ရေးသားသူ – ကိုဇင်မင်းထက်
အမေရိကန် ရေတပ်ဆိုတာနဲ့ အားလုံးပြေးမြင်ကြမှာတော့ သူ့ရဲ့ လေယာဉ်တင်သင်္ဘောကြီးတွေပဲ ဖြစ်ပါတယ်။ ကရူဇာတွေ၊ ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်တွေ ဝန်းရံထားတဲ့ လေယာဉ်တင်စစ်ရေယာဉ်စု Carrier Strike Group တွေဟာ အမေရိကန်ရေတပ်ရဲ့ အဓိက အင်အားစုတွေ ဆိုလည်း မမှားပါဘူး။ အရေးအခင်းတစ်ခု ကြုံတိုင်း အမေရိကန်သမ္မတတွေ မေးနေကြ မေးခွန်းဟာလည်း အနီးဆုံး လေယာဉ်တင်သင်္ဘော ဘယ်နားမှာလည်း ဆိုတာပဲ ဖြစ်မယ် ထင်တာပါပဲ။
၁၉၂၂ ကစပြီး အမေရိကန် ရေတပ်မှာ အသုံးပြုပြီးတော့ အနားပေး၊ ဆုံးရှုံး၊ လွှဲပြောင်းခဲ့တဲ့ လေယာဉ်တင်သင်္ဘောဟာ ၁၉၀ စီး ရှိပြီးတော့၊ လက်ရှိမှာ လေယာဉ်တင်သင်္ဘော ၁၀ စီး အသုံးပြုလျက် ရှိပါတယ်။ နောက်ထပ်လည်း Gerald Ford class ၂ စီး တည်ဆောက်လျက်ရှိပါတယ်။
အမေရိကန်ရေတပ်မှာ လေယာဉ်တင်သင်္ဘောတွေကို Hull classification symbol အနေနဲ့ CV လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ ရေယာဉ်စုရဲ့ ကင်းထောက်တာဝန် ထမ်းဆောင်ဖို့ လေယာဉ်တင်ကရူဇာ အနေနေနဲ့ စတင်ခဲ့တဲ့ သူတို့ရဲ့ သမိုင်းကြောင်းလည်း ဖြစ်ပါတယ်။ Curiser Varol ရဲ့ အတိုကောက်ပါ။ Cruiser ကတော့ CA, CL, CG စတဲ့ ကရူဇာစစ်ရေယာဉ်တွေကို သတ်မှတ်ချက်ဖြစ်ပြီးတော့ Varol ကတော့ လေယာဉ်တွေကို ခေါ်တာ ဖြစ်ပါတယ်။
၁။ USS Langley သို့မဟုတ် အစ (Langley, the Beginning)
ကျောက်မီးသွေးတင်သင်္ဘော Jupiter ကို ပြောင်းလဲ တည်ဆောက်ထားတဲ့ တန်ချိန် ၁၃၉၀၀ ပဲ ရှိပြီးတော့၊ တစ်နာကီကို ရေမိုင် ၁၅ မိုင်ပဲ သွားတဲ့ ဒီလေယာဉ်တင်သင်္ဘောဟာ အမေရိကန် လေယာဉ်တင်သင်္ဘောတွေ အားလုံးရဲ့ အစ ဖြစ်ပါတယ်။
၁၉၂၂ ခု မတ်လ ၂၀ မှာ တပ်တော်ဝင်ပြီးတော့ ၁၉၃၆ ခုမှာတော့ တိုးတက်လာတဲ့ လေယာဉ်တွေကို မသယ်ဆောင်နိုင်တော့တဲ့အတွက် ရေယာဉ်ပြုပြင်ထိန်းသိမ်းရေးသင်္ဘော Seaplane tender အနေနဲ့ ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဂျပန် G4M Betty လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုပ်ခဲ့ရပါတယ်။

လေယာဉ်တင်သင်္ဘောအနေနဲ့ တစ်ခါမှ တိုက်ပွဲမဝင်ခဲ့ရပေမယ့် သူဟာ အမေရိကန်ရေတပ်ရဲ့ သမိုင်းမှာ အရေးပါလှပါတယ်။ လေ့ကျင့်ခန်းအမျိုးမျိုးနဲ့ နောင်လာမယ့် လေယာဉ်တင်သင်္ဘောတွေရဲ့ တည်ဆောက်ပုံကနေ နည်းဗျူဟာတွေအထိ စမ်းသပ်ရှာဖွေခဲ့ပါတယ်။ သရုပ်ပြပွဲတွေနဲ့ ရေတပ်လေကြောင်းတပ်ဖွဲ့ကို တပ်မတော်နဲ့ ပြည်သူတွေ ယုံကြည်လက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးမှာ အမေရိကန်အတွက် စစ်နိုင်အောင်တိုက်ပေးမယ့် ရေတပ်လေကြောင်း ခေါင်းဆောင်တွေဟာလည်း Langely ရဲ့ လေယာဉ်မှူးတွေအနေနဲ့ အစပြုခဲ့ပါတယိ။
၂။ Lexingtons သို့မဟုတ် လေယာဉ်တင်ကရူဇာ (The Lexingtons, Heavy aircraft carrying cruisers)
၁၉၂၇ မှာ တပ်တော်ဝင်ခဲ့တဲ့ Lexington နဲ့ Saratoga တို့ကတော့ တည်ဆောက်ဆဲ ကရူဇာတိုက်ရေယာဉ်တွေကို လေယာဉ်တင်သင်္ဘောအနေနဲ့ ပြောင်းလဲတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲ့အချိန်မှာ အမေရိကန်ရေတပ် အသိုင်းအဝိုင်းအနေနဲ့ လေယာဉ်တွေကို အဓိကလက်နက် အနေနဲ့ သုံးလို့ရတယ် ဆိုတာကို မယုံကြည်သေးပါဘူး။

ဒါကြောင့် ဒီသင်္ဘော ၂ စီးကို လေယာဉ်တင်သင်္ဘော တစ်ပိုင်း ကရူဇာ တစ်ပိုင်းအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ အကြိးစား ကရူဇာတွေနဲ့ တန်းတူ ၈ လက်မ အမြှောက် ၈ လက်ကို Island ရဲ့ ရှေ့နဲ့ နောက်မှာ တပ်ဆင်ထားပြီးတော့ ၇ လက်မ အထူရှိတဲ့ သံချပ်ကာထားတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ၈ လက်မ အမြှောက်တွေရဲ့ မီးပွင့်ကြောင့် လေယာဉ်ပြေးလမ်း ထိခိုက်နိုင်သလို၊ လေယာဉ်တွေ တင်ဆောင်ထားတာကြောင့် ကရူဇာတစ်စီးလို အကာအကွယ် မကောင်းလှပြန်ပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ အမေရိကန်တွေဟာ ဒီအယူအဆကို စွန့်လွှတ်ခဲ့ပါတယ်။
တန်ချိန် ၄၃၀၀၀ ကျော် ရှိတဲ့ ဒီသင်္ဘောကြီးတွေဟာ ဒုတိယကမ္ဘာစစ် ပြီးကာနီးချိန်မှာ တည်ဆောက်တဲ့ Midway အတန်းအစား မတိုင်မီအထိ အမေရိကန်ရေတပ်မှာ အကြီးဆုံး လေယာဉ်တင်သင်္ဘောတွေလည်း ဖြစ်ပါတယ်။

Lexington ဟာ ဒုတိယကမ္ဘာစစ်အတွင်း Coral Sea တိုက်ပွဲမှာ ဂျပန်လေယာဉ်တင်သင်္ဘောတွေက လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုတ်ခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ စစ်သမိုင်းမှာ လေယာဉ်တင်သင်္ဘောချင်း ပထမဆုံး တိုက်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ Saratoga ကတော့ စစ်ပြီးကာလ Crossroads နူကလီးယားလက်နက် စမ်းသပ်မှုမှာ ပစ်မှတ်အနေနဲ့ နှစ်မြုတ်ခြင်း ခံခဲ့ရပါတယ်။
