ရေးသားသူ – ကိုရင်ကျော်
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ တောရွာလေးတစ်ရွာတွင် Garfield ကို ၁၇၉၉ ခုနှစ် တွင် ဖွားမြင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် Eliza ဆိုသူ သူ၏သူငယ်ချင်းနှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။ ဂါဖီးတို့ ဇနီးမောင်နှံသည် သစ်ခုတ်ခြင်းလုပ်ငန်းဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေး ဝမ်းကြောင်းရသည်။ သူတို့၏ တဲအိမ်ငယ်လေးထဲတွင် မိသားစုပျော်ပျော်ပါးပါးနေထိုင်ခဲ့ကြပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့လေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင်း Orange မြို့အနီးသို့ ပြောင်းရွှေ့နေထိုင်သည်။
ထိုနေရာသည် တစ်အိမ်နှင့်တစ်အိမ်အလွန်ဝေးကွာသည်။ သူတို့အိမ်နှင့် အနီးဆုံးအိမ်ပင်လျှင် ၇ မိုင်ခန့်ကွာဝေးလေသည်။ အမေရိကန်ပြည်ထောင်စု၏ ၂၀ ယောက်မြောက် သမ္မတဖြစ်လာမည့် James Abram Garfield ကို ၁၈၃၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂါဖီးတို့ ဇနီးမောင်နှံ၏ စတုတ္ထမြောက်သားအဖြစ် မွေးဖွားခဲ့လေသည်။ James Abram Garfield အသက် တစ်နှစ်ခွဲခန့်တွင် တောမီးလောင်သောအခါ နေအိမ်မှာ မီးထဲပါ သွားသောကြောင့် ဒုက္ခကြီးစွာ ခံစားကြရလေသည်။

တောမီးသည်အစွမ်းကုန်လောင်ကျွမ်းသဖြင့် ဖခင် ဂါဖီးသည် ဇနီးနှင့်သားသမီးများ၏ အသက်ကို ကယ်တင်ရင်း မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း မီးလောင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့လေသည်။ ဖခင်သည် ထိုစဉ်က အသက် ၃၂ နှစ်မျှသာ ရှိသေးသော ကြောင့် သားသမီး ၄ ယောက်နှင့် မိခင်မုဆိုးမသည် ထိုနေရာတွင်ပင် တဲထိုးကာ ဘဝကို လှုပ်ရှားရုန်းကန်ခဲ့လေသည်။ မိခင်ဖြစ်သူသည် သားသမီးများကို ထမင်းနှစ်နပ်ကျွေးပြီး၊ မိမိကိုယ်တိုင်ကမူ ထမင်းတစ်နပ်သာစားပြီး ဆင်းရဲမှုကို ခါးစည်းခံခဲ့လေသည်။ သို့သော်ဆင်းရဲသည့်ဒဏ်ကို မခံနိုင်သည့်အတွက် အနီးဆုံးရွာလေး တစ်ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။
James Abram Garfield သည် အသက် ၄ နှစ်အရွယ်တွင် ကျောင်းနေခဲ့ရပြီး၊ မိခင်ဖြစ်သူကလည်း ကြပ်မတ်သင်ကြားပေးသောကြောင့် စာရေး၊စာဖတ်ကျွမ်းကျင်စွာတတ်မြောက်ခဲ့လေသည်။ မိခင် ဖြစ်သူသည် ကျောင်းအားချိန်များတွင် စာများများဖတ်ရန် အမြဲတိုက်တွန်းလေ့ရှိသောကြောင့် မိခင်၏ စကားအတိုင်း စာဖတ်ခြင်းကို လိုလိုလားလားလုပ်ဆောင်ခဲ့လေသည်။
