ဘာသာပြန်ရေးသားသူ – မောင်မောင်စိုး (Academy Page)
Iran–Iraq War
Date – 22 September 1980 – 20 August 1988 (7 years, 10 months, 4 weeks and 1 day)
“ အီရန် – အီရတ် စစ်ပွဲ” သည် ၁၉၈၀ – စက်တင်ဘာလ အချိန်က အီရတ် နိုင်ငံ မှ အီရန် နိုင်ငံအား ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့သည် ။ ၁၉၈၈ -သြဂုတ် လတွင် ကုလသမဂ္ဂ အဖွဲ့ ကြီးမှ ကြားဝင်စေ့စပ် မှုကြောင့် နှစ်နိုင်ငံ စစ်ပွဲရပ်စဲရန် သဘောတူခဲ့ကြသည် ။
ထိုစစ်ပွဲ သည် ၂၀ -ရာစုအချိန်က အကြာရှည်ဆုံး နှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးစစ်ပွဲဖြစ်ခဲ့ကာ နှစ်ဖက်စလုံးမှ လူဦးရေ သန်းချီ သေဆုံးခဲ့ကြသည် ။ ထိုစစ်ပွဲ သည် အီရန် နှင့် အီရတ်နှစ်နိုင်ငံ စလုံးအတွက်မည်သူမျှ မနိုင်ဘဲပြီးဆုံးခဲ့သည့်စစ်ပွဲဖြစ်သည် ။
နောက်ခံသမိုင်း
ယနေ့အီရတ် နိုင်ငံဒေသ သည် အေဒီ ၁၅၃၄ – မှ ၁၉၁၄ – အချိန်အထိ အော်တိုမင်အင်ပါယာ လက်အောက်သို့ကျ ရောက်ခဲ့သည် ။ထိုအချိန်မှစ၍ အီရတ်ဒေသသည် အိမ်နီးချင်း အီရန်ဒေသ နှင့် ပြိုင်ဖက်အဖြစ် တည်ရှိလာခဲ့ကာ စစ်ရေး ပဋိပက္ခပြသနာများ ရာစုနှစ်များစွာတိုင် ဖြစ်ပေါ်ခဲ့သည် ။
ပထမကမ္ဘာစစ်တွင် အာရပ်မူဆလင်တို့သည် ဗြိတိသျှ တို့နှင့်ပူးပေါင်းခဲ့သည် ။ ပထမကမ္ဘာစစ်တွင် ဗြိတိသျှ တို့အနိုင်ရပြီးအော်တိုမင်အင်ပါယာ ပျောက်ကွယ်ခဲ့ကာ ၁၉၂၀ တွင် ဗြိတိသျှတို့မှ ခေတ်သစ် အီရတ်နိုင်ငံကိုထူထောင်ပေးခဲ့သည် ။ ထိုအချိန်က အင်္ဂလိပ်များခွဲပေးခဲ့သည့် အီရန် – အီရတ် နယ်နမိတ် ကိုနှစ်နိုင်ငံစလုံးမှ သဘော မတူကြပေ ။
အထူးသဖြင့် အီရတ်နိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်ကာ ပါရှန်ပင်လယ်ကွေ့သို့ထွက်ပေါက် အဖြစ် ကျဉ်းမြောင်းသည့် Shatt al Arab မြစ်လမ်းကြောင်းတခုသာရရှိခဲ့သည် ။ ၁၉၃၇ – ခုနှစ်အချိန်က အီရန်နိုင်ငံမှ Shatt al Arab မြစ်ကြောင်းထွက်ပေါက် အားလုံးအား အီရတ်နိုင်ငံကို ထိန်းချုပ်ခွင့်ပေးရန်သဘောတူခဲ့သည် ။
နှစ်နိုင်ငံပြသနာ
