တောင်အမေရိကတိုက်အတွင်းမှာတော့ ဒုတိယအသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့ ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကအရှေတောင်ဘက်စွန်းအပိုင်းမှာတည်ရှိပြီး အနောက်ဘက်မှာ အာဂျင်တီးနားနိုင်ငံ၊အရှေမြောက်ဘက်မှာဘရာဇီးနိုင်ငံ၊တောင်ဘက်မှာ Rio de la Plata မြစ် နဲ့ အရှေတောင်ဘက်ပိုင်းမှာတော့ အတ္တလန္တိတ်သမုဒ္ဒရာတွေနဲ့ထိစပ်လျက်ရှိပါတယ်။ ဥရုဂွေးဆိုတဲ့အမည်ကတော့ Guarani ဘာသာစကား ကနေဆင်းသက်လာပြီး ဆေးရောင် ခြယ်တဲ့ငှက်များရှိရာမြစ်လို့ အဓိပ္ပါယ်ရပါတယ်။
ယနေ့အချိန်မှာလူဦးရေ စုစုပေါင်း (၃.၄၄)သန်းသာရှိသေးတဲ့နိုင်ငံငယ်လေးဟာ စူပါပါဝါနိုင်ငံကြီးတွေတောင် ယနေ့တိုင်လုပ်ပြနိုင်ခြင်းမရှိသေးတဲ့ ကမ္ဘာ ဖလားဘောလုံးပြိုင်ပွဲမှာ(၂)ကြိမ်တိုင်ဗိုလ်စွဲနိုင်ခဲ့သလို ယနေ့ထိပ်တန်းကစားသမား တွေဖြစ်တဲ့ ဆွာရတ်၊ကာဗာနီစသူတွေရဲ့ မွေးဖွားရာအရပ်လည်းဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံရဲ့လူဦးရေ(၁.၈)သန်းလောက်ဟာ နိုင်ငံရဲ့အကြီးဆုံးမြို့လည်းဖြစ်၊မြို့တော်လည်းဖြစ် တဲ့ မွန်တီဗစ်ဒီအို မြို့နဲ့ဝန်းကျင်ဒေသတွေမှာနေထိုင်ကြသူတွေဖြစ်ပြီး နိုင်ငံရဲ့အကျယ် အဝန်းကတော့ စတုရန်းကီလိုမီတာ (၁၇၆၀၀၀)နီးပါးရှိပါတယ်။ ဒီအကျယ်အဝန်း ကြောင့်ဥရုဂွေးနိုင်ငံဟာ Suriname နိုင်ငံပြီးတဲ့နောက်အမေရိကတိုက်ရဲ့ ဒုတိယမြောက် အသေးငယ်ဆုံးနိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ်။ တွက်ချက်မှုတွေ အရတော့ နိုင်ငံရဲ့(၁)စတုရန်းမိုင်မှာ လူဦးရေ(၅၁)ယောက်နေထိုင်ကြတာဖြစ်ပါတယ်။
သမိုင်းဆိုင်ရာ အထောက်အထားတွေအရတော့ ဥရုဂွေးနိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀၀၀)လောက်ကတည်းက Charrua မျိုးနွယ်စုတွေနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ (၁၆၈၀)မှာတော့ ပေါ်တူဂီတွေရဲ့ကိုလိုနီနယ်မြေဖြစ်လာခဲ့ပြီး ပေါ်တူဂီတွေဟာ ဥရုဂွေး အနောက်တောင်ဘက်ပိုင်းက del Sacramento မြို့ကိုအခြေပြုပြီးအုပ်ချုပ်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ စပိန်နဲ့အာဂျင်တီးနားတပ်တွေရဲ့ သိမ်းပိုက်ကိုလိုနီုပြုခြင်းကိုခံခဲ့ရပါတယ်။ ဥရုဂွေးဟာအခြားသော အိမ်နီးချင်းတောင်အမေရိကနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဥရောပတိုက်သားတွေရဲ့ ကိုလိုနီပြုခြင်းကို နောက်အကျဆုံးကျရာက်တဲ့ တောင် အမေရိကနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။
ဥရုဂွေးနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ မွန်တီဗစ်ဒီအိုမြို့ ဟာဆိုရင်လည်း ခံတပ်မြို့တစ်ခုဖြစ်ပြီး (၁၈)ရာစုအစောပိုင်းကာလက စပိန်တွေကတည်ဆောက်ပေးခဲ့ပါတယ်။ ဥရုဂွေးဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်လာဖို့ (၁၈၁၁) ကနေ (၁၈၂၈) တိုင်အောင် (၄)ကြိမ်အထိကြိုးပမ်းခဲ့ရပါတယ်။ ဒါကလည်း စပိန်၊ပေါ်တူဂီနဲ့ အိမ်နီချင်းအာဂျင်တီးနား ဘရာဇီးနိုင်ငံတွေဟာ သေးငယ်တဲ့ဥရုဂွေးနိုင်ငံကို တစ်လှည့်စီသိမ်းပိုက်ခဲ့ကြလို့ ဖြစ်ပါ တယ်။ (၁၉)ရာစုတစ်လျောက်လုံး ဥရုဂွေးဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးအရ ခြိမ်း ခြောက်မှု၊ကျူးကျော်စွက်ဖက်မှုတွေကို ခံခဲ့ရပါတယ်။
(၁၉၇၃)ရောက်ချိန်မှာတော့ ဥရုဂွေးဟာစစ်တပ်ရဲ့ အာဏာသိမ်းခြင်းကိုခံခဲ့ရပြီး အာဏာ ရှင်စနစ်နဲ့အုပ်ချုပ်မှုကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင်ခံစားခဲ့ရပါတယ်။ ဥရုဂွေးစစ်တပ်ဟာ နိုင်ငံတွင်းပါတီအတော်တော်များများကို အကြမ်းနည်းရော အနုနည်းရောသုံး ကာဖြိုခွင်းခဲ့ပြီး အကျိုးရလဒ်ကတော့ လူအများအပြားသေဆုံးသွားခြင်းနဲ့ နိုင်ငံရဲ့စီးပွား ရေးဆိုးဆိုးရွားရွားပြိုကွဲသွားခြင်းပဲဖြစ်ခဲ့ပါတယ်။ (၁၉၈၅)ခုနှစ်မှာတော့ စစ်တပ်ရဲ့ အာဏာကို ပြည်သူအစိုးရထံပြန်လည် အပ်နှံခဲ့ပြီး ဒီမိုကရေစီနည်းအတိုင်းကျင့်သုံး လာခဲ့တာဆိုရင် ယနေ့အချိန်ထိဖြစ်ပါတယ် ။ အခြားဒီမိုကရေစီနိုင်ငံတွေနည်းတူ ဥရုဂွေးရဲ့ ရွေးကောက်ခံသမ္မတဟာ နိုင်ငံတော်ရဲ့အကြီးဆုံးအာဏာပိုင်ဆိုင်သူနဲ့ အစိုးရ အဖွဲ့ရဲ့အကြီးဆုံးရာထူးနေရာကို အပ်နှင်းခံရပါတယ်။
ဥရုဂွေးနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေအားလုံးထဲမှာတော့ ဒီမိုကရေစီစံနှုန်း၊ငြိမ်းချမ်းရေး၊အဂတိတိုက်ဖျက်ရေးနဲ့ E-Government ဖော်ဆောင်ရေးကဏ္ဍတွေမှာမှာ ထိပ်ဆုံးနေရာကနေရပ်တည်နေတာကိုတွေ့ရမှာဖြစ်ပါသလို မီဒီယာလွတ်လပ်ခွင့်ကို အတော်လေး အလေးပေးထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါအပြင်ကမ္ဘာနိုင်ငံအသီးသီး ရဲ့တစ်ဦးချင်းဝင်ငွေအပေါ်တွက်ချက်ပြီး ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးထိန်း သိမ်းရေးတပ်တွေအပေါ်မှာ ထောက်ပံ့သူနိုင်ငံစာရင်းမှာလည်း ဥရုဂွေးဟာထိပ်တန်း အဆင့်မှာရှိနေတာကိုလည်း တွေ့ရမှာပါ။