James Abram Garfield အသက် ၁၂ နှစ်အရွယ်တွင် အစ်ကိုကြီးဖြစ်သူ အလုပ်လုပ်ကိုင်ရန် အိမ်မှထွက်သွားသဖြင့် ကျောင်းမှ ထွက်လိုက်ရသည်။ လူကြီးတို့၏လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ရသောကြောင့် ပင်ပန်းဆင်းရဲသော်လည်း အချိန်ရသမျှ စာဖတ်ခြင်းဖြင့် ပညာရှာခဲ့ လေသည်။ James Abram Garfield က ပင်ပင်ပန်းပန်းလုပ်ကိုင်နေရခြင်းမှာ ပညာမရှိ၍ဖြစ်ကြောင်း သဘောပေါက်ပြီး ပညာတတ်မှဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့လေသည်။
James Abram Garfield ၏ ပညာရှာပုံမှာ အလွန်အတုယူဖွယ်ကောင်းသည်။ ဝတ္တရားအရ လုပ်နေသည်မဟုတ် စိတ်ရောကိုယ်ပါ လေ့လာသည်။ အလုပ်လုပ်ရာတွင်လည်း ဤအတိုင်း ကျင့်သုံးသည်။ အိမ်နားနီးချင်းထံမှ လက်သမားပညာကိုလည်း စိတ်ပါလက်ပါ သင်ယူပြီးလုပ်ကိုင် သည်။ ကြိုးစားအားထုတ်ခြင်း၊ ဝိရိယထားအလုပ်လုပ်ခြင်း၊ ဇွဲကောင်းခြင်း တို့ကြောင့် လူအများ၏ ချီးကျူးခြင်းကို ခံယူခဲ့ရသည်။

အသက် ၁၅ နှစ်အရွယ်တွင် ဆားရုံတွင်အလုပ်လုပ်ကိုင်သည်။ အလုပ်တာဝန်များကို အထူးကျေပွန် အောင်ဆောင်ရွက်သည့်အတွက် အလုပ်ရှင်၏ ကျေနပ်နှစ်သက်မှုကို ခံရလေသည်။ တစ်ညတွင် စာဖတ်နေစဉ် စာထဲတွင် နစ်မျောနေသဖြင့် ညည့်နက်သွားလေသည်။ ထိုအချိန်တွင် ပိုရှင်၏ သမီးဖြစ်သူက “ဒီအချိန် အစေခံတွေ အိပ်ရမယ့်အချိန်” ဟု အထက်စီးဖြင့် အပြောခံရသည်။ “အစေခံ” ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသည်နှင့် နှလုံးသားကို အပ်သွားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အိပ်ယာထဲရောက်သော်လည်း နားထဲမှာ ပြန်လည်ကြားယောင်ရင်း “အစေခံ”ဘ၀ မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို တွေးတောစဉ်းစားရင်း မိုးစင်စင်လင်းခဲ့ရသည်။
နောက်ရက်တွင် ဆားရုံပိုင်ရှင်ထံ မရမက ပြောဆိုပြီး အလုပ်မှနှုတ်ထွက်ခဲ့လေသည်။ အိမ်ကို ပြန်ရောက်သောအခါ လုပ်အားခရခဲ့သော ငွေများကို မိခင်ထံအပ်နှံသည်။
“အမေ…၊ကျွန်တော် အစေခံဘဝနဲ့ တစ်သက်လုံးမနေနိုင်ဘူး၊ ဒီနိုင်ငံမှာ ထင်ရှားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်”