၃။ USS Ranger သို့မဟုတ် မထမဆုံး လေယာဉ်တင်သင်္ဘောစစ်စစ် (Ranger, the first true carrier)
၁၉၃၄ မှာ တပ်တော်ဝင်ခဲ့တဲ့ ဒီသင်္ဘောကတော့ ဒီဇိုင်းဆွဲကတည်းက လေယာဉ်တင်သင်္ဘောအနေနဲ့ စတင်တဲ့ သင်္ဘောပဲ ဖြစ်ပါတယ်။ လေယာဉ်အများဆုံး တင်ဆောင်နိုင်ဖို့သာ ဦးစားပေး တည်ဆောက်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ တန်ချိန် ၁၇၀၀၀ ကျော်သာ ရှိပေမယ့် Lexington တွေတန်းတူ လေယာဉ် ၇၂ စီး တင်ဆောင်နိုင်ပါတယ်။

ဒီအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေကတော့ သံချပ်ကာ အကာအကွယ်သာမက ရေလုံခန်း တည်ဆောက်မှုမှာပါ ဝိတ်လျော့ထားခြင်း၊ အမြန်နှုန်း နည်းတဲ့အတွက် အခြားလေယာဉ်တင်သင်္ဘောတွေနဲ့ တန်းတူ စစ်ဆင်ရေး မဆောင်ရွက်နိုင်ခြင်းတွေ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ ပစိဖိတ်ရေပြင်ထက် ရေတပ်ခြိမ်းခြောက်မှု နည်းတဲ့ အတ္တလန္တိတ်မှာပဲ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၄၇ မှာတော့ အနားပေးခဲ့ပါတယ်။
၄။ Yorktown သို့မဟုတ် ပွဲတိုင်းကျော်များ (Yorktowns, the Battlestars)
၁၉၃၇ ခုနှစ်မှ စတင်တပ်တော်ဝင်သော Yorktown အတန်းအစား လေယာဉ်တင်သင်္ဘော ၃ စင်း ဖြစ်သော Yorktown, Enterprise နှင့် Hornet တို့မှာ သူတို့ရှေ့က Lexington နှင့် Ranger တို့၏ သင်ခန်းစာများကို ရယူကာ လေ့ကျင့်ခန်းပေါင်း များစွာတို့၏ အတွေ့အကြုံများအရ တည်ဆောက်ထားခြင်း ဖြစ်သည်။ လေယာဉ်အရေအတွက် များများတင်နိုင်ရေး၊ အမြန်နှုန်း မြန်မြန်မောင်းနိုင်ရေးနှင့် သင့်တင့်သော သံချပ်ကာအကွယ် ရရှိရေးတို့ကို ဦးစားပေး တည်ဆောက်ထားသည်။ သံချပ်ကာမှာလည်း အမြှောက်ဒဏ်ထက် ဗုံးဒဏ် တော်ပီဒိုဒဏ် ကာကွယ်ရေးကို ရည်ရွယ်သည်။
တန်ချိန် ၂၇၀၀၀ ရှိပြီး ရေမိုင် ၃၃ မိုင် အမြန်ဆုံး မောင်းနှင်နှိင်သည်။ တိုက်လေယာဉ် ၁၈ စင်း၊ ဒိုက်ထိုးဗုံးကြဲလေယာဉ် ၃၆ စင်းနှင့် တော်ပီဒိုဗုံးကြဲလေယာဉ် ၁၈ စင်း တင်ဆောင်လေ့ရှိသည်။ ဒုတိယကမ္ဘာစစ် အစပိုင်း အမေရိကန် လေယာဉ်တင်သင်္ဘောများ၏ စံပြုဖွဲ့စည်းပုံလည်း ဖြစ်သည်။

ယင်းသုံးစင်းမှာ စစ်အစပိုင်း ၁၉၄၁၊ ၁၉၄၂ ခုနှစ် ကာလများအတွင်း ဂျပန်ဘုရင့်ရေတပ်၏ လေယာဉ်တင်စစ်ရေယာဉ်စု Kido Butai ၏ ထိုးစစ်မြှားဦးကို ရိုက်ချိုးခဲ့သူများလည်း ဖြစ်သည်။ Doolittle raid မှ အစပြုကာ Coral Sea နှင့် Midway အလယ် Guadalcanal အဆုံး တိုက်ပွဲများတွင် ယင်းတို့ပါဝင်ခဲ့သည်။ ပစိဖိတ်ရေပြင်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးခဲ့သော တိုက်ပွဲများဆိုလည်း မှားအံမထင်။
Yorktown မှာ Midway တိုက်ပွဲတွင် လည်းကောင်း၊ Hornet မှာ Santa Cruz တိုက်ပွဲတွင် လည်းကောင်း ဂျပန်လေယာဉ်တင်သင်္ဘောများကြောင့် နစ်မြုတ်ခဲ့ရသည်။ Enterprise မှာမူ စစ်ကာလတလျောက်လုံး တိုက်ပွဲဝင်ခဲ့ပြီး ၁၉၄၇ တွင် အနားပေးခဲ့သည်။ အမေရိကန်ရေတပ် သမိုင်းတလျောက် တိုက်ပွဲဝင် ဆုတံဆိပ် အများဆုံး ချီးမြှင့်ခံခဲ့ရသည့် စစ်ရေယာဉ်လည်း ဖြစ်သည်။
၅။ Wasp သိုမဟုတ် နောက်ကြောင်းပြန် (Wasp, A Step Back)
Yorktown တို့ ဆောက်လုပ်ပြီးချိန်တွင် ဝါရှင်တန်စာချုပ် Washington Naval Treaty အရ အမေရိကန်တို့အတွက် ခွင့်ပြု လေယာဉ်တင်သင်္ဘော တန်ချိန် ပြည့်လုနီးပါး ဖြစ်လေပြီ။ ကျန်သမျှ ခွင့်ပြုတန်ချိန်အတွင်း နောက်ထပ်လေယာဉ်တင်သင်္ဘော တစ်စင်း တည်ဆောက်ရန် ကြိုးစားရာမှ USS Wasp ဖြစ်တည် လာခဲ့သည်။
တန်ချိန် ၁၉၀၀၀ ရှိသော ယင်းသင်္ဘောမှာ Yorktown ပုံစံကို အခြေခံထားပြီး လေးပုံတစ်ပုံခန့် သေးငယ်သည်။ သို့သော် လေယာဉ်အုပ်စု အရွယ်အစား တန်းတူ တင်ဆောင်နိုင်ရန် သင်္ဘော၏ အမြန်နှုန်းနှင့် သံချပ်ကာ အကာအကွယ်တို့ကို စွန့်လွှတ်ထားသည်။

၁၉၄၀ တွင် တပ်တော်ဝင်ခဲ့ပြီး ရန်သူရေတပ် ချိန်းခြောက်မှု အားနည်းသော အတ္တလန္တိတိရေပြင်တွင်သာ အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ Malta ကျွန်းတိုက်ပွဲအတွင်း အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။
သို့သော် Guadalcanal တိုက်ပွဲစဉ်အတွင်း လေယာဉ်တင်သင်္ဘောများ အရေးပေါ် လိုအပ်မှုကြောင့် ပစိဖိတ်ရေပြင် စစ်ပွဲများအတွင်း ပါဝင်လာခဲ့ရပြီး ထိုတိုက်ပွဲအတွင်းတွင်ပင် ဂျပန်ရေငုပ်သင်္ဘော၏ တိုက်ခိုက်မှုကြောင့် နစ်မြုတ်ခဲ့ရသည်။
၆။ Essex အပိုင်း ၁ သို့မဟုတ် လေယာဉ်တင်စစ်ရေယာဉ် တပ်ဖွဲ့ကြီး