အီရန် နှင့် အီရတ် နှစ်နိုင်ငံအကြားတွင် နယ်စပ်အငြင်းပွားမှုပြသနာ အဓိက နှစ်ချက်ရှိခဲ့သည် ။ ၎င်းတို့မှာ လူမျိုးရေးပြသနာ နှင့် နှစ်နိုင်ငံလုံးတွင်နိုင်ငံရေးမတည်ငြိမ်မှု ပြသနာဖြစ်သည် ။ အီရတ် နိုင်ငံ သည် ရှေးအချိန်မှစ၍ အာရပ်ဒေသဖြစ်ခဲ့ပြီး ၊ အီရန်ဒေသ မှာပါရှန်ဒေသဖြစ်ခဲ့သည် ။
သို့သော်လည်း အာရပ်မူဆလင်များသည် အီရန်တောင်ဖက် Khūzestān ပြည်နယ်တွင် အများအပြား နေထိုင်ကြသည် ။ အီရတ် တွင် Shia မူဆလင် ၆၅% နှင့် Sunni မူဆလင် ၃၀% ကျော်နေထိုင်ကြပြီး အီရန် လူဦးရေ၏ ၉၃% မှာ Shia မူဆလင် များဖြစ်ကြသည် ။သို့သော် နှစ်နိုင်ငံစလုံး၏ မြောက်ဖက်ဒေသ တွင် အာရပ်လဲမဟုတ် ၊ ပါရှန်လဲမဟုတ်သည့် Kurds လူမျိုးများစွာနေထိုင်ကြသည် ။
နှစ်နိုင်ငံလုံးရှိ Shia မူဆလင် ဘာသာရေးခေါင်းဆောင်များသည် နိုင်ငံရေးတွင် သြဇာအာဏာရှိသကဲ့ သို့ အီရန် – အီရတ် ဆက်ဆံရေးများကို တခါတရံ တားမြစ်ထားလေ့ရှိတတ်ကြသည် ။
ဒုတိယပြသနာမှာ နှစ်နိုင်ငံလုံးတွင်နိုင်ငံရေးမတည်ငြိမ်မှု ပြသနာဖြစ်သည် ။ အီရန်နိုင်ငံတွင်တော်လှန်ပုံကန်မှုဖြစ်လျှင် အီရတ်နိုင်ငံမှ မီးမွှေးပေးပြီး အီရတ်တွင် ပြသနာဖြစ်လျှင် အီရန် နိုင်ငံမှ မီးမွှေးပေးလေ့ရှိတတ်သည် ။ ဤနည်းဖြင့် တခြားနိုင်ငံ၏ နိုင်ငံရေးအားနည်းချက်များကို ထောက်ပြကာ မိမိနိုင်ငံအတွင်း နိုင်ငံရေး အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်လေ့ရှိတတ်ကြသည် ။
ထိုအချိန်က အီရန်နိုင်ငံ၏ ရှားဘုရင် Muhammad Reza Shah Pahlavi သည် အနောက်နိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှုရရှိခဲ့ကာ အာဏာရရှိနေချိန်ဖြစ်သည် ။ ၁၉၆၉ – ခုနှစ်တွင် အီရတ်နိုင်ငံတွင် စစ်ခေါင်းဆောင် ဆဒန်ဟူစိန် အာဏာရရှိလာခဲ့သည် ။ သူသည် အာရပ်ကမ္ဘာကို အင်အားကြီးထွား အောင် လုပ်ဆောင်ပြီး အနောက်နိုင်ငံများ နှင့် အမေရိကန် ပြည်ထောင်စု၏ သြဇာလွှမ်းမိုးမှုကို မလိုလားသူဖြစ်သည် ။ ၁၉၇၀ – ခုနှစ်အချိန်မှစ၍ အီရန် နှင့် အီရတ် နှစ်နိုင်ငံနယ်စပ်ပြသနာ သည်တဖြည်းဖြည်းကြီးထွားလာခဲ့သည် ။
စစ်ပွဲ မီးစ