“ငါ့သား….လောကမှာ ရည်ရွယ်ချက်ပေါက်မြောက်အောင် လုပ်ဆောင်ဖို့ဆိုတာ ကြိုးစားအားထုတ်မှု က အဓိကဖြစ်တယ်၊ မင်းအဖေ မင်းတို့ငယ်ငယ်က ဆုံးမခဲ့တာ မှတ်မိသေးလား၊ လိုလျှင်ကြံဆ နည်းလမ်းရ၊ လုံ့လဝီရိယရှိသူတွင် မပြီးစီးသော အလုပ်မရှိဆိုတာလေ၊ ဖြစ်မြောက်အောင်ကြိုးစား အားထုတ်ပါသားရယ်”
James Abram Garfield သည် သစ်ခုတ်သမားအလုပ်၊ လယ်သမားအလုပ်များကို လုပ်ကိုင်သည်။ သင်္ဘောသားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ အလုပ်ပန်းသည်ဟု မညီးတွား၊ အလုပ် ကြီးသည်၊ ငယ်သည်မခွဲခြား၊ သေသေချာချာစေ့စေ့စပ်စပ် လုပ်ကိုင်သည်။ သူအလုပ်လုပ်သည့်ကာလ တစ်လျှောက်လုံး စာဖတ်တော့လုံးဝအပျက်မခံခဲ့ပေ။ သင်္ဘောသားအလုပ်ကို ၃ လခန့်လုပ်ကိုင်စဉ်အတွင်း ရေထဲသို့ ၁၄ ကြိမ် ကျခဲ့လေသည်။ သေတွင်းမှ သီသီလေးလွတ်ခဲ့လေသည်။ နောက် ကျန်းမာရေးမကောင်းသောကြောင့် အိမ်သို့ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူက ကျောင်းပြန်တက်ခိုင်းသဖြင့် ကျောင်းပြန်တက်ခဲ့လေသည်။ ကျောင်းပြန်တက်ခဲသော်လည်း အလွန်ဆင်းရဲလှသဖြင့် ကျောင်းစရိတ်ရရန် ညနေနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင် လက်သမားအလုပ်ကို ဝင်ရောက်လုပ်ကိုင်သည်။ အခြားကျောင်းသားများကဲ့သို့ ဝတ်ဆင်နိုင်ခြင်းမရှိဘဲ ဝတ်ထားသောဘောင်းဘီပင်သူ့မှာ အပိုမရှိရှာပေ။ တစ်ခါတစ်ရံတွင် ထမင်း မစားရသည့်ရက်များပင်ရှိခဲ့သည်။
ကျောင်းရက်ရှည်ပိတ်သောအခါ အပိုဝင်ငွေရရန် ရွာထဲမှ ကလေးများကို စာသင်ပေးသည်။ ဤမျှခက်ခက်ခဲခဲဖြင့် ပညာသင်ကြားရင်း သိပ္ပံကျောင်းဆက်တက် နိုင်ရန် လမ်းမမြင်နိုင်ဟုတွေးကာ စိတ်ပျက်နေစဉ် ဆရာတစ်ဦး၏ အားပေးမှုကြောင့်၊ နည်းလမ်းမှန်ကို ညွှန်ပြနိုင်မှုကြောင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူမည်ဟု ဆုံးဖြတ်ချက်ချခဲ့လေ၏။ သိပ္ပံကျောင်းသို့ရောက်သောအခါတွင်လည်း ပညာသင်ကြားရင်း ကျောင်းတက်ကျောင်းဆင်းချိန်များ တွင်ခေါင်းလောင်းထိုးပေးခြင်း၊ စာသင်ခန်းများတွင် အမှိုက်လှည်းရခြင်း၊ ကျောင်းအားရက်များတွင် လက်သမားအလုပ်ကို လုပ်ကိုင်ခြင်း စသည်ဖြင့် ဝင်ငွေရှာပြီးကျောင်းတက်ခဲ့ရလေသည်။ ၁၈၅၆ ခုနှစ်တွင် သိပ္ပံကျောင်းမှ အောင်လက်မှတ်ရရှိခဲ့သည်။
