အီရတ်ဟာ အရှေ့အလယ်ပိုင်းဒေသကနိုင်ငံတစ်ခုဖြစ်ပြီးတရားဝင်နာမည်ကတော့ အီရတ် သမ္မတနိုင်ငံ Republic of Iraq ဖြစ်ပါတယ်။ အီရတ်ရဲ့အနောက်ဘက်မှာဆိုရင် ဂျော်ဒန်နိုင်ငံ၊အနောက် မြောက်ဘက်မှာဆိုရင် ဆီးရီးယားနိုင်ငံ၊ မြောက်ဘက်မှာဆိုရင်တူရကီ၊အရှေ့ဘက်မှာ ဆိုရင် အီရန်၊ တောင်ဘက်မှာဆိုရင် ကူဝိတ်နဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။
နိုင်ငံရဲ့တရားဝင်ဘာသာစကားကတော့ အာရပ်ဘာသာစကား နဲ့ ကာ့ဒ်( Kurdish) ဘာသာစကားတို့ ဖြစ်ပါတယ်။ အီရတ်ဟာကမ္ဘာ(၃၆)နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပြီး(၂၀၁၈) ခုနှစ်စာရင်းတွေအရ လူဦးရေ(၃၈ ၄၃၃ ၆၀၀)ဦးအထိကိုရှိနေတယ်လို့သိရပါတယ်။ နိုင်ငံ ရဲ့အကျယ်အဝန်းကတော့ (၁၆၈ ၇၅၄)စတုရန်းမိုင်ရှိပြီးနယ်မြေရဲ့ (၁.၁)ရာခိုင်နှုန်း လောက်ကသာ ရေထုဖြစ်တယ်ပါတယ်။ လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင် မှာ (၂၁၄.၂)ဦးအထိနေထိုင်တယ်လို့သိရပါတယ်။
ဘဂ္ဂဒတ်မြို့ဟာ အီရတ်ရဲ့အကြီးဆုံးမြိ့ဖြစ်သလို နိုင်ငံရဲ့အဓိကမြို့တော်ကြီးလည်း ဖြစ်ကာ လူဦးရေ ၆.၇သန်းခန့်နေထိုင်ပါတယ်။ ဒီမြို့တော်ကို (၈)ရာစုလောက်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး အာရပ်အင်ပါယာ Abbasid Caliphate ရဲ့မြို့တော်ဖြစ်ခဲ့သလို Tigris မြစ်ကမ်းပါးတလျှောက်မှာတည်ရှိနေတာဖြစ်ပါတယ်။ လူဦးရေ ၇သိန်းအထက်ရှိတဲ့ အခြားထင်ရှားတဲ့မြို့ကြီးတွေကတော့ Mosul ၊ Basra ၊ Kirkuk ၊ Erbil ၊ Najaf နဲ့ Karbala တို့ဖြစ်ကြပါတယ်။
အီရတ်ဟာသဲကန္တာရများစွာတည်ရှိရာ အရပ်ဖြစ်ပေမယ့် နိုင်ငံရဲ့အဓိကမြစ်ကြီး(၂)စင်းဖြစ် တဲ့ ယူဖရေးတီးမြစ်နဲ့တိုက်ဂရစ်မြစ်တွေရဲ့နှစ်စဉ်မြေသြဇာကောင်းမွန်တဲ့နုန်းမြေ (၆၀၀၀၀၀၀၀)ကျူဘစ်မီတာ လောက်ကိုနှစ်စဉ်သယ်ဆောင်ပြီးမြစ်ဝကျွန်းပေါ်တွေဖြစ်စေတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများစွာဖြစ်ထွန်းအောင်မြင်တဲ့မြေများစွာရှိ နေပါတယ်။
တောင်ကုန်းတောင်တန်းတွေကိုတော့အီရတ်နိုင်ငံရဲ့မြောက်ပိုင်းမှာအများ ဆုံးတွေ့ရှိရပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၁၁ ၈၃၄)ပေမြင့်မားတဲ့ Cheekha Dar တောင်ဟာ နိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်အဖြစ်ရှိလို့နေပါတယ်။ အီရတ်နဲ့ ကူဝိတ်နိုင်ငံအကြား ပါရှန်းပင်လယ်ကွေ့မှာတော့ ကမ်းရိုးတန်းအရှည်(၃၆)မိုင် လောက်ဟာ အီရတ်နိုင်ငံရဲ့နယ်မြေအဖြစ်ရှိလို့နေပါတယ်။