၁၉၇၀ -အစောပိုင်းအချိန်တွင် Kurdish လူမျိုးများသည် အီရတ် အစိုးရအား တောင်လှန်ပုံကန်မှုဖြစ်ပွားလာခဲ့ရာ အီရန်အစိုးရမှ တခြားနိုင်ငံများ နှင့် ဆက်သွယ် ကာ Kurdish သူပုန်များကို ထောက်ပံံ့သည် ။ ၁၉၇၅ – ခုနှစ်တွင် အလ်ဂျီးယား နိုင်ငံ၌ နှစ်နိုင်ငံဆွေးနွေးပွဲများပြုလုပ်ပြီး အီရန်တို့မှ Kurdish သူပုန်များကို အကူအညီရပ်ဆိုင်းရန် နှင့် Shatt al Arab မြစ်ရေလမ်းကြောင်းကို အတူတကွ ခွဲဝေသုံးစွဲရန်သဘောတူညီခဲ့ကြသည် ။
၁၉၇၉ – ခုနှစ်တွင် အီရန်နိုင်ငံ၌ ရှားဘုရင်ပြုတ်ကျပြီး Shia မူဆလင် ဘာသာရေးခေါင်းဆောင် Ayatollah Ruhollah Khomeini ( အယာတိုလာခါမီနီ ) အာဏာရလာကာ အီရန် နိုင်ငံအား Islamic republic နိုင်ငံအဖြစ်ထူထောင်ခဲ့သည် ။ ၁၉၇၉ – နိုဝင်ဘာလတွင် အီရန်နိုင်ငံရှိ အမေရိကန်သံရုံးကို ဝင်ရောက်ကာ သံအမှုထမ်းများအား ဓါးစာခံ အဖြစ် ဖမ်းဆီးခဲ့ရာနိုင်ငံပြသနာများ ရှုပ်ထွေးနေချိန်ဖြစ်သည် ။ အီရတ်နိုင်ငံတွင်နိုင်ငံ၏ နိုင်ငံရေးသြဇာအားလုံးကို Sunnis မူဆလင်များမှ ထိန်းချုပ်ထား ချိန် ဖြစ်သည် ။
အီရန်နိုင်ငံတွင် Shia မူဆလင်များ အာဏာရရှိလာသောအခါ ဆဒန်ဟူစိန်သည် အီရန်၏ သြဇာအာဏာများ အီရတ်ရှိ Shia မူဆလင်များ အပေါ်သက် ရောက် လာမည်ကိုကြောက်ရွံ့လာခဲ့သည် ။ နောက်ဆုံး နှစ်နိုင်ငံနယ်စပ် ပြသနာကို အကြောင်းပြကာ ၁၉၈၀ – စက်တင်ဘာလ ၂၂ -ရက်နေ့ တွင် အီရတ်တို့က အီရန်ကို ဝင်ရောက်တိုက်ခိုက်ရာမှ အီရန် – အီရတ်စစ်ပွဲ စတင်ဖြစ်ပွားလာခဲ့သည် ။
စစ်ပွဲ
စစ်ပွဲစတင်သည် နှင့် အီရတ်တပ်ဖွဲ့သည် Shatt al Arab မြစ်ကိုထိန်းချုပ်ကာ အီရန် နိုင်ငံတောင်ဖက် နယ်စပ်မြို့ Khorramshahr အားသိမ်းယူသည် ။ အီရတ်တပ်များသည် ရေနံကြွယ်ဝသည့် Khūzestān ပြည်နယ်အတွင်း နယ်စပ်မှ မိုင် ၃၀၀ -အထိ သိမ်းယူခဲ့သည် ။
သို့သော်လည်း အီရတ်တပ်များသည် အီရန်တို့၏ မထင်မှတ်သည့် ခံစစ် ကို ရင်ဆိုင်ရပြီး ထိုး စစ်ရပ်တန့် သွားခဲ့သည် ။ အီရန်ရေတပ်မှ အီရတ်၏ ပင်လယ် ထွက်ပေါက်ကိုပိတ်ဆို့ထားခဲ့ပြီး အီရန်လေတပ်မှ အီရတ်တို့၏ မြေပြင်ထိုးစစ်ကို ထိန်းချုပ်ထားခဲ့သည် ။
