ဒီမြွေတွေကိုတော့ Hairy bush (သို့) spiny bush လို့ခေါ်ပါတယ်။ မြွေပွေးအမျိုးအစားဖြစ်ပြီး သူတို့ရဲ့မျိုးစိတ်သိပ္ပံအမည်ကတော့ Atheris hispida ဆိုပြီးဖြစ်ပါတယ်။ အာဖရိကအလယ်ပိုင်း ကွန်ဂို ၊ ယူဂန်ဒါ ၊ ကင်ညာ ဒေသတွေက မိုးသစ်တောနှင့် ချုံပုတ်များထဲတွင် အနေများပါတယ်။ ဒီမြွေတွေရဲ့ ထူးခြားချက်ကတော့ အခြားမြွေတွေနဲ့ မတူတဲ့ အရေခွံပါရှိလို့ပါ။ ဒီမြွေတွေရဲ့ကျောကုန်း အကြေးခွံတွေဟာ ဆူးတောင်တွေစိုက်ထားသကဲ့သို့ ထောင်လျက်ရှိနေပါတယ်။
ဒီမြွေတွေကို အရောင် ၊ အရွယ်အစား နဲ့ နေထိုင်မှုပုံစံကိုလိုက်ပြီး အမျိုးအစား ၃မျိုးခွဲထားပါတယ်။ ဒီမြွေတွေဟာ လူတွေနဲ့ အလွန်ဝေးတဲ့ဒေသတွေမှာပဲ နေထိုင်ကျက်စားလေ့ရှိတဲ့အတွက် ရှားပါးပြီးတွေ့ရဖို့ခက်ပါတယ်။ ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်တဲ့မြွေမျိုးဖြစ်ပြီး ၁၈လက်မ မှ ၂၃လက်မဝန်းကျင်အထိ အရှည်ရှိတတ်ပါတယ်။ အမတွေဟာ အထီးတွေထက် အရွယ်အစားပိုကြီးပါတယ်။
အစိမ်းရောင် ၊ သံလွင်စိမ်း ၊ အညို ၊ အဝါ၊ အနီ စသည်ဖြင့် ရောင်စုံတွေ့ရတတ်ပါတယ်။ ဒီမြွေတွေရဲ့ရင်ဘတ်အရောင်ကတော့ အဝါ (သို့) သံလွင်ဖျော့ရောင်ရှိပြီး အမြီးကတော့ အဖြူရောင်ဖြစ်ပါတယ်။ အရှားပါးဆုံးအရောင်ကတော့ အဝါ ၊ အနီ နဲ့ မီးခိုးရောင်တွေဖြစ်ပါတယ်။ အပင်တက်အလွန်ကျွမ်းကျင်တဲ့ မြွေအမျိုးအစားဖြစ်ပါတယ်။ မည်သည့်အပင်ကိုမဆို လျှင်မြန်စွာတက်နိုင်ပြီး ခြုံထူတဲ့အပင်မျိုးကိုရွေးတက်တတ်ကာ အပင်အမြင့်ပိုင်းမှာ ပုန်းအောင်းနေလေ့ရှိပါတယ်။
ဦးခေါင်းကြီး ၊ မျက်လုံးကြီး ၊ ပါးစပ်ပေါက်လည်းကြီးတဲ့မြွေတွေပါ။ သူတို့ရဲ့အစာများကတော့ ငှက်များ ၊ ပုတ်သင်ညိုများ ၊ ဖားများဖြစ်ပါတယ်။ သားကောင်တွေကို ဖမ်းတဲ့နေရာမှာ သူတို့ရဲ့အမြီးကို သစ်ကိုင်းတွင်ချိတ်ကာ ပြင်းထန်တဲ့ အဆိပ်နဲ့ တိုက်ခိုက်ပြီး ဖမ်းလေ့ရှိပါတယ်။ ဒီမြွေတွေရဲ့ အဆိပ်ဟာ အကောင်ရဲ့သက်တမ်းပေါ်မူတည်ပြီး ပြင်းထန်လေ့ရှိပါတယ်။
ဒီမြွေသာလူကို ပေါက်မိမယ်ဆိုရင်တော့ အသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။ ဒီမြွေအတွက် အဆိပ်ဖြေဆေးမရှိလို့ပါ။ ကံကောင်းတာက ဒီမြွေတွေကို အာဖရိကအလယ်ပိုင်းဒေသ တောနက်တွေကလွဲပြီး တခြားဘယ်နေရာမှာမှ မတွေ့ရတာပါပဲ။
သူတို့ရဲ့ မိတ်လိုက်ရာသီကတော့ အများအားဖြင့် အောက်တိုဘာလဖြစ်ပါတယ်။ မြွေမတွေဟာ တခါအကောင်ပေါက်လျှင် ၉ကောင်မှ ၁၂ ကောင်ထိပေါက်နိုင်ပြီး မတ်လနှင့် ဧပြီလတို့တွင်သာ အများအားဖြင့် သားပေါက်လေ့ရှိပါတယ်။ မြွေပေါက်ကလေးတွေဟာ ၃လ (သို့) ၄လ တွင် အရောင်အသွေးစုံလင်တဲ့မြွေတွေဖြစ်လာကာ အသက် ၂နှစ်ကနေ ၃နှစ်အရောက်မှာတော့ အရွယ်ရောက်မြွေဖြစ်လာပါတယ်။ ဒီမြွေတွေရဲ့သက်တမ်းကတော့ ၁၀နှစ်ကနေ ၁၂နှစ် အထိ ဖြစ်ပါတယ်။
VIDEO