အီရတ်ဟာအရှေ့အလယ်ပိုင်းဒေသရဲ့ခေတ်ဟောင်းယဉ်ကျေးမှုထွန်းကားရာနယ်မြေဖြစ်ပြီး UNESCO ရဲ့ကမ္ဘာအမွေအနှစ်နယ်မြေ(၆)နေရာလောက်ဟာ နိုင်ငံအတွင်းတည်ရှိ လို့နေပါတယ်။ Nineveh Governorate နဲ့ al- Jazira ဒေသမှာတည်ရှိတဲ့ Hatra အမည်ရတဲ့ရှေးဟောင်း မြို့တော်ဟာဆိုရင်အီရတ်နိုင်ငံရဲ့သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်ပါတယ်။
(၁၉)ရာစုအတွင်းကတွေ့ရှိခဲ့တဲ့ ယင်းမြို့ဟောင်းကို ရှေးဟောင်းဘာသာအသုံးဖြစ်တဲ့ al-Hadr လို့ လည်းသိကြပြီးနာမည်ကျော် ပါရှန်းအင်ပါယာအတွင်းပါဝင်နေတဲ့ Khvarvaran (စစ်ဘက်ဆိုင်ရာခံတပ်မြို့)တစ်ခုအဖြစ်တည်ရှိခဲ့တာဖြစ်ပါတယ်။ (၁၉၇၃)ခုနှစ်ကထုတ်လုပ် ခဲ့တဲ့ The Exorcist အမည်ရရုပ်ရှင်ရဲ့အဖွင့်ပိုင်းမှာ Hatra ရဲ့ပုံရိပ်ဟာစတင်ပါဝင်လာခဲ့ပြီး (၁၉၈၅)ရောက်ချိန်မှာတော့ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နယ်မြေအဖြစ်သတ်မှတ်ခြင်း ကိုခံခဲ့ရပါတယ်။
မြို့တော်ဘဂ္ဂဒတ်ရဲ့တောင်ပိုင်းမှာတည်ရှိတဲ့ ဘေဘီလုံရှေးဟောင်းမြို့တော်ဟာဆိုရင် လည်း ဘီစီ(၂၃၀၀)ကာလကတည်းကအရှေအလယ်ပိုင်းဒေသရဲ့အထင်ရှားဆုံးမြို့ တော်ကြီးတစ်ခုဖြစ်ပြီး များစွာသော အင်ပါယာတွေရဲ့နိုင်ငံရေး၊ဘာသာရေး၊ယုံကြည်ကိုး ကွယ်မှုနဲ့ စီးပွားရေးဆိုင်ရာအချက်အခြာကျတဲ့ သမိုင်းဝင်နေရာအဖြစ်လည်းတည်ရှိနေပါတယ်။ အံ့ချီးဖွယ်ကောင်းတဲ့ ဘေဘီလုံရဲ့မြို့ရိုးတံခါးကြီးတွေ၊ဘုရားကျောင်းတွေ၊ နန်းတော်တွေဟာ သမိုင်းတစ်ခေတ်ရဲ့စာမျက်နှာတွေအထက် ထည်ဝါစွာရှိခဲ့တဲ့ကမ္ဘာ မြို့တော်ကြီး ဘေဘီလုံကိုထင်ဟပ်နေသယောင်ပါ။
ဒါအပြင်ဘေဘီလုံမြို့အတွင်း မှာ တည်ရှိခဲ့တဲ့ Hanging Garden (မိုးပျံဥယျာဉ်) ဟာဆိုရင်လည်းကမ္ဘာအံ့ဖွယ်စာရင်း (ရှေးဟောင်း)အတွင်းမှာပါဝင်နေခဲ့ပါတယ်။ ယင်းဥယျာဉ်ကိုတော့ ဘီစီ(၆၀၀)ကာလက ဘေဘီလုံဘုရင် Nebuchadnezzar (2) ကအိ်မ်ကိုလွမ်းဆွတ်နေတဲ့သူရဲ့မိဖုရား Amytas အတွက်တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
Al’ Askari Shrine ကတော့ Shai တွေရဲ့ဗလီဖြစ်ပြီးဘဂ္ဂဒတ်မြို့ရဲ့ (၇၅) မိုင်အကွာ ဆာမာရာမြို့မှာတည်ရှိပါတယ်။ Al-Askari ဗလီလို့လည်းလူသိများတဲ့ ယင်း အဆောက်အအုံဟာ (၉၄၄)ခုနှစ်လောက်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီး (၂၀၀၆)ခုနှစ်၊ဖေဖော်ဝါရီမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ဗုံးဖောက်ခွဲမှု ကြောင့် ဗလီရဲ့အဓိကဝတ်ပြုရာ အဆောက်အအုံ ပျက်စီးခဲ့ရသလို (၂၀၀၇)ခုနှစ်၊ ဇွန်လက ထပ်မံ ဗုံးပေါက်ကွဲမှုကြောင့် Al’ Askari Shrine ရဲ့ကျန်အဆောက်အအုံ(၂)ခုစလုံးပျက်စီးခဲ့ရပါတယ်။
