အလောင်းမင်းတရား၏ နောက်ဆုံးနေ့များ

Posted on

မင်းတရားတပ်များသည် ပုလောနှင့်မာရိတ်မြို့များကို အလွယ်တကူပင်သိမ်းပိုက်နိုင်သည်။ မာရိတ်မြို့ကို မြိတ်မြို့ဟုအမည် ပြောင်းလဲ ခေါ်ဝေါ်စေသည်။ အရှေ့တောင်ဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ နှစ်ရက်ကြာလျှင် တနင်္လာရီမြို့သို့ရောက်သည်။ မင်းတရားတပ်များသည် အရပ်အဆိုင်း မရှိဘဲ ဆက်လက်ချီတက်ခဲ့ကြရာ ၁၀ ရက်အကြာတွင် ဗြက်ဘီးမြို့သို့ ရောက်ရှိသိမ်းယူကြသည်။ ဗြက်ဘီးမြို့မှဆက်လက်ချီတက်ပြန်ရာ သုံးရက်အကြာတွင် ဘန်လွင်ရွာသို့ရောက်ခဲ့သည်။ ယင်းရွာတွင် ရန်သူအလုံးအရင်းဖြင့် တွေ့ဆုံခဲ့သည်။ သို့သော်မင်းတရားကိုယ်တိုင် ဦးစီး၍ တိုက်ခိုက်ရာ အောင်မြင်သည်။

ဘန်လွန်မှ တစ်ဖက် ဆက်လက် ချီတက်ခဲ့ရာ သုံးရက်အကြာတွင် သဖန်းပုန်းမြို့ကို ရောက်ရှိ သိမ်းပိုက်တော်မူသည်။ သဖန်းပုန်းမှ ဆက်လက် ချီတက်၍တာလန်ချောင်းသို့ရောက်လျှင် အင်အားအလွန်ကောင်းသော ရန်သူတို့က ကြံ့ကြံ့ခံခဲ့ကြသည်။ သို့သော် အင်အားကြီးမားသော ယင်းရန်သူများကိုလည်း အလောင်းမင်းတရားက ထိုးဖောက်တိုက်ခိုက်နိုင်ပြန်သည်။ ယခုအခါတွင် မင်းတရားတပ်များသည် မြို့တော် အယုဒ္ဓယမြို့သို့ အရောက်ချီတော်မူလာကြသည်။

မြို့တော်မြောက်ဖက်သို့ရောက်လျှင် တပ်ကြီးတည်ပြီးလျှင် ထောက်မှီလှမ်းမှီများ တည်စေ၍ မြို့တော်ကို ဝိုင်းရံ ထားသည်။ မြို့တွင်းရှိ လူများက မင်းတရားတပ်များအား ထွက်၍ မတိုက်ကြ။ မြို့တွင်းတွင် အခိုင်အမာ တပ်စွဲနေကြသည်။ ထိုအတွင်း မင်းတရားတပ်များ၏အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့သည်။ ဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲနှင့် ဝေးကွာသောခရီးကို ချီတက်ခဲ့ရသည့်သူများဖြစ်သောကြောင့် တပ်သားအချို့ ကျန်းမာရေး ထိခိုက်ကြသည်။ ၁၁ ရက် သြင်္ကန်အကျနေ့သို့ ရောက်လာသည်။

အလောင်းမင်းတရားမှာ အလွန် စိတ်ဓာတ်ပြင်းထန်သူဖြစ်ရာ ယခု တစ်ကြိမ် စစ်ချီရာတွင် အလျင်စလိုပင် ချီတက်ခဲ့သည်။ လိုအပ်သော ဆင်မြင်း၊ လက်နက်၊ လူသူအင်အားတို့ကိုပြည့်စုံစွာ မစီမံတော်မူခဲ့ချေ။ ထို့ကြောင့် ယခုကဲ့သို့ ခံစစ်ကို လုံအောင်တည်ပြီး ခုခံသောအခါ မင်းတရားအနေဖြင့် ယခင်တိုက်ပွဲများကဲ့သို့ဖိဖိစီးစီး တိုက်ခိုက်နိုင်လောက်အောင် အင်အား မလုံမလောက် ဖြစ်ရသည်။ ထို့ကြောင့် ထိုးစစ်မဆင်သာဘဲ စစ်ဦးမှာ တန့်နေခဲ့ရသည်။