(Essex class part 1, The Fast Carrier Task Force)
ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရိပ်စစ်ငွေ့တွေ သန်းလာတဲ့ ၁၉၄၀ ခုနှစ်မှာတော့ အမေရိကန်ရေတပ်ဟာ နောက်ထပ် လေယာဉ်တင်သင်္ဘော အတန်းအစား အသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီဟာကတော့ စုစုပေါင်း လေယာဉ်တင်သင်္ဘော ၂၄ စင်းနဲ့ အစင်းရေအများဆုံးသော ပင်မစစ်ရေယာဉ် Capital ship အတန်းအစား ဖြစ်လာမယ့် Essex အတန်းအစားပါ။
ဘယ်သဘောတူစာချုပ် ဘယ်ကန့်သတ်ချက်ကိုမှ လိုက်နာစရာ မလိုတော့တဲ့ အမေရိကန်ရေတပ် အင်ဂျင်နီယာတွေ အနေနဲ့ Yorktown အတန်းအစားမှာ သူတို့လိုချင်ပေမယ့် စွန့်လွှတ်ခဲ့ရတဲ့ အချက်တွေ အားလုံးကို ဒီအတန်းအစားမှာ ထည့်သွင်းခဲ့ပါတယ်။ ပိုကြီးမားတဲ့ လေယာဉ်အုပ်စု၊ ပိုကောင်းတဲ့ သံချပ်ကာ အကာအကွယ်၊ ပိုကောင်းတဲ့ ပျက်စီးထိန်း စနစ်တွေ၊ ပိုများပြီး ပိုကောင်းတဲ့ လေယာဉ်ပစ်အမြှောက်တွေ စသည်ဖြင့်ပေါ့။

ရလာဒ်ကတော့ Yorktown တွေထက် သုံးပုံတစ်ပုံလောက်ပိုကြီးတဲ့ တန်ချိန် ၃၆၀၀၀ လောက်ရှိတဲ့ သင်္ဘောတွေပါ။ သူ့ Flight deck ကလည်း ယခင်ကထက် ပေ ၆၀ ပိုရှည်ပြီး ၁၀ ပေ ပိုကျယ်ပါတယ်။ ပိုကြီးမားပြီး ပိုအလေးချိန်များတဲ့ F6F တိုက်လေယာဉ်၊ SB2C ဦးစိုက်ဗုံးကြဲလေယာဉ်လို လေယာဉ်တွေ စုစုပေါင်း ၉၀ စင်း တင်ဆောင်နိုင်ပါတယ်။
၁၉၄၂ ခု ဒီဇင်ဘာလမှာ စတင်တပ်တော်ဝင်တဲ့ ဒီလေယာဉ်တင်သင်္ဘောတွေဟာ အောက်မှာဖော်ပြထားတဲ့ Indepedence အတန်းအစား အပေါ့စား လေယာဉ်တင်သင်္ဘော တွေနဲ့အတူ Task Force 38 တလှည့် TF 58 တလှည့် ဖြစ်ခဲ့ရတဲ့ Fast Carrier Task Force ရဲ့ အဓိက အင်အားစုလည်း ဖြစ်ပါတယ်။
ယခင်အတွေ့အကြုံတွေအရ ဒီအတန်းအစားတွေမှာ ပါဝင်လာတာကတော့ တိုက်ပွဲဝင် ကွပ်ကဲမှုဌာန Combat Information Center ပဲ ဖြစ်ပြီးတော့ ရေယာဉ်စုတစ်ခုလုံးက ရတဲ့ သတင်းအချက်အလက်တွေကို ပေါင်းစပ်ပြီးတော့ တိုက်ပွဲဝင်လို့ရတဲ့ သတင်းအချက်အလက်တွေအဖြစ် ရေယာဉ်စုတစ်ခုလုံးကို ဖြန့်ဝေပေးနိုင်လာပါတယ်။ နောက်တစ်ခုကတော့ စစ်စဦးပိုင်းက လေယာဉ်တင်သင်္ဘော တစ်စင်းချင်း နှစ်စီးချငိး တိုက်ပွဲဝင်တဲ့ နည်းဗျူဟာကနေ အနည်းဆုံး လေယာဉ်တင်သင်္ဘော ၄ စီး ပူပေါင်းပါဝင်တဲ့ နည်းဗျူဟာအဖြစ် ပြောင်းလဲလာခြင်းပါ။
၁၉၄၃ ခု နှောင်းပိုင်းကစပြီး အင်နဲ့အားနဲ့ လှုပ်ရှားလာတဲ့ ဒီ Fast Carrier Task Force ဟာ Philippines Sea တိုက်ပွဲ၊ Leyte Gulf တိုက်ပွဲတွေမှာ ပထမ ဂျပန်ရေတပ်ရဲ့ လေကြောင်းတပ်ဖွဲ့ အဲ့နောက် ရေတပ် တစ်ခုလုံးကို ခြေမှုန်းနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပစိဖိတ်ရေပြင်မှာ ဒီရေယာဉ်စုကြီးကို အံတုနိုင်တဲ့ အင်အား မရှိတော့ပါဘူး။
စစ်အတွင်းမှာ Essex ၁၇စီး တိုက်ပွဲဝင်ခဲ့ပြီး သင်္ဘောများစွာဟာ ရန်သူတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရဲ့ပါတယ်။ အထူးသဖြင့် Franklin နဲ့ Bunker Hill တို့ဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် တစ်စီးမှတော့ ရန်သူလက်ချက်နဲ့ နစ်မြုတ်ပျက်စီးခဲ့ခြင်း မရှိပါဘူး။
၇။ Indepedence သို့မဟုတ် သစ်မခင်စပ်ကြား (Indepedence class, the Emergency Measure)
ပုလဲဆိပ်ကမ်း အတိုက်ခံရပြီးချိန်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စု ဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောတွေ လိုအပ်ချက်ဟာလည်း အရေးပေါ်ကိစ္စ ဖြစ်လာခဲ့ပါတယ်။
Essex တွေကိုလည်း ၁၉၄၄ ခုမှာမှ တပ်တော်ဝင်နိုင်မယ်လို့ ခန့်မှန်းထားတဲ့အတွက် အမြန်ဆုံး အကောင်အထည် ဖော်နိုင်မယ့် နည်းလမ်းအဖြစ် တည်ဆောက်ဆဲ Cleveland အတန်းအစား ကရူဇာတွေကို Indepedence အတန်းအစာ လေယာဉ်တင်သင်္ဘောတွေအဖြစ် ပြောင်းလဲတည်ဆောက်ဖို့ ဆုံးဖြန်ချက်ကို ၁၉၄၂ ခု ဇန်နဝါရီလမှာ ချမှတ်ခဲ့ပါတယ်။
တန်ချိန် ၁၁၀၀၀ ပဲရှိတဲ့ ဒီသင်္ဘော ၉ စီးကို အပေါ့စား လေယာဉ်တင်သင်္ဘော CVL အဖြစ် သတ်မှတ်ပြီးတော့ လေယာဉ် အစီး ၃၀ ကျော် တင်ဆောင်နိုင်ပါတယ်။ သံချပ်ကာ အကာအကွယ် လုံးဝမပါတဲ့အပြင် သေးငယ်တဲ့ Flight deck ကြောင့် လေယာဉ်မတော်တဆမှုနှုန်းလည်း များပါတယ်။ ဒါပေမယ့် ကရူဇာတွေကနေ ဖြစ်တည်လာတာမို့ ရေယာဉ်စုနဲ့ လိုက်ပါဖို့ လိုအပ်တဲ့ အမြန်နှုန်း ရှိယုံသာမက ပျက်စီးထိန်း စနစ်လည်း ကောင်းမွန်ပါတယ်။

