊ သစ္စာရှိသူ ၊ ဖော်ရွှေချင်ခင်တတ်သူ ၊ စိတ်ထားကောင်းသူ ဖြစ်ပေမယ့် ဒါဏ်ရာက သက်သာလာခဲ့တဲ့ ဂေ့ကတော့ စိတ်ထားယုတ်ညံ့သူ ၊ ဒေါသကြီးတတ်သူ ၊ အလုပ်ကိုရှောင်ကွင်းတတ်သူ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်လည်း အလုပ်က မကြာခဏရပ်စဲခံရသလို နောက်ပိုင်းလုံးဝလက်မခံတော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အလုပ်ကလက်မခံခဲ့တာကြောင့် ဂေ့ဟာ ချီလီကိုသွားကာ ရထားလုံးမောင်းသမား အလုပ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆန်ဖရန်စ္စကိုက ဆွေမျိုးတွေရှိရာကိုပြန်လာရင်း ၁၈၆၀ မှာ ကွယ်လွန်ခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပြီး ၁၂နှစ်ကြာမှ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

ဦးနှောက်ထိခိုက်မှုဟာ လူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကိုပြောင်းလဲစေနိုင်တယ်ဆိုတာကို ဂေ့ရဲ့ဖြစ်ရပ်ကတစ်ဆင့် အာရုံကြောဆရာဝန်တွေက သိသွားခဲ့ကြပါတယ်။ ဂေ့ကွယ်လွန်ပြီးတဲ့နောက်မှာ ဆရာဝန်များဟာ ဂေ့ရဲ့အလောင်းကို တူးဖော်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အားလုံးနီးပါးပျက်စီးသွားတဲ့ဦးနှောက်တစ်ခုဟာ ဘယ်လိုအလုပ်လုပ်ခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်ကြလို့ပါ။

အဲဒီနောက်တော့ ဂေ့ရဲ့ဦးခေါင်းခွံကို ဟားဗတ်တက္ကသိုလ်မှာ ဆေးစိမ်ထားခဲ့သလို အိုင်အိုဝါတက္ကသိုလ်က ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဆေးပညာရှင်များက ဂေ့ရဲ့ဦးခေါင်းခွံကို ကွန်ပျူတာဂရပ်ဖစ် အသုံးပြု၍ အားလုံးလေ့လာနိုင်ရန် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဦးနှောက်ပျက်စီးသွားပေမယ့် မသေပဲ နောက်ဘဝပြောင်းခဲ့သူ (သို့) ဆေးလောက ကိုခြောက်ခြားစေခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့တော့တယ်။