တစ်ဖန်အရေးကြီးသော အခြားအကြောင်းအချက်တစ်ရပ်လည်း ရှိသေးသည်။ ယင်းအကြောင်းအချက်ကား အလောင်းမင်းတရားကိုယ်တော် ကိုယ်လက် မကြည်သာ မကျန်းမာတော်မူလာခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရာသီဥတုကလည်း ဆိုးရွားမည့်ပုံ ပေါ်လာသည်။ မိုးဥတုဆိုက်ရောက်ပေတော့မည်၊ မိုးဥတုရောက်လျှင် လေမိုးပြင်းထန်စွာ ကျရောက်ပေတော့မည်။ ချောင်းရေများ၊ မြစ်ရေများလျှံတော့မည်။ မြို့တော်တစ်ဝိုက်တွင် ရေလျှံမည်။ ရေများဖွေးတော့မည်။ လူများ၊ တိရစ္ဆာန်များ နေထိုင်စရာ ကုန်းမြေတို့ ရှားပါးပေတော့မည်။ စားနပ်ရိက္ခာများလည်း ပါးရှား၊ ခက်ခဲတော့မည်။

အခြေအနေတိုင်းကို မပြတ်လေ့လာ စောင့်ကြည့်နေစမြဲ ဖြစ်သည့် အလောင်းမင်းတရားက ယင်းအခြေအနေဆိုးကို တင်ကြိုမြင်သိသည်။ ထို့ကြောင့်၁၁၂၂ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်နေ့၌ သားတော် ဗိုလ်မှူး၊ တပ်မှူးတို့ကို ခေါ်ယူတော်မူ၍ လုပ်ရေးကြံရေးများကို ဆွေးနွေးတိုင်ပင်တော်မူသည်။ ထိုအခါ မင်းခေါင်နော်ရထာက စစ်တို့၏သဘောမှာ ရုတ်တရက်၊ ရှောင်တခင် တွေ့ဆုံတိုက်ခိုက်ရသော် အရေးပြီးလွယ်ပါသည်။ သို့သော် ဝိုင်းရံ၍ စစ်ညောင်းလျှင် တပ်အိုမင်းပြီး ခြင်ယင်လည်းထူသဖြင့် အနာရောဂါ ရောက်တတ်ပါသည်။ ယခုတစ်ကြိမ် နေပြည်တော်သို့ ပြန်တော်မူပြီး နောက်တစ်ကြိမ် ရန်သူတို့၏မြို့တော်ကို လုပ်ကြံသင့်ပါသည်။ နောက်တစ်ကြိမ် လုပ်ကြံလျှင် အလွယ်တကူပင်အောင်မြင်နိုင်ပါမည်ဟု တင်လျှောက်သည်။

စွမ်းရည်သတ္တိနှင့် ပြည့်စုံလှသော ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာ၏လျှောက်ထားချက်ကို ကြားသိရလျှင် အလောင်းမင်းတရားက အမိန့်တော် ချမှတ်သည်။ သို့ဖြစ်လျှင် နက်ဖြန်ပင် တပ်ဆုတ်တော်မူမည်၊ ငါ့သားတော်မြေးဒူးမင်း သားက ငါ့နောက်မှထက်ကြပ်မကွာ လိုက်စေ၊ မင်းခေါင်နော်ရထာက မြင်းငါးရာ၊သေနတ်စွဲ ခြောက်ထောင်ဖြင့်လည်းကောင်း၊ မင်းလှနော်ရထာက မြင်းနှစ်ရာ၊ သေနတ်စွဲ သုံးထောင်ဖြင့်လည်းကောင်း ထောက်မှီကမ်းမှီ နောက်မှလိုက်ခဲ့ရမည်။ ယင်းသို့ မိန့်တော်မူ၍ ကဆုန်လဆန်း ၃ ရက်နေ့တွင် အလောင်းမင်း တရား၏တပ်များ ပြန်လည်ဆုတ်ခွာကြသည်။ မင်းလှနော်ရထာမှာ တပ်မတော်နှင့် ကမ်းမီလမ်းမီမှ လိုက်ပါလာခဲ့သည်။

မင်းခေါင်နော်ရထာမှာ မြို့တော်အပြင်တွင် ကျန်ရစ်သည်။ သူ့တပ်များက မြို့တွင်းမှထွက်လာမည့်တပ်များကို ဟန့်ထားရန် တာဝန်ယူရသည်။ မင်းတရားနှင့်တကွ တပ်များ မြို့တော်ကို ဝိုင်းထားရမှ ပြန်လည်ဆုတ်ခွာသွားကြာင်း သိလျှင်မြို့တွင်းမှ အလုံးအရင်းဖြင့် ထွက်လာပြီး လိုက်လံတိုက်ခိုက်ကောင်း တိုက်ခိုက်ကြပေလိမ့်မည်။ မင်းတရားကို အန္တရယ်ပြုနိုင်ကောင်း ပြုနိုင်မည်။ ယင်းအန္တရယ်ကို မင်းခေါင်နော်ရထာ၏တပ်များက ကာကွယ်ကြရမည် ဖြစ်သည်။ မင်းခေါင်နော်ရထာတို့ ခန့်မှန်းခဲ့သည့်အတိုင်းပင် တပ်များ ဆုတ်ခွာသွားကြောင်း သိသောအခါ မြို့တွင်းမှထွက်၍ မင်းခေါင်နော်ရထာတို့တပ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က မင်းခေါင်နော်ရထာ၏တပ်ကို လေးဘက်လေးတန်မှ ဝိုင်းကြသည်။