မူလက Essex တွေ မတိုင်မီ အရေးပေါ်အနေနဲ့ တည်ဆောကိခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပထမဆုံး Essex တွေဟာ ပထမဆုံး Independence တွေအရင် တပ်တော်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း သူတို့ပါဝင်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ Essex တွေနဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့ရပါတယ်။
Independence တွေဟာ သမိုင်းမှာ Essex တွေရဲ့ အရိပ်လွမ်းမိုးခြင်း ခံခဲ့ရပေမယ့် စစ်အတွင်းကာလမှာ Fast Carrier Task Force ရဲ့ တိုက်လေယာဉ်အင်အား ၄၀ % နဲ့ တော်ပီဒိုလေယာဉ် ၃၃ % ဟာ ဒီသင်္ဘောတွေပေါ်မှာ အခြေပြုခဲ့တာပါ။
သူတို့ထဲက Princeton ဟာ Leyte gulf တိုက်ပွဲမှာ ဂျပန်ကာမီကာဇေတွေကြောင့် နစ်မြုတ်ခဲ့ရပါတယ်။ ကျန်သင်္ဘောတွေထဲက ၃ စင်းကိုတော့ စစ်ပြီးကာလမှာ ပြင်သစ်နဲ့ စပိန်ရေတပ်တွေကို လွှဲပြောင်းပေးခဲ့ပြီးတော့ ကျန်သင်္ဘောတွေကို အနားပေးခဲ့ပါတယ်။
၈။ အစောင့်လိုက် လေယာဉ်တင်သင်္ဘော သို့မဟုတ် လေယာဉ်တင်သင်္ဘော ပိစိများ (Escort carriers, the Baby Flattops)
ပစိဖိတ်စစ်ပွဲမှာ ဂျပန်ရေတပ်နဲ့ ရင်ဆိုင်ဖို့ Essex တွေ Indepedence တွေ တည်ဆောက်နေချိန်မှာပဲ အတ္တလန္တိတ်က ဂျာမန်ယူဘုတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် နောက်ထပ် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်တစ်မျိုးဟာ ဖြစ်တည်လာခဲ့ပါတယ်။
အမေရိကန်တွေအရင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်ရေးမှာ ပါဝင်နေရတဲ့ ဗြိတိသျှ တော်ဝင်ရေတပ်ရဲ့ အတွေ့အကြုံအရ ဒီလို စစ်ဆင်ရေးတွေမှာ လေကြောင်းအကူရဲ့ တန်ဖိုးကို ပိုမိုနားလည်လာပါတယ်။ ဒါကြောင့် ကွန်ဗွိုင်တွေကို အစောင့်လိုက်မယ့် ရေယာဉ်စုတွေအတွက် လေယာဉ်တင်သင်္ဘောတွေ လိုအပ်ချက်ကို သိမြင်လာပါတယ်။
ဒီလေယာဉ်တင်သင်္ဘောတွေဟာ အခြားစစ်ရေယာဉ်တွေလို မြန်စရာမလိုပဲ ကုန်တင်ရေယာဉ်တွေလို တစ်နာရီ ရေမိုင် ၁၆ မိုင် ၁၈ မိုင်လောက်ပဲ မောင်းစရာလိုမယ်။ ရန်သူ့ ပင်မရေတပ်ဖွဲ့ကြီးတွေနဲ့ ရင်ဆိုင်ဖို့ မရည်ရွယ်လို့ သံချပ်ကာ အကာအကွယ်လည်း မပါဝင်ပါဘူး။ ကုန်တင်ရေယာဉ်တွေကို အခြေခံ တည်ဆောက်လို့ရပါတယ်။ ပုံမှန်အနေနဲ့ စစ်ရေယာဉ်တည်ဆောက်မှု အတွေ့အကြုံမရှိတဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်လို့လည်း ရပါတယ်။
ဒီအယူအဆပေါ် မူတည်ပြီး တည်ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောတွေကို အစောင့်လိုက် လေယာဉ်တင်သင်္ဘော Escort Carrier လို့ သတ်မှတ်ပြီး Hull classification symbol အရ CVE လို့ သတ်မှတ်ပါတယ်။ Jeep carrier, Baby Flattops စတဲ့ နာမည်တွေနဲ့လည်း လူသိများပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်သင်္ဘောကျင်းတွေအနေနဲ့ Long Island (2), Charger (4), Bogue (45), Sangamon (4), Casablanca (50) နဲ့ Commencement Bay (19) ဆိုပြီး အတန်းအစား ၆ မျိုးနဲ့ အစောင့်လိုက် လေယာဉ်တင်သင်္ဘော ၁၂၄ စီးအထိ တညိဆောက်နိုင်ခဲ့ပါတယ်။ အဲ့သင်္ဘောတွေထဲက ၃၇ စီးကို ဗြိတိသျှ တော်ဝင်ရေတပ်ကို လွှဲပြောင်းပေးခဲ့ပြီး အခြားသင်္ဘောတွေကတော့ အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အများစုဟာ C-3 အတန်းအစား ကုန်တင်ရေယာဉ်တွေကို ပြောင်းလဲတည်ဆောက်ထားတာ ဖြစ်ပြီး Sangamon တွေကတော့ T-2 အတန်းအစား ဆီတင်သင်္ဘောတွေကို ပြောင်းလဲထားပါတယ်။ စစ်နှောင်းပိုင်းမှာ တည်ဆောက်တဲ့ Casablanca နဲ့ Commencement Bay တွေကတော့ အစကတည်းက လေယာဉ်တင်သင်္ဘောအဖြစ် ရည်ရွယ် တည်ဆောက်ထားတာပါ။
အမျိုးအစားပေါ် မူတည်ပြီး တန်ချိန် ၇၈၀၀ ကနေ တန်ချိန် ၁၆၀၀၀ ထိ ရှိကြတဲ့ ဒီရေယာဉ်တွေရဲ့ တပ်ဆင်စက်အင်အားဟာ ၉၀၀၀ shp ခန့်သာ ရှိပါတယ် (Essex တွေမှာ ၁၅၀၀၀၀ shp အထိ ရှိပါတယ်) ။လေယာဉ် ၂၇ စီးကနေ ၃၃ စီးအထိ တင်ဆောင်နိုင်ကြပါတယ်။ F6F တိုက်လေယာဉ်လို ခေတ်မှီလေယာဉ်တွေ မတင်နိင်ပဲ F4F တိုက်လေယာဉ်နဲ့ TBF Avenger တော်ပီဒိုဗုံးကြဲလေယာဉ်တွေ တင်ဆောင်လေ့ ရှိပါတယ်။
အတ္တလန္တိတ်ရေပြင်မှာ မူလရည်ရွယ်တဲ့အတိုင်း ကုန်တင်ရေယာဉ်စုတွေကို အစောင့်လိုက်ပေးပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပစိဖိတ်မှာတော့ ကမ်းတက်စစ်ဆင်ရေး ရေယာဉ်စုတွေကို အစောင့်လိုက်ပေးပြီး ကမ်းတက်စစ်ဆင်ရေးတွေမှာ အနီးကပ်လေကြောင်းပစ်ကူပေး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် ပင်မလေယာဉ်တင်သင်္ဘောကြီးတွေကို ဒီစစ်ဆင်ရေးတွေမှာ သုံးစရာမလိုတော့ပဲ သူတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ရေပြင် ဝေဟင် စိုးမိုးရေးနဲ့ ရေတပ်တိုက်ပွဲကြီးတွေမှာ အာရုံစိုက်နိုင်ပါတယ်။
