အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုအကြောင်း

Posted on

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ Elisa Lam ဆိုတဲ့ကောင်မလေးရဲ့ အသက်မရှိတော့တဲ့ အဝတ်မဲ့ခန္ဓာကိုယ်ကို ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် ရေစည်ထဲက ရှာတွေ့ခဲ့ပါတယ်။ Elisa Lam ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာနေထိုင်ပြီး British Columbia တက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်ပြီး မသေဆုံးခင်က လော့အင်ဂျလိမြို့လယ်က Cecil ဟိုတယ်မှာ တည်းခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ဇန်နဝါရီလကုန်လောက်တည်းက ပျောက်ဆုံးသွားခဲ့တာပါ။ ဘာကြောင့်ပျောက်ဆုံးသွားတယ်ဆိုတာကို အားလုံးမသိခဲ့ကြပါဘူး။ သူမရဲ့ မိဘတွေဟာ ရဲတွေကို အကူအညီတောင်းကာ ရှာခိုင်းခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။

 

နောက်ပိုင်းမှာ ဟိုတယ်မှာနေတဲ့သူတချို့က ရေအနံ့ နဲ့ အရသာတစ်မျိုးဖြစ်နေတယ်လို့ ကွန်ပလိန်းတက်ကြတဲ့အတွက် ဟိုတယ်ဝန်ထမ်းတွေ ဟာ ရေစည်ကို စစ်ဆေးကြည့်တဲ့အခါမှာမှ သူမရဲ့အလောင်းကို ရေစည်ထဲက တွေ့တာပဲဖြစ်ပါတယ်။ ထူးထူးခြားခြားလက္ခဏာတွေ ၊ ဆေးဝါး အရက်သုံးစွဲမှု လုံး၀ မရှိလို့ ရဲဌာနက စစ်ဆေးအပြီးမှာတော့ Elisa Lam သေဆုံးမှုကို ရေစည်ထဲပြုတ်ကျကာ ရေနစ်သေဆုံးမှုလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။

သာမန်ကြည့်လိုက်ရင် ဘာမှမထူးဆန်းဘူးလို့ ဆိုရပေမယ့် သူမ မသေဆုံးမီ ဓာတ်လှေကားမှာရှိခဲ့တုန်းကရိုက်ခဲ့တဲ့ CCTV ဗီဒီယိုဖိုင်ထွက်လာတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်လို့အားလုံး သိလိုက်ကြပါတယ်။ ဗီဒီယိုထဲမှာ သူမဟာ ဓာတ်လှေကားထဲကို ပုံမှန်အတိုင်းပဲ ဝင်လိုက်ပြီး ခလုပ်နှိပ်လိုက်ပါတယ်။(သူမရောက်နေတဲ့ အထပ်ဟာ အပေါ်ဆုံးထပ် ဖြစ်မယ်ထင်ပါတယ်)။ ဒါပေမယ့် ဓာတ်လှေကားက ပိတ်မသွားပါဘူး။ တစ်စုံတစ်ယောက် ရှိတယ်လို့ ထင်တာကြောင့် သူမချောင်းကြည့်ပါတယ်။

ဘယ်သူမှ ဝင်လာတာ မတွေ့တဲ့အခါ သူမဟာကြောက်လန့်ပြီး နံရံမှာ ကပ်ပုန်းနေတာကို တွေ့ရပါတယ်။ ဓာတ်လှေကားက မပိတ်ပါဘူး ဒီအတိုင်းအလုပ်မလုပ်ပဲ နေတုန်းပါ။ သူမ အပြင်ကို ထွက်ကြည့်ပြီး CCTV မြင်ကွင်းထဲက ပျောက်သွားပါတယ်။ ဒါပေမယ့် ပြန်ပေါ်လာတဲ့အခါမှာတော့ သူမရဲ့ အမူအရာဟာ ထူးခြားနေပါပြီ။ ပုံမှန်လူတစ်ယောက်မဟုတ်တော့သလို ခြေတွေလက်တွေဟာကောက်ကွေးနေပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေဟန် အမူအရာတွေပြောင်းလဲကုန်ပါတယ်။ အဲဒီနောက်တော့ သူမ CCTV ကင်မရာကနေ လုံးဝပျောက်သွားပါတယ်။ ထူးခြားတာကတော့ သူမပျောက်သွားတဲ့အချိန်မှာမှ ဓာတ်လှေကားဟာ ပုံမှန်အလုပ်လုပ်တာပဲဖြစ်ပါတယ်။