မင်းခေါင်နော်ရထာက ဝိုင်းထားသောတပ်များကို မျက်နှာလေးမျက်နှာမှ ထိုးဖောက်၍ ထွက်နိုင်ခဲ့သည်။ ထိုအတွင်း မင်းလှနော်ရထာကလည်း သေနတ်သံများကြား၍ မင်းခေါင်နော်ရထာအား ကူညီရန် ပြန်လည်ရောက်လာခဲ့သည်။ သို့သော် မင်းခေါင်နော်ရထာက တာရှည်စွာ အချိန်ဆွဲမထားဘဲ မင်းလှနော်ရထာ တပ်ကို မင်းတရားနောက်သို့ အမြန်လိုက်စေသည်။ ရှင်းလင်းတိုက်ခိုက်ရန် ရှိသည်များကို လေးရက်ခန့် ရှင်းလင်းတိုက်ခိုက်အောင်မြင်ပြီးသည့်နောက် မင်းခေါင်နော်ရထာလည်း မင်းတရားနောက်သို့လိုက်ပါသွားသည်။

ယင်းသို့ ဆုတ်ခွာစဉ်ကာလအတွင်း မင်းတရား၏ကျန်းမာရေးအခြေအနေမှာ များစွာဆိုးရွားလာခဲ့သည်။ ဝေါတော်ပေါ်၌ လိုက်ပါရင်း သမားတော်များ၏ဆေးဝါးကုသမှုများကို အမျိုးမျိုးခံယူတော်မူရင်း တစ်နေ့ထက်တစ်နေ့ ရောဂါ အခြေအနေက သက်သာခြင်း မရှိခဲ့ချေ။ မင်းတရားသည် ၂၄ စခန်းနှင့်မုတ္တမသို့ ရောက်လာသည်။ ထိုမှတစ်ဆင့် မုတ္တမကျေး၊ ကင်းရွာသို့ ၁၁၂၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်နေ့တွင်ရောက်ရှိတော်မူသည်။ နောက်တစ်နေ့ ကဆုန်လပြည့်ကျော် ၁၂ ရက် မိုးလင်းစအချိန်တွင် မင်းတရား နတ်ရွာစံတော်မူသည်။ မင်းတရား နတ်ရွာစံတော်မူကြောင်း အတွင်းလူများမှအပ မည်သူ့ကိုမျှ အသိမပေးခဲ့ချေ။ ကိုယ်တော်အား မပုပ်မသိုးအောင် ပြင်ဆင်ပြီး ဆောင်ယူတော် မူမြဲ ဝေါတော်နှင့် ဆက်လက်ဆောင်ယူတော်မူသည်။

သို့သော် မုတ္တမမှ ပဲခူးရောက်၊ ပဲခူးမှ ရန်ကုန်သို့ရောက်ပြီး ဖောင်တော်ပေါ်သို့ အလောင်းတော်ကို တင်ဆောက်သောအခါတွင် အားလုံး သိကုန်ကြတော့သည်။ ဆူပွက်အောင် ပူဆွေး၊ ငိုေြွကးကြတော့သည်။ အလောင်းတော်ကို ဖောင်တော်ဖြင့် ဆက်လက် ပင့်ဆောင်ခဲ့ရာ ကျောက်မြောင်းဆိပ်သို့ ရောက်သည်။ ယင်းမှတစ်ဆင့် နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ကြရာ နေပြည်တော်ရောက်လျှင် မြို့မြောက်ဘက်လှိုင်သာတံခါးမှ သွင်းယူတော်မူသည်။ ထို့နောက် စကြာဝတေး မန္တတ်မင်းတို့ကို သြင်္ဂိဟ်သကဲ့သို့ ကြီးကျယ်ခမ်းနားစွာဖြင့် လွှတ်တော် အရှေ့မြောက်၊ မြောက်နန်းမြို့တော်အတွင်းတွင်သြင်္ဂိုဟ်တော်မူလေသည်။ အလောင်းမင်းတရားသည် သာမန်အရပ်သားအဖြစ် အသက်၃၇ နှစ် နှင့်ခုနစ်လနေ၍ ထီးနန်းစည်းစိမ် ရှစ်နှစ်နှင့်တစ်လ စံစားပြီး သက်တော် ၄၅ နှစ်ရှစ်လ (၄၆)နှစ်တွင် နတ်ရွာစံတော်မူခြင်း ဖြစ်သည်။

Ref:
တင်ထွေး – အလောင်းမင်းရားကြီး ဦးအောင်ဇေယျ