ကျန်နာရီမျှော်စင်ကိုလည်း (၂၀၀၇)၊ဇူလိုင်မှာထပ်မံဖျက်ဆီးခြင်းခံခဲ့ရပြန်တာ ကြောင့် ကမ္ဘာတစ်ဝှမ်းက Shia မူဆလင်တွေအကြားဒေါသထွက်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ ပါတယ်။ တာဝန်ရှိသူတွေဘက်ကတော့ Al’ Askari Shrine ကို ပြန်လည်တည်ဆောက်မှုတွေပြုလုပ်ခဲ့ပြီး (၂၀၀၉)ခုနှစ်၊ ဧပြီလအတွင်းမှာ ဗလီအသစ်ကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။
အီရတ်နိုင်ငံ Kurdistan ဒေသမှာတည်ရှိတဲ့ Erbil ခံတပ်မြို့ကြီးဟာ Assyrian အင်ပါယာကာလအတွင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်လက်ရာများစွာ တည်ရှိရာနေရာဖြစ်ပါတယ်။ ဒေသခံတွေကတော့ Qelat လို့သိကြပြီးယင်းအဆောက်အ အုံဟာ (၂၀၁၄)ခုနှစ်၊ဇွန်(၂၁)ရက်နေ့ကတည်းက UNESCO ရဲ့ထိန်းသိမ်းရမဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခြင်းကိုခံထားရပါတယ်။
မြို့တော်ဘဂ္ဂဒတ်ရဲ့အနောက်ဘက်(၁၉)မိုင်ခန့်အကွာမှာတည်ရှိတဲ့ Ziggurat of Dur- Kurigalzu ဟာ ရှေးခေတ်မက်ဆိုပိုတေးမီးယားဒေသရဲ့တောင်ဘက်အကျဆုံးမြို့ဖြစ်ပြီး Kassite မင်းဆက်ရဲ့ဘုရင် Kurigalzu ကဘီစီ(၁၄၀၀)ကတည်းက တည်ဆောက်ထား ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ ယင်းမြို့ဟောင်းထဲမှာပါဝင်တဲ့ Ziggurat ဘုရားကျောင်းဟာဆိုရင် ဆူမားရီးယန်းနတ်ဘုရားတွေကို ပူဇော်ပသရာနေရာဖြစ်ပြီး တော်ဝင်နန်းတော်အဖြစ်လည်းတည်ရှိနေပါတယ်။ ယနေ့ချိန်မှာဆိုရင်တော့ Ziggurat ဟာ ဟာ (၁၈၇)ပေလောက်မြင့်မားတဲ့ နတ်ကွန်းသဖွယ်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြည့်ရှု့ရတဲ့နေရာတစ်ခု ဖြစ်နေပါပြီ။
ရှေးဦး လူမျိုးစိတ်တစ်ခုဖြစ်တဲ့ Neanderthal တွေဟာ အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဘီစီ ၆၅၀၀၀ ကနေ ၃၅၀၀၀ ခန့်အတွင်းနေထိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ကြွင်းကျန်ရစ်တဲ့ သုတေသနအထောက်အထားတွေကိုတော့ Shanidar ဂူထဲကနေ ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဒေသမှာပဲ ကျောက်ခေတ်နှောင်း (လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀၀) ခန့်က လူတွေရဲ့ ဂူသင်္ချိုင်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘီစီ ၇၀၀၀ ခန့်က လူမျိုးစုတွေနေထိုင်ခဲ့ရာ Jarmo ၊ Halaf culture နဲ့ Ubaid သုတေသနဆိုဒ်တွေဟာလည်း ရှိနေပြန်ပါတယ်။