ကြည့်ရှုသူ သန်းပေါင်းများစွာကတော့ သူမရဲ့ သေဆုံးမှု အပေါ်အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်။ ရဲဌာနဟာ ဒီအမှုကို လပေါင်းများစွာ စစ်ဆေးခဲ့ပါတယ်။ သူမဟာသေဆုံးစဉ်က အရက်ဆေးဝါးသုံးစွဲထားခြင်း မရှိသလို ၊ စိတ်ပိုင်းဆိုင်ရာ ပြစ်ချက်တွေလဲ မရှိ ၊ တစ်စုံတစ်ယောက်အကြမ်းဖက်ထားမှုလည်းမရှိတာကြောင့် ပြုတ်ကျပြီးရေနစ်သေဆုံးတယ်လို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။ Elisa Lam ဟာ သူမမသေဆုံးခင်က မိန်းမတစ်ယောက်သူမနောက်ကို လိုက်နေသလိုခံစားရကြောင်း ၊ စကားပြောသံရယ်သံတွေကိုလည်း သူမနားထဲမှာ မကြာခဏကြားနေရကြောင်း သူငယ်ချင်းများထံ မတ်ဆေ့များပို့ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထူးခြားချက်တစ်ခုကတော့ အပေါ်ဆုံးထပ်ရဲ့ ရေစည်တံခါး နေရာကို သာမန်လူတွေသွားခွင့်မရှိပါဘူး။ သော့ခတ်ထားပြီး လျို့ဝှက်ကုဒ်များခံထားတဲ့အတွက် ဝန်ထမ်းတစ်ချို့ပဲသွားလို့ရတာပါ။ သူမဟာ အပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။ အပေါ်ဆုံးထပ်ကို တစ်စုံတစ်ယောက်တက်တာနဲ့ သိစေမယ့် Alarm တွေကိုတပ်ထားပါတယ်။ ဒါပေမယ့် သူမတက်စဉ်မှာ Alarm သံကိုမကြားရတာဘာကြောင့်ပါလဲ။

ရေစည်ရဲ့အမြင့်ဟာ ၁၀ပေမြင့်ပါတယ်။ လှေကားကိုလည်း ဝန်ထမ်းက ဖွက်ထားတာကြောင့် လှေကားမရှိပါဘူး။ ၁၀ ပေ အမြင့်ရှိတဲ့ ရေစည်ပေါ်ကို ဘယ်လိုတက်ခဲ့ပါသလဲ။ သာမန်လူတစ်ယောက်ဖွင့်ဖို့ မလွယ်တဲ့ ရေစည်အဖုံးကို ဘယ်လိုဖွင့်ခဲ့ပါသလဲ။ ရေထဲကိုကျတဲ့အခါ သူမရဲ့အလေးချိန်ကြောင့် ရေစည်က အချက်ပေး Alarm က မြည်ရမှာဖြစ်ပေမယ့် ဘာကြောင့်မမြည်ရပါသလဲ။ စတဲ့စတဲ့ အဖြေရှာမရတဲ့ မေးခွန်းတွေနဲ့ပြည့်နေပါတော့တယ်။

သူမရဲ့ သေဆုံးမှုဟာ သူမမသေခင်က ထွက်ရှိထားတဲ့ ဓာတ်လှေကားထဲက သရဲက မိန်းကလေးတစ်ယောက်ကိုရေနှစ်သတ်တဲ့ သရဲကားတစ်ခုနဲ့ ချွတ်စွတ်တူနေတာကလည်း အံသြစရာပါ။ သူမသေဆုံးခဲ့ရာ Cecil ဟိုတယ်ကလည်း ထူးထူးဆန်းဆန်းသေဆုံးမှု တချို့ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဟိုတယ်ပဲဖြစ်ပါတယ်။ ထူးဆန်းတာကတော့ ပထမသေဆုံးခဲ့တဲ့ အထဲကတစ်ယောက်ရဲ့ နာမည်ဟာ LAM-ELISA ဖြစ်ပါသတဲ့။

သူမရဲ့သေဆုံးမှုအပေါ် တစ်စုံတစ်ယောက်က သတ်ဖြတ်တာ ၊ စိတ်မူမမှန်တာ ၊ elevator game ကစားတာကြောင့်ဖြစ်တာ စတဲ့ ခန့်မှန်းမှုမျိုးစုံဖြစ်ခဲ့ပေမယ့် ရဲဌာနကတော့ မတော်တဆရေနစ်သေဆုံးမှုလို့သာ သတ်မှတ်ခဲ့ပြီး အဖြေရှာမရတဲ့ ကမ္ဘာကျော်သေဆုံးမှု တစ်ခုဖြစ်ခဲ့ပါတော့တယ်။ စိတ်ဝင်စားလို့ စီစီတီတီ ဗီဒီယိုကို ကြည့်ချင်တဲ့ မိတ်ဆွေများ ယူကျူ့မှာ LAM ELISA cctv ဆိုပြီး ရိုက်ရှာရင်တွေ့ပါလိမ့်မယ်။