စစ်ပွဲစတင်ချိန်က အီရတ်တို့သည် အီရန် အားအောင်နိုင်ကာ နှစ်နိုင်ငံနယ်စပ်မျဉ်းကို လဲပြင်ဆင် နိုင် လိမ့်မည်ဟုထင်မှတ်ခဲ့ကြသည် ။ အီရန်တို့၏ နိုင်ငံရေးစနစ်များပြောင်းလာနိုင်လိမ့်မည်ဟုယူဆခဲ့ကြသည် ။ သို့သော်လည်း စစ်ပွဲကြာလာသည်နှင့်အမျှ နှစ်ဖက်စလုံးအကျအဆုံးများပြားမှု နှင့် အတူ အီရတ်တို့၏ ရည်မှန်းချက်များပျက်ပြားလာခဲ့သည် ။
၁၉၈၁ – ခုနှစ်အတွင်းမှာပင် အီရတ်တပ်များသည် စစ်ပွဲရပ်စဲရန် ကြိုးစားခဲ့သော်လည်း အီရန်တို့မှ သဘောမတူဘဲ တန်ပြန်ထိုးစစ်ကိုသာ ဆင်နွဲလာခဲ့သည် ။ ၁၉၈၂ – အချိန်မှစ၍ အီရန်တပ်များသည် အီရတ်တပ်များကို တဖြည်းဖြည်း အောင်နိုင်လာပြီး နယ်စပ်ကိုကျော်လွန်ကာ အီရတ်တောင်ပိုင်း Al Başrah မြို့အထိသိမ်းယူနိုင်လာခဲ့သည် ။
အီရတ်တပ်များသည် စစ်ပွဲရံှုးနိမ့် လာသောအခါ ဓါတုအဆိပ် ဓါတ်ငွေ့လက်နက်များကို သုံးစွဲကာအီရန်တပ်များကို တိုက်ခိုက်လာသည် ။ အီရန်ပြည်သူများအား ပစ်မှတ်ထားလာခဲ့သည် ။ အီရန်မြို့များကို ဒုံးပျံများပစ်ခြင်း ၊ အီရန်တို့၏ ရေနံမြေများ ၊ ပါရှန်ပင်လယ်ကွေ့ရှိ အီရန်ကုန်တင် သင်္ဘောများကို တိုက်ခိုက်ခြင်းများပြုလုပ်လာခဲ့သည် ။ ထို့အတူ အီရန်တို့မှလည်း အီရတ်ပြည်သူများ နှင့် စီးပွားရေး လုပ်ငန်းများကို ပြန်လည်တိုက်ခိုက်လာခဲ့သည် ။
သံတမန်နည်းဖြင့် အဖြေရှာမှု
စစ်ပွဲအချိန်က အာရပ်နိုင်ငံ များဖြစ်သည် အီဂျစ် ၊ ဂျော်ဒန် ၊ ဆော်ဒီအာရေဗျ နိုင်ငံများ နှင့် ဆိုဗီယက်ပြည်ထောင်စုတို့က အီရတ်ဖက်မှ အကူအညီပေးခဲ့ကြသည် ။ ဆီးရီးယား ၊ လစ်ဗျား နိုင်ငံများက အီရန်ဖက်မှကူညီပေးခဲ့ကြသည် ။ စစ်ပွဲစတင်ချိန်က ဆိုဗီယက်မိတ်ဆွေဖြစ်သည့် အီရတ် တို့သည် အမေရိကန် နှင့် သံတမန်အဆက် အသွယ် မရှိခဲ့ပေ ။
သို့သော်လည်း အီရတ်တို့သည် ဆော်ဒီအာရေဗျနိုင်ငံကိုကြားခံထားကာ အမေရိကန် လက်နက်များကို ဝယ်ယူလာခဲ့သည် ။ ထို့အတူ အမေရိကန်အစိုးရသည် ၁၉၈၅ -၈၆ အချိန်တွင် အီရန် နိုင်ငံအား လျို့ဝှက် လက်နက် ရောင်းချလာခဲ့သည် ။ စစ်ပွဲကြာရှည်လာသည်နှင့်အမျှ အီရန် နှင့် အီရတ် နှစ်နိုင်ငံစလုံးမှ ဤစစ်ပွဲသည် အောင်နိုင်မှု မရရှိနိုင်ဟု သိမြင်လာကြသည် ။
စစ်ပွဲရပ်စဲခြင်း