ရှေးယခင်နှစ်ပေါင်းများစွာအကြာကတော့ အီရတ်နယ်မြေဟာ တိုက်ဂရစ်နဲ့ယူဖရေးတီး မြစ်(၂)ခုအကြားမှာတည်ရှိပြီးနုန်းတင်မြေနုများစွာရှိတဲ့ မက်ဆိုတေးနီးယားဒေသလို့ နာမည်ကျော်ပြီး မြေသြဇာအလွန်ကောင်းတဲ့နုန်းတင်မြေနုလွင်ပြင်များစွာကြောင့်လည်း မျိုးနွယ်စုများစွာရဲ့ပြောင်းရွေအခြေချနေထိုင်ရာ၊နယ်မြေလုတိုက်ပွဲများစွာဖြစ်ပေါ်ခဲ့ရာ အရပ်ဖြစ်ပါတယ်။
ဘီစီ ၄၀၀၀ ကနေ ၃၀၀၀ အတွင်းမှာတော့ ကမ္ဘာ့အစောဆုံး လူမျိုးစုထဲမှာပါဝင်တဲ့ ဆူမားလူမျိုးတွေဟာ မြို့တော်တွေကို တည်ထောင်နေထိုင်ခဲ့ကြပါတယ်။ ဆူမားတွေဟာ ကမ္ဘာ့ပထမဆုံး စာရေးနည်းစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက စတင်သုံးစွဲခဲ့ကြပါတယ်။ ဘီစီ ၂၆ ရာစုမှာတော့ ဆူမားဘုရင် Eannatum က ကမ္ဘာ့ပထမဆုံး အင်ပါယာကို စတင်ထူထောင်ခဲ့ပါတယ်။ ဘီစီ ၂၃ ရာစုမှာတော့ ဆူမားတွေဟာ Akkadian အင်ပါယာရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ဘီစီ ၂၀၀၀ မှာတော့ Ur မြို့တော်ဟာ Elamite တွေရဲ့လက်အောက်ရောက်ခဲ့သလို ဘီစီ ၁၉၀၀ မှာတော့ အီရတ်မြောက်ပိုင်းဟာ အဆီးရီးယန်းလူမျိုးတွေရဲ့ပိုင်နက်ဖြစ်လာပါတယ်။
ဘီစီ ၁၇၉၂ မှာတော့ ဟမ်မူရာဘီဟာ ဘေဘီလုံအင်ပါယာရဲ့ဘုရင်ဖြစ်လာပြီး ပထမဆုံး ကိုယ်ဓဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဘီစီ ၁၂၅၀ ခန့်မှာတော့ အဆီးရီးယန်းတွေဟာ လက်နက်တွေ နဲ့ စစ်ရထားလုံးတွေ ပြုလုပ်ရာမှာ သံ ကို စတင်အသုံးပြုနေပါပြီ။ ဘီစီ ၆၆၈ မှာတော့ အဆီးရီးယန်းဘုရင် Ashurbanipal က နင်နီဗေးမြို့မှာ စာကြည့်တိုက်ကြီးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘီစီ ၅၃၉ မှာတော့ ပါရှန်းဘုရင် မဟာဆိုင်းရပ်ဟာ ဘေဘီလုံမြို့တော် အပါအဝင် အီရတ်နယ်မြေအများစုကို သိမ်းပိုက်ခဲ့ပါတယ်။ ဘီစီ ၃၃၀ မှာ မဟာအလက်ဇန္ဒားဟာ ပါရှန်းပြည်ကို နယ်ချဲ့ရင်း ဘေဘီလုံမြို့တော်ကို သိမ်းပိုက်ခဲ့ပြန်ပါတယ်။
ဘီစီ ၁၄၄ မှာတော့ Parthian Empire ပေါ်ပေါက်လာခဲ့ပေမယ့် ဘီစီ ၅၆ မှာ ရောမအင်ပါယာလက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၂၂၄ မှာတော့ Sassanid အင်ပါယာပေါ်ပေါက်လာခဲ့ပြီး ဒီအင်ပါယာဟာ အေဒီ ၆၄၆ မှာတော့ အာရပ်တွေရဲ့လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ အေဒီ ၇၆၂ မှာတော့ အာရပ်အင်ပါယာ Abbasid Caliphate ပေါ်ပေါက်လာခဲ့ပြီး ဘဂ္ဂဒက်မြို့တော်ကို မြို့တော်အဖြစ် တည်ထောင်ခဲ့ကြပါတယ်။