ရေတပ်တိုက်ပွဲကြီးတွေမှာ ပါဝင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ၁၉၄၄ ခု Battle off Samar တိုက်ပွဲအတွင်းမှာတော့ CVE ၆ စီး ပါဝင်တဲ့ ရေယာဉ်စုဟာ စစ်ရေယာဉ်ကြီး ယာမာတို ဦးဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ အလ်းအငိုက်ယူ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့အစောင့်လိုက် ဖျက်သင်္ဘောတွေ ဖရီးဂိတ်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရေတပ်မှာ ၆ စီးနဲ့ ဗြိတိသျှရေတပ်မှာ ၂ စီး ရန်သူ့လက်ချက်နဲ့ နစ်မြုတ်ခဲ့ပါတယ်။ စစ်ပြီးကာလမှာတော့ အချို့ကို မူလအတိုင်း ကုန်တင်သင်္ဘောတွေအဖြစ် ပြန်လည် ပြောင်းလဲတည်ဆောက်ပြီး ကျန်တာတွေကိုတော့ အလျင်အမြန်ပဲ အနားပေးခဲ့ပါတယ်။ တိုးတက်လာတဲ့ လေယာဉ်တွေ အထူးသဖြင့် ဂျက်လေယာဉ်တွေနဲ့ လိုက်မမီတော့တာကြောင့်လည်း ပါဝင်ပါတယ်။
၁၀။ Essex အပိုင်း ၂ သို့မဟုတ် စစ်ကြီးပြီးလေသော် (Essex class part 2, When the War Ends)
ဒုတိယကမ္ဘာစစ်ပြီးကာလမှာလည်း Essex တွေထဲက ၂၂ စီးဟာ Midway တွေနဲ့အတူ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ စစ်အတွင်းမှာ အပြင်းအထန် ထိခိုက်ခဲ့တဲ့ Franklin နဲ့ Bunker Hill တို့ကိုတော့ စစ်အပြီးမှာ အနားပေးခဲ့ပါတယ်။
ဂျက်လေယာဉ်ခေတ်ကို ရောက်လာတဲ့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ အဆင့်မြှင့်မှုတွေကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ရပါတယ်။ ၇ စင်းကတော့ အဆင့်မြှင့်မှုမလုပ်ပဲ မူရင်းအတိုင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၉ စင်းကတော့ SCB-27A အဆင့်အဖြစ် မြှင့်တင်ခဲ့ပြီးတော့ ဂျက်လေယာဉ်တွေအတွက် Jet Blast Deflector တွေ၊ ညစစ်ဆင်ရေးတွေအတွက် Optical Landing System တွေ ပါဝင်လာပါတယ်။ Flight deck ကို Aluminium နဲ့ ပြန်လည်တည်ဆောက်တာ၊ Aircraft elevator တွေကို အဆင့်မြှင့်တာတွေလည်း ပါဝင်ပါတယ်။၆ စင်းကိုတော့ ခုနဟာတွေအပြင် Steam Catapult တွေ တပိဆင်ခဲ့ပြီးတော့ SCB-27C အဆင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ SCB-27 ၁၅ စင်းလုံးကိုလည်း နောက်ပိုင်းမှာ SCB-125 အဆင့်အဖြစ် ဆက်လက်မြှင့်တင်ခဲ့ပြီးတော့ အခု လူသိများတယ့် တစောင်းပြေးလမ်း Angled Flight Deck ပါဝင်လာခဲ့ပါတယ်။
လေယာဉ်တွေ တိုးတက်လာတာနဲ့ အမျှ သက်တမ်းရလာတဲ့ ဒီသင်္ဘောတွေရဲ့ တာဝန်ဟာလည်း ပြောင်းလဲလာပါတယ်။ ပထမဆုံး အဆင့်မြှင့်တင်မထားတဲ့ ၇ စင်း၊ နောက် SCB-27A ၉ စင်း၊ နောက်ဆုံးမှာ SCB-27C သင်္ဘောတွေဟာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်တင်သင်္ဘော CVS တွေအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ (စစ်အတွင်းက CVE တွေရဲ့ တာဝန်တွေပါ)။ မူလသင်္ဘောတွေထဲက ၄ စင်းဟာ အမေရိကန်ရေတပ်ရဲ့ ပထမဆုံး ရဟတ်ယာဉ်တင် ကမ်းတက်ရေယာဉ် Landing Platform Helicopter တွေ ဖြစ်လာခဲပါတယ်။

Essex (extended bow)
ကိုရီးယားစစ်ပွဲမှာ Essex ၁၁ စင်းပါဝင်ခဲ့သလို၊ ဗီယက်နမ်စစ်ပွဲမှာလည်း ၁၃ စင်းဟာ နေရာမျိုးစုံကနေ ပါဝင်ခဲ့ပါတယ်။ ဒါအပြင့် ကျူးဘားဒုံးပျံအရေးအခင်း၊ ဝက်ပင်လယ်အော် စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ Mercury, Gemini နဲ့ Apollo အာကာသ စီမံကိန်းတွေမှာလည်း ပြန်လည်ဆင်းသက်လာတဲ့ အာကာသယာဉ်တွေကို ဆယ်သူဖို့ ဆယ်ယူရေးသင်္ဘောတွေအနေနဲ့ ပါဝင်ခဲ့ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ လေယာဉ်တင်သင်္ဘော အတန်းအစားအသစ်တွေ တပ်တော်ဝင်လာတာနဲ့ အမျှ ဒီသင်္ဘောတွေကို အနားပေးခဲ့ပါတယ်။ ဒါပေမယ့် Lexington ကတော့ လေ့ကျင့်ရေးလေယာဉ်တင်သင်္ဘောအဖြစ် ၁၉၉၁ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခုအချိန် Essex အတန်းအစား ၄ စင်းကို ရေပေါ် စစ်သမိုင်းပြတိုက်တွေအဖြစ် မြင်တွေ့နိုင်ပါသေးတယ်။
၁၁။ Midway အတန်းအစား သိုမဟုတ် မအိုနိုင်သော စစ်သည်တော်များ (Midway class, the Ageless Warrior)
Essex တွေ စတင်တည်ဆောက်နေပြီး တပ်တော်မဝင်ရသေးခင်မှာပဲ အမေရိကန်တွေဟာ သူတို့ကိုယ်တိုင်နဲ့ ဗြိတိသျှ လေယာဉ်တင်သင်္ဘောတွေရဲ့ တိုက်ပွဲတွေကို ကြည့်ပြီး သင်ခန်းစာတစ်ခု ဖော်ထုတ်ခဲ့ပါတယ်။ ဒါကတော့ ပျံသန်းရေးကုန်းပတ် Flight deck ကို သံချပ်ကာ အကာအကွယ်နဲ့ တည်ဆောက်ဖို့လိုတယ် ဆိုတာပါ။