ဥရုဂွေးနိုင်ငံဟာလက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းမရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် တံခါးဖွင့်စီးပွားရေးဝါဒကိုကျင့်သုံးပါတယ်။ ဒါကြောင့်လည်း ဒေသတွင်းမှာဒုတိယမြောက်စီးပွားရေးလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံ၊ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနဲ့ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုအရှိဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါ တယ်။ ဥရုဂွေးနိုင်ငံရဲ့ GDP (ppp)ခန့်မှန်းတန်ဖိုးဟာ (၂၀၁၉)ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၈၄.၆၂၈)ဘီလီယန်အထိရှိခဲ့ပြီး ကမ္ဘာအဆင့်မှာတော့ အဆင့် (၄၈)ချိတ်ခဲ့ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ပျမ်းမျှဝင်ငွေကတော့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၂၄၀၅၁) ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ (၆၀)နိုင်ငံမြောက်တစ်ဦးချင်း ဝင်ငွေအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
ဥရုဂွေးနိုင်ငံရဲ့ တင်ပို့ကုန်တွေကတော့ သိုးမွှေး၊ဆန်၊ပဲပုပ်၊အမဲသား(ရေခဲရိုက်ပြီး)၊နို့နဲ့ နို့ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ သိုး၊နွားမွေးမြူရေးလုပ်ငန်းဟာ ဥရုဂွေးရဲ့ အဓိကကျတဲ့ အခြေခံလုပ်ငန်းတွေဖြစ်ပြီး နိုင်ငံထွက်ကုန်ရဲ့ (၈၅) ရာခိုင်နှုန်းဟာ မွေးမြူရေးလုပ်ငန်း တွေကပဲရရှိနေတာဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံတွေကတော့ ဂျုံ၊ပြောင်း၊မြင်းစားဂျုံ၊မုယော နဲ့ ဘီးသွားလျှော်တို့ဖြစ်ကြပြီး တောင်စောင်းဒေသတွေမှာတော့ စပျစ်ခြံကြီးတွေကို တွေ့ရလေ့ရှိပါတယ်။
စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်းများအပြင် အစားအစာထုတ်လုပ်ခြင်း ၊ လျှပ်စစ်ထုတ်ကုန်များ ၊ သယ်ယူပို့ဆောင်ရေးကိရိယာများ ၊ ချည်မျှင်နှင့်အထည် ၊ ဘီယာနှင့် အဖျော်ယမကာ စတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ကြပါသေးတယ်။ ငွေကြေးစနစ်အနေနဲ့ ဥရုဂွေးပက်ဆို Uruguayan peso ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၃၅.၄၂ ဥရုဂွေးပက်ဆို နဲ့ ညီမျှပါတယ်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံတဲ့နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံ ဧရိယာအတော်များများဟာ တိရိစ္ဆာန်စားကျက်တွေဖြစ်ကြပြီး သဲကန္တာရ၊တောနက်နက် တွေမရှိသလောက်ရှားပါးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဥရုဂွေးရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ တောင်ကုန်းဒေသတွေမှာတော့ ရွှေကိုတူဖော်ရရှိလေ့ ရှိပြီး အခြားတွင်းထွက်တွေကတော့ ငွေ၊ကြေးနီ၊သံနဲ့ မဂ္ဂနီဆီယမ်အစရှိသည်တို့ဖြစ်ပါတယ်။ ဥရုဂွေးရဲ့မြေမျက်နှာသွင်ပြင်ဟာ အများအားဖြင့်ညီညာပြန့်ပြူးပြီးတော့ ရာသီဥတုက တော့နွေမှာအေးပြီးဆောင်းမှာနွေးထွေးလေ့ရှိတာကြောင့်အတော်လေး သင့်တင့် ညီညွတ် တယ်လိုဆိုနိုင်ပါတယ်။