အေဒီ ၁၂၅၈ မှာတော့ မွန်ဂိုတွေဟာ အီရတ်ကိုကျူးကျော်ခဲ့ပြီး မြို့တော်ဘဂ္ဂဒက်ကိုသိမ်းပိုက်ခဲ့ပါတယ်။ ၁၄၀၁ မှာတော့ တာမာလိန်းက အီရတ်ကိုနောက်တစ်ကြိမ်ထပ်မံကျူးကျော် သိမ်းပိုက်ခဲ့ပြန်ပါတယ်။ ၁၆ ရာစုမှာတော့ အီရတ်ကို အော်တိုမန်အင်ပါယာက သိမ်းပိုက်ခဲ့ပြီး နယ်မြေ ၃ ခု (Mosul, Basra, နဲ့ Baghdad ) ခွဲကာ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်စတဲ့အခါ အော်တိုမန်အင်ပါယာဟာ ဂျာမနီ ၊ သြစတြီးယားတို့နဲ့ မဟာမိတ်ဖွဲ့ကာ စစ်ကြီးထဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၁၉ မှာ အော်တိုမန်တို့စစ်ရှုံးခဲ့ပြီးတဲ့နောက် အီရတ်ဟာ ဗြိတိသျှတို့ရဲ့ လက်အောက်ခံနယ်မြေတစ်ခုဖြစ်လာပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ လွတ်လပ်ရေးရခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မှာတော့ ဂျာမနီ ၊ အီတလီစတဲ့ ဝန်ရိုးစွန်းနိုင်ငံများဘက်မှ ပါဝင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ အစ္စရေးတို့နဲ့ အာရပ် – အစ္စရေး စစ်ပွဲကို ဆင်နွဲခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ အီရတ်မင်းဆက်ကို ဖြုတ်ချလိုက်ပြီး အီရတ်သမ္မတနိုင်ငံကို စတင်ထူထောင်ခဲ့ပါတယ်။ ၁၉၆၈ မှာတော့ Baathist ပါတီက အီရတ်ကိုအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ရေနံကုမ္ပဏီတွေကို နိုင်ငံပိုင်အဖြစ် သိမ်းပိုက်လိုက်ပါတယ်။
၁၉၇၉ မှာတော့ ဆာဒမ်ဟူစိန် အာဏာရလာပါတယ်။ ၁၉၈၀ မှာတော့ အီရန်-အီရတ်စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၉၈၁ မှာတော့ အီရတ်တို့ရဲ့ နျူကလီးယားသုတေသနစင်တာဟာ အစ္စရေးတွေရဲ့ ဗုံးခွဲဖျက်စီးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ အီရတ်တွေဟာ Halabja မြို့က ထောင်ပေါင်းများစွာသော ကာ့ဒ်လူမျိုးတွေကို သတ်ဖြတ်ဖို့အတွက် ဓာတုလက်နက်တွေကို အသုံးပြုခဲ့ပါတယ်။ ၁၉၉၀ မှာ ကူဝိတ်ကိုကျူးကျော်ခဲ့တာကြောင့် ၁၉၉၁ ခုနှစ်မှာ ပါရှန်းပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အမေရိကန် နဲ့ ဗြိတိန်တပ်ဖွဲ့ဝင်တွေဟာ ဘဂ္ဂဒတ်မြို့ကိုသိမ်းပိုက်လိုက်ပြီး ဆာဒမ်ဟူစိန်ကို