Essex တွေကို သံချပ်ကာ ပျံသန်းရေး ကုန်းပတ်နဲ့ ပြောင်းလဲတည်ဆောက်ရင်လည်း လေယာဉ်အုပ်စု အရွယ်အစား လျော့ချရမှာမို့ နောက်ထပ် လေယာဉ်တင်သင်္ဘော အတန်းအစားသစ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲဒါကတော့ Midway , Franklin D Roosevelt နဲ့ Coral Sea သင်္ဘော ၃ စင်းပါဝင်တဲ့ Midway အတန်းအစားပါ။

တန်ချိန် ၄၅၀၀၀ ထိ ရှိလာခဲ့ပြီး လေယာဉ်တင်သင်္ဘော အကြီးစား CVB လို့ သတ်မှတ်ခဲ့ပါတယ်။ ပနားမားတူးမြောင်းကို မဖြတ်သန်းနိုင်တော့တဲ့ ပထမဆုံး အမေရိကန်လေယာဉ်တင်သင်္ဘောတွေပါ။ လေယာဉ် ၁၃၀ ကျော်အထိ တင်ဆောင်နိုင်ပေမယ့် ဒီအရေအတွက်ကို သင်္ဘောတစ်စင်းတည်းကနေ ကွပ်ကဲဖို့ ခက်ခဲတဲ့အတွက် အစင်း ၉၀ ပဲ တင်ဆောင်လေ့ ရှိပါတယ်။
သံချပ်ကာ ပျံသန်းရေးကုန်းပတ်ဟာ ဂျက်ခေတ်အတွက် ပြုပြင်ပြောင်းလဲရာမှာလည်း အဆင်ပြေစေခဲ့ပါတယ်။ SCB-110 အဆင့်အဖြစ် Jet Blast Deflector တွေ Optical Landing System တွေနဲ့ Angled Flight Deck တွေ အဆင့်မြှင့်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ပေမယ့် စစ်ကြီးပြီး ၈ ရက်နေမှ ပထမဆုံးအစင်း တပ်တော်ဝင်ခဲ့လို့ ဒီစစ်မှာတော့ ဝင်မနွဲခဲ့ရပါဘူး။ ဒါပေမယ့် ကိုရီးယားစစ်၊ ဗီယက်နမ်စစ်တွေက အစပြုလို့ ၁၉၉၁ ခု ပင်လယ်ကွေံစစ်ပွဲအထိ ပါဝင် တိုက်ပွဲဝင်ခဲ့ပါတယ်။ F6F Hellcat ပန်ကာတပ် တိုက်လေယာဉ်တွေက အစပြုခဲ့ပြီး အနားယူချိန်မှာတော့ F18 Hornet တွေ တင်ဆောင်နိုင်တဲ့ သင်္ဘောတွေ ဖြစ်လာခဲ့ပါတယ်။
၁၂။ Saipan အတန်းအစား သိုမဟုတ် သေးငယ်လွန်း နောက်ကျလွန်းသူများ (Saipan class, Too Little Too Late)
Indepedence အတန်းအစားတွေကို အစားထိုးဖို့ ရည်ရွယ်တဲ့ အပေါ့စား လေယာဉ်တင် သင်္ဘောတွေကတော့ Saipan အတန်းအစားပါ။ Baltimore အတန်းအစား ကရူဇာသင်္ဘောတွေကို အခြေခံထားပြီး တန်ချိန် ၁၉၀၀၀ အထိ ရှိလာပါတယ်။ လေယာဉ် ၄၂ စီးအထိ တင်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် သူတို့ တပ်တော်ဝင်လာတဲ့ ၁၉၄၆ ခုရဲ့ အနေအထားဟာ စစ်ရေယာဉ်တွေ အရေးတကြီး လိုအပ်နေတဲ့ အချိန် မဟုတ်တော့ပါဘူး။ စစ်ပြီးကာလ ကာကွယ်ရေးအသုံးစရိတ် လျော့ချနေတဲ့ကာလပါ။ ဒါ့အပြင် ခေတ်မီ ဂျက်လေယာဉ်တွေ တင်ဆောင်ဖို့အတွက်ကြလည်း သေးငယ်လွန်းနေပါတယ်။
ဒါကြောင့် Saipan နဲ့ Wright ၂ စင်းပဲ တပ်တော်ဝင်နိုင်ခဲ့ပြီး ခပ်မြန်မြန်ပဲ ၁၉၅၄ ခုမှာပဲ အနားပေးခြင်း ခံခဲ့ရပါတော့တယ်။
၁၃။ United States သိုမဟုတ် ရေတပ်ဗိုလ်ချုပ်ကြီးများ၏ ပုန်ကန်မှု (USS United States, Revolt of the Admirals)
စစ်ပြီးကာလမှာ ပထမဆုံး စီမံကိန်းရေးဆွဲတဲ့ လေယာဉ်တင်သင်္ဘောကတော့ United States သင်္ဘောပါ။ တန်ချိန် ၆၈၀၀၀ ထိ ရှိလာတဲ့ ဒီသင်္ဘောတွေဟာ တည်ဆောက်ဖူးသမျှ စစ်ရေယာဉ်တွေထဲမှာ အကြီးဆုံး ဖြစ်လာမှာ ဖြစ်ပြီး Supercarrier တွေလို့ သမုတ်ခဲ့ပါတယ်။
ဒီသင်္ဘောတွေရဲ့ ထူးခြားချက်ကတော့ နူကလီးယားလက်နက်တင် ဗုံးကြဲလေယာဉ်တွေ တင်ဆောင်ဖို့ ရည်ရွယ်ဒီဇိုင်းဆွဲခဲ့တာပါ။ Island ခေါ် မျှော်စင်ကျွန်း မပါတော့တဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။ သူတို့က နူကလီးယား တိုက်ခိုက်ရေးကို အာရုံစိုက်ပြီး ပုံမှန်လေယာဉ်တင်သင်္ဘောတွေက လေကြောင်းရန် ကာကွယ်ရေးနဲ့ အခြားတာဝန်တွေကို ထမ်းဆောင်ဖို့ ရည်ရွယ်ပါတယ်။
ဒါပေမယ့် စတင်တည်ဆောက်ပြီး ၅ ရက်အကြာမှာပဲ ကာကွယ်ရေးဝန်ကြီး Johnson ရဲ့အမိန့်နဲ့ စီမံကိန်း ဖျက်သိမ်းခဲ့ပါတယ်။ သူ့အယူအဆကတော့ နူကလီးယားခေတ်မှာ သမားရိုးကျ တပ်ဖွဲ့တွေ မလိုအပ်တော့ဘူး။ လေတပ်ရဲ့ တာဝေးဗုံးကြဲလေယာဉ်ကြီးတွေနဲ့ နူကလီးယားဗုံးတွေပဲ လိုအပ်တော့တယ်ဆိုတဲ့ အယူအဆပါ။ ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ကို လုံးဝဖျက်သိမ်းဖို့အထိ ရည်ရွယ်ထားပါတယ်။

ဒီကိစ္စကို ရေတပ် အသိုင်းအဝန်းက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ လူကြီးပိုင်းက King, Nitmiz, Halsey, Sprunace စသူတွေက လွှတ်တော်မှာ အကြီးအကျယ် ကန့်ကွက်ကြပါတယ်။ သတင်းစာတွေပေါ်မှာ သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးကို ဝေဖန်ကြပါတယ်။ လူငယ်ပိုင်းက Arleigh Burke တို့ကလည်း လေတပ်ရဲ့ B-29 နဲ့ B-36 ဗုံးကြဲလေယာဉ်ကြီးတွေကို လေယာဉ်တင်စစ်ရေယာဉ်တွေရဲ့ F2H ဂျက်တိုက်လေယာဉ်တွေနဲ့ ကြားဖြတ်ပျံသန်းမှုတွေကို လေ့ကျင့်ရေးခေါင်းစဉ်တပ်ပြီး ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ကြပါတယ်။
Truman အနေနဲ့လည်း ဒီလို အမိန့်မနာခံမှုမျိုးကို သည်းမခံတတ်ပါဘူး။ ရေတပ်ဝန်ုကြီး Forrestal ကို နှုတ်ထွက်ခိုင်းပြီး စကားနားထောင်မယ့် Matthews ကို ဝန်ကြီးတာဝန်ပေးပါတယ်။ ရေတပ်ဦးစီးချုပ် ၂ ယောက်ဆက်တိုက် Mitscher နဲ့ Denfeld တို့ အပါအဝင် ရေတပိအရာရှိပေါင်းများစွာကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
