Sitting Bull ၊ သူရဲ့အင်ဒီယန်းနာမည်က Tatanka Iyotake ၊ သူကို အမေရိကန် မူလတိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် သိကြပါတယ်။ အင်အားကြီးမားတဲ့ အမေရိကန်အစိုးရရဲ့ ကျူးကျော်ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံကာ တော်လှန်ခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့လုပ်ရပ်တွေဟာ အမေရိကန်နိုင်ငံ ရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးတွေမှာ အရေးပါတဲ့သမိုင်းဒေါက်တိုင်အဖြစ်ပါဝင်ခဲ့ပါတယ်။
သူ့ကို ၁၈၃၁ခုနှစ် အမေရိကန်ပြည်ထောင်စု ဒါကိုတာ နယ်မှာရှိတဲ့ Grand မြစ်ကမ်းနံဘေးက တဲစုလေးမှာမွေးဖွားခဲ့ပါတယ်။ ၁၈၉၀ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ Teton ဒါကိုတာအင်ဒီယန်းလူမျိုးစုခေါင်းဆောင်လက်အောက်မှာရှိတဲ့ Sioux လူမျိုးစုတွေဟာ သူတို့ရှင်သန်နေထိုင်ရေးအတွက် သီးသန့်အမဲလိုက်နေရာနည်းပါးလာတဲ့အတွက် မြောက်အမေရိကမှာရှိတဲ့ Great Plains မှာခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။
အမေရိကန်လူဖြူအစိုးရရဲ့ လူမျိုးရေးခွဲခြားမှုကို အခြေခံတဲ့ဆောင်ရွက်ချက်တွေကြောင့် Siouxလူမျိုးတွေ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့အကြောင်းကိုသိနေတဲ့ အင်ဒီးယန်းလူမျိုးစုခေါင်းဆောင် Sitting bull ဟာ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အသုံးချပြီး အင်အားကြီးထွားနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့သြဇာအာဏာလွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့ပါတယ်။
Sitting bull ဟာ Hunkpapa အရပ်မှာရှိတဲ့ Teton Sioux မျိုးနွယ်စုထဲက မွေးဖွားခဲ့တာပါ။ သူရဲ့ပထမဆုံးစစ်ပွဲကို အသက် ၁၄နှစ်အရွယ်မှာ စတင်ခဲ့ပြီး အကြောက်အလန့်မရှိ တိုက်ခိုက်အောင်မြင်ခဲ့တာကြောင့် ဂုဏ်သတင်းစတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်းမှာ လက်ရုံးရည်ရော နှလုံးရည်ပါပြည့်စုံတဲ့ Sitting bull ဟာ လူမျိုးစုခေါင်းဆောင်ဖြစ်လာပါတယ်။ မကြာခင်ပဲ သူဟာ Silent Eaters (လူမျိုးစုအကျိုးဖြစ်ထွန်းရန်အတွက်ရွေးချယ်ထားသူ)တွေထဲတွေက တစ်ဦးဖြစ်လာခဲ့ပါတယ်။ လူမျိုးစုခေါင်းဆောင်တစ်ယောက်အနေနဲ့ သူပထမဆုံးလုပ်ခဲ့တာကတော့ Sioux မျိုးနွယ်စုတွေရဲ့အမဲလိုက်ဧရိယာကို ချဲ့ထွင်ခဲ့တာပါ။ သူချဲ့ထွင်ခဲ့တဲ့ ဒေသတွေဟာ Shoshone, Assiniboin နဲ့ အခြားအင်ဒီယန်းတွေပိုင်ဆိုင်တဲ့ ပိုင်နက်နယ်မြေတွေဖြစ်ခဲ့ပါတယ်။