ဖမ်းဆီးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ဆာဒမ်ဟူစိန်ဟာ ကြိုးပေးခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ လွှတ်တော်ကနေ အီရတ်အစိုးရသစ်ကို ဖွဲ့စည်းလိုက်ပြီး ၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အီရတ်နိုင်ငံတွင်းကနေ ဆုတ်ခွာပေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က စဖြစ်လိုက်တဲ့ အီရတ်စစ်ပွဲဟာ ၂၀၁၁ ခုနှစ်မှပြီးဆုံးခဲ့ပြီး ဒီစစ်ပွဲတလျှောက်မှာ အရပ်သား ၆၇၀၀၀ခန့် သေဆုံးခဲ့ရသလို လူပေါင်း ၅သန်းကျော်ဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ဖက်ဒရယ်ပါလီမန်စစ်နဲ့ အုပ်ချုပ်ပြီး လက်ရှိသမ္မတကတော့ Barham Salih ဖြစ်ပါတယ်။
အရှေအလယ်ပိုင်းဒေသမှာတော့ အီရတ်ဟာယဉ်ကျေးမှုများစွာဖြစ်ထွန်းတည်ရှိရာနယ် မြေအဖြစ်တည်ရှိခဲ့ပြီးအများအားဖြင့် အာရပ်၊ကွတ်၊အော်တိုမန်တူရကီ၊အဆီးရီးယန်း၊မန်ဒါအီးနက်နဲ့ အာမေးနီးယန်းမျိုးနွယ်စုတွေရဲ့ဘာသာစကား၊ယဉ်ကျေးမှုအမွေအနှစ်နဲ့ ကိုးကွယ်မှုဆိုင်ရာဘာသာတရားတွေ ထွန်းကားခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။
အီရတ်မှာရှိတဲ့ဟင်းချက်နည်းတွေဟာဆိုရင်လည်း လွန်ခဲ့တဲ့နှစ်(၁၀၀၀၀)လောက်က တည်းက ဆူမားရီးယားတွေ၊ဘေဘီလုံသားတွေ၊အစီးရီးယန်းတွေ ရှေးပါရှန်းမျိုးနွယ်တွေ နဲ့ အာရပ်တွေရဲ့ချက်ပြုတ်နည်းစနစ်အတိုင်းယခုတိုင်ထိန်းသိမ်းထားတာကိုတွေ့ရပါတယ် အောက်မှာဖော်ပြထားတဲ့ Masquof or Masguof ဟင်းလျာဆိုရင်အီရတ်နိုင်ငံရဲ့ နာမည်ကျော်ရိုးရာငါးဟင်းလျာဖြစ်ပါတယ်။
Bible ကျမ်းစာမှာပါဝင်တဲ့ Abraham ဟာအီရတ်နိုင်ငံတောင်ပိုင်း Ur ကဖြစ်ပြီး Isaac ရဲ့ မိန်းမ Rebekah ကလည်း အီရတ်နိုင်ငံတွင်းမှာပဲရှိတဲ့ Nahor ကဖြစ်ပါတယ်။ ဒါအပြင် ဒဏ္ဍာရီထဲမှာ ကျော်ကြားခဲ့တဲ့ Eden Garden (ဧဒင်ဥယျာဉ်)ဆိုတာကလည်း အီရတ် နိုင်ငံတွင်းမှာတည်ရှိခဲ့တဲ့နယ်မြေဖြစ်တယ်လို့ ဆိုကြပါတယ်။
အီရတ်နိုင်ငံတွင်းကမြို့တော်ကြီးတွေမှာဆိုရင် အိမ်ထောင်ပြုဖို့အရေးကိုငယ်စဉ်ကတည်းက မိဘတွေကစီစဉ်ထားရတယ်လို့သိရပြီး မိဘတွေရဲ့ရွေးချယ်မှုနဲ့ ခင်ပွန်း(သို့)ဇနီးကို အီရတ်နိုင်ငံသားတွေက ငယ်စဉ်ကတည်းကသိနေကြတယ်လို့ဆိုပါတယ်။ ဒီနိုင်ငံ ရဲ့ဓလေ့အရ အီရတ်နိုင်ငံရဲ့သတို့သမီးတဝက်ကျော်လောက်ဟာ သူတို့ရဲ့မောင်/အစ်ကို ဝမ်းကွဲတွေနဲ့ပဲလက်ထပ်ထိမ်းမြားလေ့ရှိပါတယ်။
