ယနေ့ထိတိုင် လူအများမမေ့ကြသေးသည့် သတင်းစာဆရာဟု ဆိုပါလျှင် ဦးချစ်မောင်ကိုပင်ပြရပေမည်။ ၁၉၃၀ပြည့်နှစ်တစ်ဝိုက်မှစ၍ ယုံကြည်ချက်ပြင်းထန်သူ ၊ တည်ကြည်သူ ၊ မျိုးချစ်စိတ်ပြင်းထန်သူအဖြစ်ကျော်ကြားခဲ့သော သတင်းစာဆရာကြီးဖြစ်သည်။ ဂျာနယ်ကျော်သတင်းစဉ် ကို ဦးစီးထုတ်ဝေခဲ့သဖြင့် ဂျာနယ်ကျော်ဦးချစ်မောင် ဟူ၍ လူသိများလာခဲ့ခြင်းဖြစ်သည်။ ဗဟန်းရှိ ဦးချစ်မောင်လမ်းသည် ဂျာနယ်ကျော်ဦးချစ်မောင်ကို ဂုဏ်ပြုသည့်အနေဖြင့် မှည့်ခေါ်ထားခြင်းဖြစ်သည်။
ဦးချစ်မောင်သည် သတင်းစာဆရာဆိုသော်ငြား သတင်းစာအတွက်ကြိုးပမ်းအားထုတ်နေရုံတင် မဟုတ်ပဲ တိုင်းရေးပြည်ရေး ကိစ္စများကိုလည်း စဉ်ဆက်မပြတ် လေ့လာ မှတ်သားနေသူဖြစ်သည်။ ဒီအကြောင်းနှင့်ပတ်သတ်၍ ဦးချစ်မောင်က “အယ်ဒီတာဆိုတာ အကုန်နှံ့စပ်ရတယ်။ လွှတ်တော်ထဲမှာရှိတဲ့ ဝန်ကြီးတွေထက် အုပ်ချုပ်မှု ကိုနားလည်ရင် ပိုကောင်းတယ်။ တိုင်းပြည်ကောင်းရာကောင်းကြောင်းဖြစ်အောင် တိုင်းပြည်ပေါ်မှာ တိုင်းပြည်ဘက်ကနေပြီး အမှားအမှန် လမ်းမှန်ညွှန်ပြနေရတဲ့ အယ်ဒီတာဟာ သူတို့ထက်အရည်အချင်း ညံ့လို့မဖြစ်ဘူး” ဟု ပြောဖူးသည်။
တစ်နေ့ဦးချစ်မောင်ကို ရန်ကုန်ပုလိပ်မင်းကြီးက သူ၏ ရုံးခန်းသို့လာခိုင်းရာ သတင်းထောက်တစ်ယောက်ကိုသာ စေလွှတ်လိုက်သည်။ ပုလိပ်မင်းကြီးက သတင်းထောက်ကို အလိုမရှိ ၊ အယ်ဒီတာချုပ်သာ အလိုရှိကြောင်း ကြိမ်းမောင်းပြောဆို၍ ပြန်လွှတ်လိုက်သည်။ နောက်တစ်နေ့တွင် ပုလိပ်မင်းကြီးရုံးခန်းသို့ ဦးချစ်မောင်သွားတွေ့၏။ ပင်နီအင်္ကျီဝတ်ကာ မျက်မှန်ထူထူတပ် ခုံဖိနပ်ကို တဂွပ်ဂွပ်နင်းသွားရာ အယ်ဒီတာချုပ်ဟု မထင်သဖြင့် ပုလိပ်မင်းကြီးက “မောင်မင်းဘယ်သူလဲ” ဟု အသံခပ်မာမာနှင့် မေးလေသည်။ ထိုင်စရာပင် မပေးသဖြင့် ဦးချစ်မောင်လည်း မပြောမဆိုနှင့် ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်ပြီး မိမိသည် မြန်မာ့အလင်း အယ်ဒီတာချုပ်ဖြစ်ကြောင်း အင်္ဂလိပ်လိုပြောလိုက်သည်။
အယ်ဒီတာချုပ် ဖြစ်သဖြင့် အရင်သတင်းထောက်လို အောက်ငေါက်ထုတ်ဖို့လည်း မဖြစ်သဖြင့် ပုလိပ်မင်းကြီးသည် ဒေါကြီးမောကြီးနှင့် အမိန့်စာတစ်စောင်ကို သတင်းစာတွင် ထည့်ရန်ပြောဆိုပြီး ပေးလိုက်သည်။ သို့သော် နောက်တစ်နေ့တွင် ထိုအမိန့်စာ ပါမလာခဲ့။ ထို့ကြောင့် အာမခံငွေတင်၍ ဒဏ်ငွေဆောင်ခဲ့ရသည်။ ဦးချစ်မောင်သည် ထိုသို့သော လူမျိုးဖြစ်သည်။ မဟုတ်မမှန် အမိန့် သတင်းများကို သူ့သတင်းစာတွင် ထည့်ရန်ဘယ်တော့မှ အလိုမရှိသူဖြစ်သည်။
