အနှစ် ၄၀ စစ်ပွဲ ဆိုသည်မှာ

Posted on

ရာဇဓိရာဇ်လို့ ဆိုလိုက်ရင် အင်းဝဘုရင်မင်းခေါင်နဲ့ နှစ်ပေါင်းများစွာ စစ်ပွဲတွေဆင်နွဲခဲ့သူအဖြစ်သိကြမှာပါ။ အင်း၀ နဲ့ ဟံသာဝတီ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့စစ်ပွဲကို အနှစ် ၄၀ စစ်ပွဲလို့ အားလုံးသိပြီးဖြစ်မှာပါ။ အနှစ် ၄၀ လို့ခေါ်ပေမယ့် တကယ်တမ်းက ၃၆ နှစ်ပါ။ အများဆုံးတိုက်ခဲ့ကြတာတော့ အင်းဝဘုရင်မင်းခေါင် နဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့ဖြစ်ပေမယ့် ဒီစစ်ပွဲရဲ့အစကတော့ ဘုရင်မင်းခေါင်ရဲ့ ခမည်းတော် မင်းကြီးစွာစော်ကဲ လက်ထက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

အေဒီ ၁၃၈၄ ခုနှစ်မှာ ဟံသာဝတီပြည့်ရှင်ဗညားဦးမင်း နတ်ရွာစံတဲ့အခါ သားတော် အပသုံပိုင်စက် ခေါ် ဗညားနွဲ့က ရာဇာဓိရာဇ်ဘွဲ့ခံကာ နန်းတက်ခဲ့ပါတယ်။ ထိုအခါ ဦးရီးတော်မြောင်းမြစားလောက်ဖျားက မကျေနပ်တာကြောင့် အင်းဝဘုရင် မင်းကြီးစွာထံ စစ်ကူလွှတ်ကာ “ကျွန်တော်မျိုးဘက်မှ ဟံသာဝတီကို ကူတိုက်ပေးပါ။ နိုင်လျှင်အရှင်မင်းကြီး အနှစ်ကို ယူ၍ ကျွန်တော်မျိုးအား အကာကိုပေးပါ” ဟူ၍ လျှောက်ခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်ရမည့်အရေးဖြစ်တာကြောင့် မင်းကြီးစွာလဲ နည်းနည်းမှမစဉ်းစားပဲ ဟံသာဝတီကို တိုက်ရာ နှစ် ၄၀ စစ်ပွဲ စတင်ပါတော့တယ်။

နှစ်ပေါင်း ၄၀ လုံးလုံးတိုက်ခဲ့သော်လည်း လူမျိုးရေး စီးပွားရေးတို့ကြောင့် အမုန်းပွားကာ အငြိုးထားတိုက်ခဲ့ခြင်း မဟုတ်ပဲ ပဒေသရာဇ်အချင်းချင်း ဘုန်းတန်ခိုး ပြိုင်သည့်အနေနှင့်သာ တိုက်ခဲ့သောစစ်ပွဲဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် ပြတ်ပြတ်သတ်သတ်အနိုင်မရခဲ့တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ပြေငြိမ်းကာ သင့်မြတ်သွားသောအခိုက်အတန့်များလည်း ရှိခဲ့ပါတယ်။သို့သော် တစ်ဖက်ဖက်ကဖောက်၍ သစ္စာပျက်ကာ ပြန်တိုက်ရသည်ချည်းသာ။ ဘုရင်မင်းခေါင် နှင့် ရာဇာဓိရာဇ်လက်ထက်တွင် တက်ဖက်ဖက်မှ အပြတ်အသတ်အနိုင်ရသည် မရှိ။ သူတပြန်ကိုယ်တပြန် ရှုံးလိုက် နိုင်လိုက်ချည်းသာ ဖြစ်ပါတယ်။ တိုက်ပွဲနှင့် အတူ အင်း၀ ဟံသာဝတီ နှစ်ဖက်လုံးတွင် လက်ရုံးရည် နှလုံးရည် ပြည့်စုံသော သူရဲကောင်း အမတ်များ ထွက်ပေါ်လာခဲ့ပါတယ်။

အင်းဝဘက်မှ မင်းကြီးစွာ၊ ဘုရင်မင်းခေါင် ၊ မင်းရဲကျော်စွာ ၊ လကျာ်ပျံချီ ၊ ဖိုးရာဇာ ၊ မိုးညှင်းသတိုး နှင့် အခြားသူရဲကောင်းများစွာ ပေါ်ထွက်လာခဲ့သလို ဟံသာဝတီဘက်မှာလည်း ရာဇာဓိရာဇ် ၊ ဗိုလ်မင်းဗြတ်ဇ္ဇ ၊ အမတ်ဒိန် ၊ လဂွန်းအိန် ၊ သမိန်ဗရမ်း ၊ သမိန်အဝနံနိုင် နှင့် အခြားသူရဲကောင်းများစွာပေါ်ထွက်ခဲ့ပါတယ်။ မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင်ဒေါသ အလျှောက်လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်ပြီး အင်း၀ နှင့် ဟံသာဝတီတို့ စစ်အကြီးအကျယ်တိုက်ခိုက်ကြခြင်း မရှိတော့ပေ။

ရာဇာဓိရာဇ် နှင့် ဘုရင်မင်းခေါင်တို့ အသီးသီးနတ်ရွာစံကြပြီးနောက် ဟံသာဝတီထီးနန်းဆက်ခံရေး ရှုပ်ထွေးနေချိန်တွင် သီဟသူက ဟံသာဝတီသို့ စစ်ချီလာခဲ့သေးသော်လည်း ဟံသာဝတီမင်းဗညားရမ်းက ရှင်စောပုကို သီဟသူထံ ဆက်သလိုက်ပြီးနောက် မြန်မာတပ်တို့ပြန်ဆုတ်သွားကာ အနှစ် ၄၀ စစ်ကြီးလည်း ပြီးဆုံးသွားခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးသွားခဲ့သော်လည်း ထို အနှစ် ၄၀ စစ်ကြီး၏ စစ်ပန်းမှုကြောင့် အင်း၀ နှင့် ဟံသာဝတီ တို့သည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုများ တိုးတက်သင့်သလောက်မတိုးတက်ပဲ ဖြစ်ခဲ့ရပါတယ်။ စစ်ကြီး၏ အကျိုးဆက်ကြောင့် နှစ်နိုင်ငံလုံး စစ်ပန်းပြီး သြဇာမှေးမှိန်ချိန်တွင် သုရှင်တရာရွတ်ပိ၏ ဟံသာဝတီကို တောင်ငူဘုရင် တပင်ရွှေထီး၏ သိမ်းယူခြင်းခံခဲ့ရသလို အင်းဝသည်လည်း အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ထိုးစစ်ကိုမခံနိုင်တော့ပဲ မိုးညှင်းစလုံ ၏ သိမ်းယူခြင်းကို ခံခဲ့ရပါတော့တယ်။