ဒါအပြင်အီရတ်ရဲ့မိသားစုတိုင်းဟာ များပြားတဲ့ အိမ်ထောင်စုဝင်တွေကိုပိုင်ဆိုင်လေ့ရှိကြပြီး အားလုံးဟာတစ်အိမ်တည်းမှာပဲ စုပေါင်း နေထိုင်ကြလေ့ရှိပါတယ်။ အဆမတန်များပြားလာချိန်ရောက်မှသာ အိမ်ထောင်စုခွဲနေ ထိုင်ကြတယ်လို့သိရပါတယ်။ အီရတ်နိုင်ငံလူဦးရေရဲ့ (၉၅)ရာခိုင်နှုန်းလောက်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး ကျန်(၄)ရာခိုင်နှုန်းကတော့ ခရစ်ယာန်တွေဖြစ်ကြကာ အခြားဘာသာကိုးကွယ်မှု (၁) ရာခိုင်နှုန်းသာရှိကြပါတယ်။
စစ်ပွဲတွေကြောင့် အီရတ်လူမျိုးတွေရဲ့ စာတတ်မြောက်မှုနှုန်းဟာ အလွန်အမင်းကျဆင်းခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်း ၇၄% ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာတော့ ၄၃% အထိ ကျဆင်းခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရရဲ့ကြိုးပမ်းမှု နဲ့အတူ နိုင်ငံတကာအဖွဲ့တွေရဲ့ ပံ့ပိုးမှုတွေကြောင့် ၅၀.၁% အထိ ပြန်တက်လာပါတယ်။ တက္ကသိုလ်ကြီးပေါင်း ၂၀ ခုရှိပြီး နည်းပညာအင်စတီကျူ့ပေါင်း ၄၇ ခုရှိပါတယ်။ အကြီးဆုံးတက္ကသိုလ်ကတော့ ဘဂ္ဂဒတ်တက္ကသိုလ်ဖြစ်ပြီး ကျောင်းသားပေါင်း ၈သောင်း တက်ရောက်ပညာသင်ကြားလျှက်ရှိပါတယ်။
လက်ရှိ အီရတ်စစ်တပ်ကတော့ ကမ္ဘာ့အဆင့် ၅၃ မှာ ရှိနေပြီး တာဝန်ထမ်းဆောင်သူ စစ်သည်ပေါင်း 165,000 ခန့်ရှိပါတယ်။ လေတပ်ကတော့ လေယာဉ်စုစုပေါင်း ၃၂၇စီးကိုပိုင်ဆိုင်ပြီး ကျည်းတပ်အနေနဲ့ကတော့ တင့်ကားပေါင်း ၃၀၉စီး နဲ့ သံချပ်ကာအခြားယာဉ်ပေါင်း ၄၀၀၀ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်မှာတော့ စစ်သင်္ဘောပေါင်း အစီး ၆၀ခန့်ရှိပေမယ့် ရေငုပ်သင်္ဘော နဲ့ Frigate တွေကိုတော့ ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။
(၂၀၁၉)ခုနှစ်အတွင်း အီရတ်နိုင်ငံရဲ့စုစုပေါင်း GDP ခန့်မှန်းတန်ဖိုးကတော့ အမေရိကန် ဒေါ်လာ (၇၃၃.၉၂၆) ဘီလီလျံအထိရှိနေပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေကတော့ တစ်နှစ်ကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၇ ၉၅၂)ဝင်ငွေရှိပါတယ်။ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ လောင်စာဆီ ၊ ချည်မျှင်အထည် ၊ လည်သာ ၊ ဆောက်လုပ်ရေးပစ္စည်းများ ၊ အစားအစာ ၊ ဓာတ်မြေသြဇာ စတာတွေဖြစ်ပါတယ်။ နိုင်ငံရဲ့တရားဝင် သုံးငွေကြေးကတော့ Iraq dinar( IQD) ဖြစ်ပြီး အမေရိကန် ၁ ဒေါ်လာဟာ ၁၁၉၃.၈၂ Iraqi Dinar နဲ့ တန်ဖိုးချင်းတူညီပါတယ်။