၁၈၆၃ခုနှစ် မှာတော့လူဖြူလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေက အခြားအင်ဒီယန်းတွေနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ လူဖြူတချို့ကျရှုံးသွားခဲ့တာကြောင့် ပြန်လက်စားချေတိုက်ခိုက်ခဲ့တာပါ။ အမှန်ကဒီလူဖြူတွေသေဆုံးရတဲ့စစ်ပွဲမှာ Bull ရဲ့Sioux တွေပါဝင်ခြင်းမရှိပဲ အထင်မှားပြီးတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။
နောက် ၅နှစ်အကြာမှာတော့ လူဖြူလက်နက်ကိုင်တွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အင်ဒီယန်းတွေရဲ့အမဲလိုက်ဧရိယာထဲအထိ ကျူးကျော်ဝင်ရောက်လာတာမို့ တိုက်ခိုက်မှုတွေဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ရပါတယ်။ လက်နက်ရောလူအင်အားပါ ကွာခြားပေမယ့် Bullရဲ့ဦးဆောင်မှုနဲ့ တက်ညီလက်ညီတိုက်ခိုက်ခဲ့တာကြောင့် ဒေသအာဏာပိုင်တွေရှေ့ကိုမတိုးနိုင်ခဲ့ပါဘူး။ ၁၈၆၆ခုနှစ် မှာတော့ Bull ဟာ အင်ဒီယန်းစည်းမျဉ်းတွေအရ မြောက်ပိုင်းဒေသတစ်ခုလုံး အမဲလိုက်မုဆိုးအနွယ်ဝင် Sioux တွေရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် Bull ဟာ Ogala Sioux ဦးဆောင်သူ ဒုတိယအကြီးအကဲလည်းဖြစ်လာခဲ့ပါတယ်။ Sitting Bullရဲ့သူရသတ္တိနဲ့အသိပညာဟာ အမေရိကန်အဆင့်မြင့်အရာရှိတွေကတောင် အံ့သြလေးစားခဲ့ရပါတယ်။ ၁၈၆၇ခုနှစ်မှာတော့ Bull ဟာ Sioux မျိုးနွယ်စုအားလုံးရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Sioux မျိုးနွယ်တွေဟာ အမေရိကန်အစိုးရနဲ့ Laramie ခံတပ်မှာ ဒုတိယအကြိမ် သဘောတူစာချုပ်ချုပ်ဆိုပြီး ငြိမ်းချမ်းရေးရယူခဲ့ကြပါတယ်။ စာချုပ်အရ ဒါကိုတာရဲ့အနောက်တောင်ဒေသကို Sioux တွေရဲ့သီးသန့်အမဲလိုက်ဒေသအဖြစ်ထားဖို့ အာမခံချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ လူဖြူတွေဟာ စာချုပ်ကိုဖောက်ဖျက်ခဲ့ပြန်ပါတယ်။
၁၈၇၀ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ Dakota ရဲ့Black hill ဒေသမှာရွှေတူးဖော်မှုတွေရရှိလာပြီးနောက် အမေရိကန်သတ္ထုရှာဖွေရေးသမားတွေဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး Sioux တွေရဲ့ပိုင်နက်တွေကို ထပ်မံကျူးကျော်လာခဲ့ပါတယ်။ ၁၈၇၅ခုနှစ်မှာ ဒေသအာဏာပိုင်တွေရဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုတွေကို Sioux တွေ ခံခဲ့ရပါတယ်။ ၁၉၇၆ခုနှစ် ဇန်နဝါရီ ၃၁မှာတော့ အမေရိကန်အစိုးရက Sioux တွေကို မူလနေရာသို့ ပြန်လည်အခြေချရန် အမိန့်ထုတ်ပြီး မလိုက်နာပါကပြင်းထန်စွာအရေးယူမယ်လို့ ကြေငြာခဲ့ပါတယ်။ Bull ဟာ လူမျိုးတွေရဲ့အသက်တွေကိုငဲ့ပြီး ဒီအမိန့်ကိုလက်ခံခဲ့ကာ သူ့ရွာကို မိုင် ၂၄၀ အကွာအဝေးအထိ ပြောင်းရွေ့ပေးခဲ့ပါတယ်။