တစ်ခါကလည်း မြန်မာ့အလင်းက ဦးချစ်မောင်အား ထုတ်ပယ်ခဲ့ဖူးသည်။ ထုတ်ရသည့်အကြောင်းအရင်းမှာ သတင်းစာသမားပီသစွာ အမှန်တရားဘက်မှ ရပ်တည်ခဲ့သောကြောင့်ဖြစ်သည်။ ထားဝယ်သွားသည့် “အဒမ်ဆင်” သင်္ဘောကြီး အနီးဗုံးပေါက်ကွဲမှုသတင်းနှင့် ပတ်သတ်၍ အစိုးရက “မှားယွင်းကြောင်းဖြေရှင်းချက်” အား သတင်းစာတွင် ထည့်ရန်ပြောရာ ဦးချစ်မောင်က သတင်းမှာ ခိုင်လုံ၍ ယုံကြည်စိတ်ချရသော သတင်းဖြစ်ကြောင်း ၊ သတင်းစာတွင် ဖြေရှင်းချက်ထည့်ရခြင်းမှာ သတင်းစာအတွက် အနာဆုံးကိစ္စဖြစ်ကြောင်းပြောပြီး သတင်းစာတွင် ဖြေရှင်းချက်ကို လုံးဝမထည့်ခဲ့။
အစိုးရတင်မက သတင်းစာတိုက် မန်နေးဂျင်းဒါရိုက်တာကလည်း ဖိအားပေးသည်။ သို့သော်ဦးချစ်မောင်က သတင်းစာကို တိုက်ရှင်များက ပိုင်သော်လည်း တိုင်းပြည်ကသာ ဆိုင်သဖြင့် ဤကဲ့သို့ မဟုတ်မမှန်သတင်းများကို လုံးဝမထည့် နိုင်ဟု အတိုက်အခံပြောကာ အိမ်သို့ပြန်လာခဲ့သည်။ ထိုညတွင်ပင် သတင်းစာတိုက်မှ ဦးချစ်မောင်အား အလုပ်ထုတ်လိုက်ကြောင်း အကြောင်းကြားစာ ရောက်ရှိလာခဲ့သည်။
သို့သော် ဦးချစ်မောင်က မြန်မာ့အလင်းအား အငြိုးမထားခဲ့။ မိမိဘာသာ ဂျာနယ်ကျော်သတင်းစဉ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ အစိုးရက မြန်မာ့အလင်းသတင်းစာတိုက်ကြီး မှရေးသားလိုက်သည့် “အိုင်စီအက်စ်များ” ဟူသောခေါင်းကြီးကြောင့် မခံမရပ်နိုင်ဖြစ်ကာ တစ်ချက်လွှတ်အမိန့်ဖြင့် မြန်မာ့အလင်းတိုက်အား ပိတ်ခိုင်းခဲ့သည်။ ထိုအခါ ဦးချစ်မောင်က ဂျာနယ်ကျော်မှနေ၍ မြန်မာ့အလင်းသတင်းစာအတွက် အစိုးရအပေါ် ပြင်းထန်လှသော ခေါင်းကြီးများကို ရေးခဲ့ကာ မြန်မာ့အလင်းသတင်းစာ ပြန်လည်ထုတ်နိုင်ရန် ကူညီကြိုးပမ်းအားထုတ်ပေးခဲ့သည်။
ဦးချစ်မောင်သည် မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ်မွေးမြူရေး နဲ့ လွတ်လပ်ရေးရရှိဖို့ ဆော်သြတဲ့သောစာများ ၊ အစိုးရကိုမကြောက်မရွံဝေဖန်ရဲသော စာများ ကိုရေးသားခဲ့ သည့်အပြင် လွတ်လပ်ရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ ၊ ဆ ၊ ပ ၊ လ ဗဟိုဦးစီးအဖွဲ့တွင်ပါဝင်ခဲ့ပြီး လွတ်လပ် ရေးအတွက် အရေးဆိုရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ဖ ၊ ဆ ၊ ပ ၊ လ အစိုးရဖွဲ့စည်းရန်အတွက် ဘုရင်ခံသို့ တင်ပြတောင်းဆိုချက် စည်းကမ်းများကိုရေးဆွဲရာတွင် ဦးချစ်မောင်၏ အကြံဉာဏ်များစွာ ပါဝင်ခဲ့သည်။
တိုင်းပြည်အတွက် အလွန်အလုပ်လုပ်သော ၊ အရည်အချင်း နှင့် မျိုးချစ်စိတ်ပြည့်စုံသူ ဦးချစ်မောင် သည် စာစုပေါင်း ၄၅၀ ကျော်ကိုရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဦးချစ်မောင်အသက်မှာ ၃၃ နှစ်ကျော်သာ ရှိသေးသည်။ တိုင်းပြည်အတွက် အလွန်နှမြောဖို့ကောင်းလှသည်။ ဦးချစ်မောင်၏ ဈာပနအား ဖဆပလအဖွဲ့ချုပ်မှ ကြီးမှူး၍ ကြံတောသုသာန်တွင် သြင်္ဂိလ်ခဲ့သည်။
ကိုးကား :
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း