၁၉၈၇ – အချိန်တွင် ကုလသမဂ္ဂ အဖွဲ့ကြီးသည် စစ်ပွဲတွင် ပါဝင်လာခဲ့သည် ။ ၁၉၈၇ – ဇူလိုင်လ တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဆုံးဖြတ်ချက် ၅၉၈ -ကိုချမှတ်ခဲ့သည် ။ ထိုဆုံးဖြတ်ချက်အရ အီရန် – အီရတ် နှစ်နိုင်ငံစလုံး ၏ တပ်များသည် မူလ နယ်နမိတ် နေရာသို့ ဆုတ်ခွာရန် နှင့် စစ်ပွဲရပ်စဲကာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတပ်များချထားရန်တို့ဖြစ်သည် ။
သို့သော်လည်း ထိုဆုံးဖြတ်ချက်ကို အီရတ်မှ လိုက်နာပြီး နယ်မြေ အနိုင်ရထားသည့် အီရန်တို့မှ သဘောမတူခဲ့ကြပေ ။ ၁၉၈၈ – ခုနှစ်တွင် အီရတ်တပ်များသည် အီရတ်နယ်မြေထဲမှအီရန်တပ်များကို မောင်းထုတ်နိုင်ခဲ့သည် ။ နောက်ဆုံး အီရန်ခေါင်းဆောင်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ကိုလိုက်နာရန် သဘောတူညီခဲ့ကြသည် ။
ထိုသဘောတူညီချက် နှင့်အတူ ၁၉၈၈ -သြဂုတ်လ ၂၀ -ရက်နေ့တွင် အီရန် နှင့် အီရတ် နှစ်နိုင်ငံလုံးမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၅၉၈ – ကို လက်ခံကာ စစ်ပွဲရပ်စဲခဲ့ကြသည် ။
စစ်ပွဲပြီးနောက်
အီရန် – အီရတ် စစ်ပွဲသည် ၈ – နှစ်ကြာမြင့်ခဲ့ပြီး နှစ်ဖက်စလုံးမှ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့သည် ။ စစ်ပွဲကြောင့် နှစ်နိုင်ငံစလုံး၏ နိုင်ငံရေး သည်လည်း အပြောင်းအလဲ မဖြစ်ပေါ်ခဲ့ပေ ။ စစ်ပွဲသည်ပုံမှန်စစ်ပွဲမဟုတ်ပဲ နှစ်ဖက်စလုံးမှအရပ်သားများကို ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည် ။
အီရန်ဖက်မှ အကျအရှုံးပိုများခဲ့ပြီး နှစ်ဖက်စလုံးပေါင်း စစ်သား နှင့် အရပ်သား နှစ်သန်းခန့်သေဆုံး ခဲ့လိမ့်မည်ဟုခန့်မှန်းကြသည် ။ထိုအချိန်က နှစ်ဖက်စလုံးမှ ဒေါ်လာဘီလီယံ ၅၀၀ ကျော် ဆုံးရှုံးခဲ့ကြသည် ။ အထူးသဖြင့် အီရတ်နိုင်ငံသည် အာရပ်နိုင်ငံများအပေါ် အကြွေးများစွာ တင်ကျန်ခဲ့သည် ။
အီရတ်နိုင်ငံသည် စစ်ပွဲကြောင့် ကူဝိတ် နိုင်ငံအပေါ်တင်ကျန်နေသည့် အကြွေးကိုမပေးဆပ်လိုသဖြင့် ကူဝိတ်အား ကျူးကျော်ရာမှ ၁၉၉၁ – ခုနှစ်တွင် ဤ ဒေသတွင် ပါရှန်ပင်လယ်ကွေ့စစ်ပွဲ တဖန် ဖြစ်ပေါ်လာခဲ့ပေသည် ။
မောင်မောင်စိုး (Academy Page)