မတ်လမှာတော့ George Crook ဦးဆောင်တဲ့ လူဖြူလက်နက်ကိုင်တွေဟာ Sioux နယ်မြေတွေကို ထပ်မံတိုက်ခိုက် လာပြန်ပါတယ်။ Bull ဟာ သူတို့ရဲ့ကျူးကျော်မှုကို Sioux,Cheyenne,Arapaho စတဲ့ အင်ဒီယန်း တိုင်းရင်းသားတွေ စုစည်းပြီး Montana နယ်မြေမှာစခန်းချကာပြန်လည်ခုခံခဲ့ပါတယ်။ ဇွန် ၂၇ ရက်နေ့မှာတော့ Crook ရဲ့တပ်တွေဟာ Rosebud တိုက်ပွဲမှာ အင်ဒီးယန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အတော်အထိနာသွားခဲ့ပါတယ်။ အဲဒီနောက် Bull ရဲ့ ညွှန်ကြားချက်နဲ့အတူ အင်ဒီယန်းတွေဟာ သူတို့တပ်တွေကို Bighorn မြစ်ဘေးက တောင်ကြားတွေဆီ ရွေ့ပြောငိးစေခဲ့ပါတယ်။ သူဟာ Sun Dance လို့ အင်ဒီယန်းတွေခေါ်တဲ့ အလွန်မြင့်မားတဲ့တောင်ထိပ်တွေဆီကနေမိမိဒေသကိုချဉ်းကပ်လာတဲ့ ရန်သူတွေကိုစောင့်ကြည့်ပြီး မိမိသက်ကွငိးထဲကို စစ်မြူခေါ်ဆောင်ကာ အပြတ်သတ်ချေမှုန်းတဲ့နည်းကို ကျင့်သုံးခဲ့ပါတယ်။
Bull ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာကြောင့် Little Bighorn လို့သမိုင်းမှာ အမည်ရတဲ့တောင်ကြားတိုက်ပွဲမှာ လူဖြူအမေရိကန်များစွာကျဆုံးခဲ့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေအလုံးအရင်းနဲ့ စေလွှတ်ပြီး အင်ဒီယန်းတွေကို ချေမှုန်းဖို့အထိဖြစ်လာတာပါ။ အင်ဒီယန်းမျိုးနွယ် Siouxတွေ မည်မျှပင် ဇွဲသတ္တိကောင်းသော်လည်း ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ အမေရိကန်တပ်မတော်ကိုတော့ အံတုခြင်းငှါ မတက်နိုင်ပါဘူး။ ဒါအပြင်ထောက်ရူရမဲ့အကြောင်းအရင်းများစွာရှိနေတာကြောင့် အင်ဓီးယန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Hunger ဦးဆောင်တဲ့ Sioux များစွာက လက်နက်ချအညံ့ခံကြပါတယ်။
Sitting bull ကတော့လက်နက်ချခြင်းမပြုပဲ ၁၈၇၇ခုနှစ် မေလမှာ ကျန်ရှိတဲ့ နောက်လိုက်အနည်းငယ်နဲ့အတူ အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ပြီး ကနေဒါနိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ အမေရိကန်အစိုးရနဲ့ ကုန်သွယ်မှုပြဿနာတွေရှိနေတဲ့ ကနေဒါအစိုးရဟာ Bull တို့ကို လက်ခံခဲ့ပေမယ့် တာဝန်ယူ ကူညီစောင့်ရှောက်ခြင်းတော့မရှိပါဘူး။ ကနေဒါမှာရှိခဲ့တဲ့ လေးနှစ်ကာလလုံး မည်သည်အဖွဲ့အစည်းကမျှ လူသားခြင်းဆိုင်ရာထောက်ပံ့မှုတွေကို အငိဒီးယန်းတွေအပေါ်မပေးခဲ့ပါဘူး။ ဒါ့အပြင် သူတို့ကျင်လည်ရာဒေသလို အမဲလိုကိဖို့နဲ့ စိုက်ပျိုးရေးလုပ်ဖို့ ကနေဒါအာဏာပိုင်တွေက ခွင့်မပြုတာကြောင့် အင်ဒီးယန်းတွေဟာ အငတ်ဘေးဆိုက်ရောက်လာခြင်း နဲ့ ရောဂါဘယထူပြောခြင်းတွေဖြစ်လာပြီး sitting bull ရဲ့ နောက်လိုက်တွေ တဖြည်းဖြည်းလျော့နည်းလာပြီး လက်နက်ချဖို့အကြောင်းဖန်လာခဲ့ရပါတယ်။