ဒီအချိန်မှာ ကိုရီးယားစစ်ပွဲ ဖြစ်ပေါ်လာတဲ့အတွက် စစ်ပွဲတိုင်းမှာ နူကလီးယားလက်နက် သုံးစွဲလို့မရပဲ သမရိုးကျ အင်အားလည်း အရေးကြီးတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ အမေရိကန်ရဲ့ ပါဝါဖြန့်ကျက်မှုအတွက် လေယာဉ်တင်သင်္ဘောတွေလည်း လိုအပ်လာပါတယ်။ ဒီအတွက် ဝန်ကြီး Johnson နဲ့ Matthews တို့လည်း နှုတ်ထွက်ပေးခဲ့ရပါတယ်။
၁၃။ Forrestal သို့မဟုတ် စူပါလေယာဉ်တင်သင်္ဘောကြီးများ (Forrestal class, the Supercarriers)
ကိုရီးယားစစ်ပွဲကြောင့် လေယာဉ်တင်သင်္ဘောတွေရဲ့ တန်ဖိုးကို ပြန်လည် နားလည်လာတဲ့ အတွက်ကြောင့် ရေတပ်အတွက် လိုအပ်နေတဲ့ လေယာဉ်တင်သင်္ဘောအသစ်တွေကို ၁၉၅၁ မှာ စတင်တည်ဆောက်ခွင့် ရခဲ့ပါတယ်။ ဒီသင်္ဘောတွေကိုတော့ ယခင် USS United States ကိစ္စမှာ ရေတပ်နဲ့အတူ ရပ်တည်ရင်း ရာထူးကအနားပေးခံရတဲ့ ရေတပ်ဝန်ကြီး Forrestal ကို ဂုဏ်ပြုပြီးတော့ Forrestal class အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။
ဒီသင်္ဘောတွေဟာ တန်ချိန် ၇၉၀၀၀ အထိ ရှိလာပြီးတော့ အစကတည်းက ဂျက်လေယာဉ်တွေ အသုံးပြုဖို့ ရည်ရွယ်တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ယခင်အတွေ့အကြုံတွေအရ သံချပ်ကာ ပျံသန်းရေးကုန်းပတ်တွေ၊ တစောင်းထားတဲ့ လေယာဉ်ပြေးလမ်းတွေ Deck edge elevator တွေ ပါဝင်လာပါတယ်။ ဂျက်တိုက်လေယာဉ် ၈ဝ ကနေ ၁ဝဝ အထိ တင်ဆောင်နိုင်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးအတွက် လေယာဉ်ပစ်အမြှောက်တွေကို အဓိကလက်နက်အဖြစ် တပ်ဆင်တဲ့ နောက်ဆုံး အတန်းအစားလည်း ဖြစ်ပါတယ်။
Forrestal, Saratoga, Ranger နဲ့ Indepedence ဆိုပြီး သင်္ဘောလေးစီးပါဝင်တဲ့ ဒီအတန်းအစားဟာ ၁၉၅၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလမှာ Forrestal သင်္ဘောပေါ်မှာ လေယာဉ်မတော်တဆမှုကြောင့် စစ်သည် ၁၈၄ ဦး ကျဆုံးခဲ့ရပြီးတော့ ဒီမတော်တဆမှုဟာ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ အမေရိကန် စစ်ရေယာဉ်တစ်စင်း ကြုံတွေ့ရတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။
၁၄။ Enterprise သို့မဟုတ် ခေတ်သစ်တစ်ခု စတင်ခြင်း (USS Enterprise, Dawn of a New Age)
၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ နူကလီးယားစွမ်းအင်သုံး စစ်ရေယာဉ်တွေဟာ စမ်းသပ်ဆဲဆိုတဲ့ အနေအထားကနေ ကျော်လွန်လာခဲ့ပါပြီ။ ပထမဆုံး နူကလီးယားစစ်ရေယာဉ် ရေငုပ်သင်္ဘော USS Nautilus ရဲ့ အောင်မြင်မှုကြောင့်လည်း အမေရိကန်ရေတပ်ဟာ အခြားစစ်ရေယာဉ် အမျိုးအစားတွေမှာလည်း နူကလီးယားစွမ်းအင်ကို သုံးစွဲဖို့ အားသန်နေပါတယ်။ အဲ့ထဲက တစ်စင်းကတော့ ပထမဆုံးသော နူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ဖြစ်လာမယ့် USS Enterprise ပါ။
Forrestal ရဲ့ ဒီဇိုင်းကို အခြေခံထားပြီး Island နဲ့ 2nd Starboard elevator နဲ့ နေရာပြောင်းသွားတဲ့အတွက် Island က နောက်ကို ရောက်သွားပါတယ်။ အလျားပေ ၁၁၂၃ ပေ ရှိတဲ့ ဒီသင်္ဘောဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး စစ်ရေယာဉ်လည်း ဖြစ်ပါတယ်။ တန်ချိန် ၉၃၀၀၀ အထိ ရှိလာပါတယ်။ သံချပ်ကာ အကာအကွယ်ကလည်း ၈ လက်မအထူအထိ ရှိလာပြီး Lexington တွေလောက် ပြန်ဖြစ်လာပါတယ်။ A2W နူကလီးယား ဓာတ်ပေါင်းဖို ၈ လုံး တပ်ဆင်ထားပါတယ်။

သူနဲ့ Kitty Hawk တို့ဟာ လေကြောင်းရန် ကာကွယ်ရေးအတွက် ဒုံးတွေကို အဓိကလက်နက်အဖြစ် တပ်ဆင်တဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောတွေလည်း ဖြစ်ပါတယ်။ Sea Sparrow ဒုံးကျည်ကို စတင်တပ်ဆင်ခဲ့ပြီး နောက်ပိုင်းမှာ ESSM, Phalanx နဲ့ RAM တွေ တပ်ဆင်လာခဲ့ပါတယ်။
၁၉၆၁ ခုမှာ တပ်တော်ဝင်ခဲ့ပြီးတော့ နူကလီးယားစွမ်းအင်ရဲ့ အကျိုးကျေးဇူးတွေကို ထိရောက်စွာ သရုပ်ပြနိုင်ခဲ့ပါတယ်။ လောင်စာဆီ ဖြည့်တင်းဖို့ မလိုခြင်းအပြင် လေယာဉ်တင်သင်္ဘော ခေတ်ဦးကတည်းက ရှိခဲ့တဲ့ မီးခိုးတွေကို ပျံသန်းရေးလုပ်ငန်းတွေ မထိခိုက်ပဲ ရှင်းထုတ်နိုင်ရေး ပြသနာပါ ပြေလည်သွားပါတယ်။ လောင်စာဆီ သယ်ယူဖို့ မလိုအပ်တော့လို့ လေယာဉ်ဆီနဲ့ လက်နက်ပစ္စည်း ပိုမိုသယ်ဆောင်လာနိုင်ပါတယ်။
ဗီယက်နမ်စစ်ပွဲကစ နောက်ဆုံး အာဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲတွေအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၁၂ ခုနှစ်မှာ အနားပေးခဲ့ပါတယ်။ ယခုခေတ် အမေရိကန်ရဲ့ နူကလီးယားရေတပ် အယူအဆက အစပြုပေးခဲ့တဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။