ဆရာအလုပ်ကို လုပ်ကိုင်နေစဉ် ဖူးစာဖက်ကို တွေ့ရှိခဲ့ပြီး ၁၈၅၈ ခုနှစ်တွင် လက်ထပ်ခဲ့လေသည်။ ဇနီးဖြစ်သူသည် ပညာတတ်ဖြစ်သောကြောင့် သူ၏အလုပ်အတွက် အထောက်အပံ့လွန်စွာရရှိခဲ့သည်။ James Abram Garfield သည် ဖြောင့်မတ်တည်ကြည်သည်။ မတရားသည်ကို လက်မခံ။ အမှန်တရား ဘက်ကအမြဲရပ်တည်သည်။ အသေးအဖွဲကကလေးများကိုပင် စနစ်တကျလုပ်ပိုက်ပြောဆို ဆောင်ရွက်တတ်၏။ ကြိုးစားပါ ဟူသောအသုံးအနှုန်းမှာ သူ၏ လက်ကိုင်ဖြစ်သည်။ ဆရာလုပ်ရင်း သူသည် ဥပဒေပညာကို ဆက်လက်ဆည်းပူးလေ့လာသည်။ ထိုစဉ်က အမေရိကန်နိုင်ငံ တွင် ငွေဝယ်ကျွန်များနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့်အချိန်အခါဖြစ်သည်။
James Abram Garfield က ငွေဝယ်ကျွန် မရှိသင့်ကြောင်း ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့လေသည်။ သူ၏ ဉာဏ်ပညာကြီးမားခြင်း၊ စကားပြောကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ ရဲရင့်ခြင်းတို့သည် ထင်ရှားကျော်ကြားလာသည့်အတွက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်သောအခါ တပ်မတော်တွင် ဗိုလ်ကြီးအဖြစ် တိုင်းပြည်အကျိုးကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ပြည်တွင်းစစ်ကာလအတွင်းဗိုလ်ချုပ်ကြီးဘ၀ ၁၈၆၃ ခုနှစ်တွင် သမ္မတအေဗရာဟင်လင်ကွန်းက စစ်ဗိုလ်ချုပ်ကြီးဖြစ်နေသော James Abram Garfield ကို သူ၏ရုံးတွင် ခေါ်ယူခန့်ထားလေသည်။ ထိုသို့ခေါ်ယူခန့်ထား သော်လည်း အခြေအနေအရ ဗိုလ်ကြီးလစာသာခံစားခွင့်ပြုထားသဖြင့်များစွာနစ်နာလေသည်။ သို့သော် သူသည် နစ်နာမှုကို ဂရုမထားဘဲ တိုင်းပြည်၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့လေသည်။ အိမ်ဖြူတော်တွင်နေရစဉ် James Abram Garfield ထံမှ အတုယူဖွယ်အကောင်းဆုံးမှာ သူသွားလေရာတွင် စာအုပ်များ အမြဲပါပြီး အချိန်ရသမျှစာဖတ်ခဲ့သူဖြစ်သည်။
သူ၏ ကြိုးစားအားထုတ်မှုကြောင့်လည်းကောင်း၊ အလုပ်အပေါ်စေတနာထားခြင်းကြောင့်လည်း ကောင်း အသက် ၄၉ နှစ်အရွယ် ၁၈၈၀ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၂၀ ယောက်မြောက် သမ္မတဖြစ်လာခဲ့လေသည်။
ဒုက္ခနှင့်အရင်းတည်ခဲ့သော သူ့ဘဝသည် သုခနှင့်အဆုံးသတ်ခဲ့ပါသည်။

တစ်ဦးတစ်ယောက် ကျွန်တော့်စာများဖတ်ပြီး ထိပ်တန်းကို ရောက်ရှိစေရန် ရည်ရွယ်ပါတယ်။ အတတ်နိုင်ဆုံးဆီလျော်အောင် ကိုးကား ပြန်ဆိုထားလို့ အမှားပါရင်၊ အမှားတွေ့ရင် ထောက်ပြကြပါ။ မူရင်းအတိုင်း အင်္ဂလိပ်လို လေ့လာနိုင်အောင် အောက်မှာဖော်ပြပေးလိုက်ပါတယ်။
http://en.wikipedia.org/wiki/James_A._Garfield နှင့် သူ့ဘ၀ အကြောင်းအရာများ
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်