၁၈၈၃ခုနှစ် မှာ ရက်အင်ဒီးယန်းခေါင်းဆောင် Sitting Bull ဟာ အမေရိကန်အခြေစိုက် လူအခွင့်အရေးလှုပ်ရှားတဲ့ Standing Rock အဖွဲ့နဲ့ ပူးပေါင်းပြီး အင်ဒီးယန်းတွေရဲ့ လူအခွင့်ရေးချိုးဖောက်ခံရမှုတွေကို တင်ပြ ဆန့်ကျင်ခဲ့ပေမယ့်အချည်းနှီးသာ ဖြစ်ခဲ့ရပါတယ်။ ၁၈၈၅ခုနှစ်မှာတော့ အင်ဒီယန်းနွယ်ဝင် သူလျိုတစ်ဦးရဲ့ ခွင့်ပြုချက်နဲ့ သူဟာ Buffalo Bill ရဲ့Wild West Show မှာပါဝင်ခွင့်ရခဲ့ပြီး နိုင်ငံတကာကသူ့ကိုသတိထားမိလာပါတယ်။ အဲဒီကနေတစ်ဆင့် အမေရိကန်အစိုးရရဲ့ အင်ဒီယန်းတွေအပေါ် လူသားချင်းစာနာမှုကင်းမဲ့တဲ့အကြောင်း နိုင်ငံတကာကို အသိပေးနိုင်ခဲ့ပါတယ်။
၁၈၉၉ခုနှစ်မှာတော့ အင်ဒီးယန်းတွေရဲ့ ခရစ်စမတ်မတိုင်မီ လူဖြူတွေကိုဖယ်ရှားပြီး အင်ဒီးယန်းရဲ့ရှေးဆောင်ယဉ်ကျေးမှုရဲ့အဖျက်သမားမိစ္ဆာတွေအဖြစ်သိမ်းဆည်းမယ်ဆိုတဲ့ ရှေ့ဖြစ်ဟောတမ်းကိုဖြန့်ဝေတဲ့ Ghost Dance ဆိုတဲ့ဘာသာရေးအဖွဲ့ဟာပျံ့နှံ့လာပါတယ်။ ကနေဒါကိုထွက်ပြေးရပြီး အစာရေစာငတ် ရောဂါတွေကြောင့်သေဆုံးခဲ့ရတဲ့ Sioux မျိုးနွယ်တွေမိသားစုဝင်တွေရဲ့ဆူပူအုံ့ကြွမှုတွေအပြီး Ghost Dance တွေဟာ အင်အားကြီးလာခဲ့ပါတယ်။ ဒီအဖွဲ့ကိုတော့ ရက်အင်ဒီးယန်းခေါင်းဆောင် Sitting Bull က လျို့ဝှက်ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒေသအာဏာပိုင်တွေကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရဲနဲ့စစ်သားတွေကို တာဝန်ပေးပြီး Ghost Dance ခေါင်းဆောင်တွေကို ဖမ်းဆီးစေခဲ့ပါတယ်။ ၁၈၉၀ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှာတော့ sitting bull ဟာ သူကိုမွေးဖွားခဲ့တဲ့ Grant မြစ်ဘေးမှာ ဖမ်ဆီးရန်ကြိုးစားတာကို လက်မခံတဲ့အတွက် အာဏာပိုင်တွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သူ့ကိုအင်ဒီယန်းတွေရဲ့ခံတပ် Yates မှာသဂြိုလ်ခဲ့ပါတယ်။ ၁၉၅၃ခုနှစ် မှာတော့သူ့အုတ်ဂူကို တောင်ဘက် Dakota မှာရှိတဲ့ Mobridge ကိုပြောင်းရွေ့သဂြိုလ်ပြီး အဲဒီနေရာမှာရှိတဲ့ အလွန်မာကြောတဲ့ ကျောက်နံရံမှာ သူ့နာမည်ရေးထိုးထားပြီး အရိုးတိုင်တစ်ခုကို အမှတ်အသားပြုထားခဲ့ပါတယ်။
သုတဇုန်