ဥရုဂွေးနိုင်ငံရဲ့ အမြင့်ဆုံးအပိုင်းကတော့ Cerro Catedral ဖြစ်ပြီး(၁၆၈၆)ပေအထိမြင့်မားပါတယ်။ ဧပြီလနဲ့မေလတွေမှာတော့ မိုးအများ ဆုံးရွာသွန်းလေ့ရှိပြီး ပျှမ်းမျှမိုးရေချိန်လက်မ (၄၃)အထိရှိပါတယ်။ တစ်ခါတစ်ရံမှာ တော့မိုးခေါင်လေ့ရှိပြီး အပူဆုံးလဖြစ်တဲ့ ဇန်နဝါရီလမှာတော့ ပျှမ်းမျှအပူချိန်ဟာ (၇၄) ဒီဂရီဖာရင်ဟိုက် အထိရှိပြီး အအေးဆုံးလဖြစ်တဲ့ဇွန်လမှာတော့ (၅၀)ဒီဂရီဖာရင်ဟိုက် အထိရှိနေပါတယ်။ ဥရုဂွေးနိုင်ငံကိုတော့ Rio de la Plataမြစ်၊ဥရုဂွေးမြစ်၊ Laguna Merin နဲ့ Rio Negro မြစ်စတဲ့မြစ်ကြီး(၄)စင်းက ယှက်သွယ်စီးဆင်းလျက်ရှိပြီး နိုင်ငံရဲ့ အဓိကအရေးကြီးဆုံးမြစ်ကတော့ Black River လို့သိကြတဲ့ Rio Negroဖြစ်ပါတယ်။ ဥရု ဂွေးဟာ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင် (၄၁၀)မိုင်ရှိပြီး ပိုင်ဆိုင်တဲ့အတ္တလနစ်ကမ်းခြေ တစ်လျှောက်မှာ ပင်လယ်ထုံးအိုင် အများအပြားကိုတွေ့နိုင်ပါတယ်။
ဥရုဂွေးနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဟာလည်း နိုင်ငံရဲ့စီးပွားရေးကို အတော်လေး အထောက်အကူပြုနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ (၂၀၁၂)ခုနှစ်က တွက်ချက်မှုတွေ အရတော့ ဒီလုပ်ငန်းတွေကပဲနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အရေးပေါင်း (၉၇၀၀၀) လောက်ကို ဖန်တီးပေးနိုင်ခဲ့ပြီး နိုင်ငံ GDP စုစုပေါင်းရဲ့ (၉)ရာခိုင်နှုန်းအထိ အထောက် အကူပြုပေးနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။
မြို့တော် မွန်တီဗီတိုမြို့ဟာ နိုင်ငံရဲ့အဓိကသင်္ဘောဆိပ်မြို့ဖြစ်ပြီး နှစ်စဉ်ကွန်တိန်နာ ပေါင်း (၁.၁)သန်းလောက်ရောက်ရှိလာလေ့ရှိပါတယ်။ Nueva Palmira ဆိပ်ကမ်းဟာ အဓိကကုန်သွယ်ရေးစခန်းဖြစ်ပြီး အစိုးရရောပုဂ္ဂလိက လုပ်ငန်းရှင်တွေကပါအသုံးပြု လေ့ရှိပါတယ်။လေကြောင်းဆက်သွယ်ရေးကဏ္ဍမှာလည်း (၂၀၀၉) ခုနှစ်ကဖွင့်လှစ် ခဲ့တဲ့ ဥရုဂွေးရဲ့ Puerta del Sur လေဆိပ်ဟာ ကမ္ဘာအကောင်းဆုံးလေဆိပ်(၄) ခုအနက်က တစ်ခုအဖြစ် ရွေးချယ်ခြင်းခံခဲ့ရဖူးပြီး နှစ်စဉ်ခရီးသည် (၄.၅)သန်းလောက် အသုံးပြုနေတာဖြစ်ပါတယ်။ ဒီပမာဏဟာ လက်ရှိဥရုဂွေးလူဦးရေထက်ပိုမိုများပြာနေ တာကိုလည်းတွေ့ရပါတယ်။