၁၅။ Kittyhawk သို့မဟုတ် နောက်ဆုံးသော သမားရိုးကျစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော (Kittyhawk class, the Last of Conventional Carriers)
နူကလီးယားစွမ်းအင်ကို Enterprise မှာ စတင်အသုံးပြုပြီ ဆိုပေမယ့် အသစ်အဆန်းတစ်ခုပေါ်မှာ အမေရိကန်ရေတပ်အနေနဲ့ လုံးလုံးလျားလျား မမီခိုရဲသေးပါဘူး။ ဒါကြောင့် Enterprise နဲ့ တပြိုင်တည်းပဲ သမားရိုးကျစွမ်းအင်သုံး Kittyhawk အတန်းအစားတွေကိုလည်း တည်ဆောက်ခဲ့ပါတယ်။ Kittyhawk, Constellation, America နဲ့ John F Kennedy ဆိုပြီး လေးစီးတည်ဆောက်ခဲ့ပါတယ်။
တန်ချိန် ၈၁၀၀၀ ရှိပြီး ဘက်စုံသုံး လေယာဉ်တင်သင်္ဘော ဖြစ်လာခဲ့ပါတယ်။ ယခင်ကလို သီးသန့် CVS တွေ မထားတော့တဲ့ ရေတပ်မူဝါဒ အပြောင်းအလဲလည်း ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောချေမှုန်းရေးအတွက် Anti Submarine Classification and Analysis Center၊ ရေပြင်နဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် Navigational and Tactical Direction System၊ ကွပ်ကဲရေးအတွက် Tactical Flag Command Center တွေ ပါဝင်လာပါတယ်။

မူလက တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေးအတွက် RIM-2 Terrier ဒုံးကျည်စနစ် တပ်ဆင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် တပ်ဆင်ရမယ့် နေရာအကျယ်အဝန်းကြောင့် လေယာဉ်အုပ်စု အရွယ်အစား လျော့ချရမှာ၊ ဒုံးပစ်ခတ်စဉ် လေယာဉ်ပျံသန်းမှု အနှောက်အယှက် ဖြစ်မှာတွေကြောင့် ပယ်ချခဲ့ပြီး တာတိုပစ် Sea Sparrow ဒုံးကျည်စနစ်ပဲ တပ်ဆင်ခဲ့ပါတယ်။ တာဝေးပစ် Terrier နဲ့ နောက်ပိုင်း Standard ဒုံးကျည်စနစ်တွေကိုတော့ အစောင့်လိုက် ကရူဇာနဲ့ ဖျက်သင်္ဘောတွေကပဲ သယ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာ စတင်တပ်တော်ဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အနားပေးခဲ့ပါတယ်။ နောက်ဆုံးသင်္ဘောဖြစ်တဲ့ John F Kennedy မှာတော့ ပျံသန်းရေးကုန်းပတ်ရဲ့ ဒီဇိုင်းပုံစံကို ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
၁၆။ Nimitz သို့မဟုတ် မျက်မှောက်ခေတ်ကာလ (Nimitz class, the Present Day)
နူကလီးယား စွမ်းအင်သုံး Enterprise နဲ့ သမားရိုးကျ စွမ်းအင်သုံး Kittyhawk တွေကို လေ့လာပြီးတဲ့ အခါမှာတော့ နှစ်ခုလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး နောက်ထပ် လေယာဉ်တင်သင်္ဘော အတန်းအစား တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲတာကတော့ လက်ရှိ သုံးစွဲနေတဲ့ Nimitz အတန်းအစား ဖြစ်ပါတယ်။
Kittyhawk ရဲ့ ဒီဇိုင်းကို အခြေခံခဲ့ပြီး နူကလီးယားစွမ်းအင်သုံး ဖြစ်ပါတယ်။ နူကလီးယားစွမ်းအင်သုံး ဖြစ်လို့လိုအပ်တဲ့ ပြောင်းလဲမှုတွေ (ဥပမာ မီးခိုးခေါင်းတိုင် မလိုတော့တာမျိုး) ကလွဲလို့ နောက်ဆုံး Kittyhawk ဖြစ်တဲ့ JFK နဲ့ ပထမဆုံး Nimitz ၃ စင်းဟာ ဆင်တူပါတယ်။ သံချပ်ကာ အကာအကွယ်ကို တိုးမြှင့်ခဲ့တာကြောင့် တန်ချိန် ၉၁၀၀၀ ရှိလာပါတယ်။
A4W နူကလီးယားဓာတ်ပေါင်းဖို ၂ လုံး အသုံးပြုတာကြောင့် နေရာအကျယ်အဝန်း ပိုမိုရရှိလာပြီး အရွယ်အစားတူ Kittyhawk တွေထက် ခဲယမ်း တန်ချိန် ၅၀ဝ နဲ့ လေယာဉ်ဆီ ဂါလန် ၁ သန်း ပိုမို တင်ဆောင်နိုင်ပါတယ်။
USS Nimitz (CVN-68)စတုတ္ထမြောက် အစီးဖြစ်တဲ့ Theodore Roosevelt ကစလို့ နောက်ပိုင်း ၇ စင်းမှာတော့ မူလထက် အနံ ၁၀ ပေခန့် ပိုကျယ်လာပြီး တန်ချိန် ၁၀၂၀၀၀ အထိ ရှိလာပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်ရေယာဉ်တွေပါ။ သူတို့ကို improved Nimitz class အဖြစ်လည်း သတ်မှတ်ကြပါတယ်။
၁၉၇၅ ခု မတ်လမှာ ပထမဆုံး အစင်းဖြစ်တဲ့ Nimitz တပ်တော်ဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒသမမြောက်နဲ့ နောက်ဆုံးအစင်း George H W Bush တပ်တော်ဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သင်္ဘော ၁၀ စင်းလုံး တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ၂၀၁၅ မှာ Enterprise ကို အနားပေးခဲ့ချိန်က စလို့ အမေရိကန်ရေတပ်ရဲ့ တစ်ခုတည်းသော လေယာဉ်တင်သင်္ဘော အတန်းအစား အဖြစ် ရပ်တည်နေပါတယ်။ မကြာမီ Gerald Ford တပ်တော်ဝင်မလာခင် အထိပေါ့။ ၂၀၂၅ ခန့်မှာ ပထမဆုံးသင်္ဘောတွေ စတင် အနားပေးခြင်း ခံရမယ်လို့ ခန့်မှန်းထားကြပါတယ်။


Zin Min Htet