ဥရုဂွေးနိုင်ငံသားအများစုဟာ စပိန်နဲ့အီတလီအဆက်အနွယ်တွေဖြစ်ကြပြီး စပိန်ဘာ သာစကားကိုပြောဆိုကြပြီး စပိန်တို့ရဲ့ထုံးတမ်းအစဉ်လာတွေကိုလိုက်နာသူများကြပါတယ်။ ရုံးသုံးဘာသာစကားကလည်း စပိန်ဘာသာစကားပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး လူဦးရေရဲ့ (၄၁.၇)ရာခိုင်နှုန်းဟာ ဘာသာမဲ့တွေဖြစ်ကြပါတယ်။ ခရစ်ယာန်ဘာသာဝင် (အဓိကကတော့ ရိုမန်ကတ်သလစ်ဘာသာဝင်တွေဖြစ်ကြပါတယ်။) (၄၇)ရာခိုင်နှုန်း နဲ့အခြားဘာသာကိုးကွယ်သူ(၁)ရာခိုင်နှုန်း၊ဂျူးဘာသာဝင်(ဝ.၂)ရာခိုင်နှုန်း၊ Umbanda (၁.၉) ရာခိုင်နှုန်းတို့ဖြစ်ကြပါတယ်။
ဥရုဂွေးနိုင်ငံရဲ့ပညာရေးစနစ်ကတော့ အသက်(၄)နှစ်ကနေ(၁၄)နှစ်အထိ မသင်မနေရ အခမဲ့ပညာရေးစနစ်ဖြစ်ပြီး (၂၀၀၉)ခုနှစ်ကနေစတင်ပြီး အစိုးရဟာ နိုင်ငံ GDP တန်ဖိုး ရဲ့(၄.၅)ရာခိုင်နှုန်းအထိ ပညာရေးကဏ္ဍမှာသီးသန့်ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ယင်း နှစ်မှာပဲဥရုဂွေးဟာမူလတန်းအဆင့်ကလေးငယ်တစ်တစ်ဦးစီတိုင်းကို လက်တော့တစ်လုံးပေးနိုင်တဲ့ အပြင် ကျောင်းတိုင်းမှာ Wifi အခမဲ့တပ်ဆင်ပေးနိုင်ခဲ့တဲ့ ကမ္ဘာပထမဆုံးသောနိုင်ငံဖြစ်လာခဲ့ပါတယ်။
ဥရုဂွေးနိုင်ငံနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်တွေကတော့
(၁)ဥရုဂွေးနိုင်ငံရဲ့ လူဦးရေဟာ တရားဝင်(၃.၄၄)သန်းရှိပေမဲ့ နိုင်ငံမှာရှိတဲ့ ကျွဲ၊နွား တိရိစ္ဆာန်အရေအတွက်က (၁၂)သန်းအထိရှိလို့နေပြန်ပါတယ်။
(၂)ဥရုဂွေးဟာ လက်တင်အမေရိကနိုင်ငံအားလုံးအနက်မှာ အပူပိုင်းဇုံအပြင်ဘက်ကို လုံးဝကျရောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
(၃)ဥရုဂွေးရဲ့နိုင်ငံတော်သီချင်းရဲ့ကြာချိန်ဟာ အနည်းဆုံးပျှမ်းမျှ(၅)မိနစ်အထက်ရှည်ကြာ ပြီးဒီစံချိန်ဟာ ကမ္ဘာနိုင်ငံတွေအားလုံးအနက် အကြာဆုံးသောနိုင်ငံတော်သီချင်းအဖြစ် ရပ်တည်နေပါတယ်။
(၄) ဥရုဂွေးရဲ့ကမ္ဘာကျော်သမ္မတကြီး Jose Pepe Mujica ကိုတော့အားလုံးက သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ (၂၀၁၀)ခုနှစ်ကနေ (၂၀၁၅)အထိ သမ္မတတာဝန် ယူခဲ့တဲ့ မူချီကာဟာ သူရဲ့ဝင်ငွေ(၉၀)ရာခိုင်နှုန်းအထိပြန်လည်လှူဒါန်းခဲ့ပြီး ကမ္ဘာမီဒီယာတွေရဲ့ ကမ္ဘာအဆင်းရဲဆုံးသောသမ္မတအဖြစ် ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။
(၅)ဥရုဂွေးဟာစွန့်ပစ်ခံလူအို၊လူနာ၊ကလေး၊သူငယ်တွေအတွက် နိုင်ငံတော်က တာဝန် ယူပေးတဲ့စနစ်ကို လက်တင်အမေရိကမှာ ပထမဆုံးကျင့်သုံးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။