အီတလီရဲ့ ယဉ်ကျေးမှုမြို့တော် ဖလော့ရင့်

Posted on

သုတဇုန် မိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ။ သုတဇုန်ယူကျူ့ချန်နယ်ကနေ ကမ္ဘာပေါ်က ထင်ရှားတဲ့မြို့တော်တွေအကြောင်းကို ပုံမှန်ဝေမျှပေးနေပြီး ဒီတခါမှာတော့ အီတလီရဲ့ သမိုင်းဝင် မြို့တမြို့ဖြစ်တဲ့ ဖလော့ရင့် မြို့တော် အကြောင်းကို ထပ်မံဝေမျှလိုက်ပါတယ်။

ဖလော့ရင့် မြို့တော်ဟာ အီတလီနိုင်ငံ အလယ်ပိုင်းက တက်စ်ကန်နီ ဒေသရဲ့မြို့တော် ဖြစ်ပါတယ်။ နာမည်ကျော် ရောမမြို့တော်ရဲ့ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်အကွာမှာ တည်ရှိနေပြီး တောင်ကုန်းတောင်တန်းတွေက ဝန်းရံထားတဲ့ ဖလောရင့်မြို့ဟာ စိမ်းစိုတဲ့လယ်ယာခင်းတွေ၊ သစ်တောအိမ်ကြီးတွေ၊ စပျစ်ခြံတွေ၊ သစ်ခွပန်းခြံများစွာ တည်ရှိရာအရပ်လည်းဖြစ်ပါတယ်။

ဖလော့ရင့်မြို့မှာ နေထိုင်သူဦးရေ ၄သိန်းခန့်ရှိပြီး ဒေသတခုလုံးဆိုရင်တော့ လူဦးရေ ၁.၅ သန်းခန့် နေထိုင်ကြပါတယ်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင် ၄၀ ခန့် ကျယ်ဝန်းကာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၁၆၄)ပေခန့်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။

ဖလော့ရင့်မြို့ကို ဘီစီ ၅၉ မှာ ရောမခေါင်းဆောင် ဂျူးလိယက်ဆီဇာက တည်ထောင်ခဲ့တာဖြစ်ပြီး စစ်ပြန်ရောမစစ်သားတွေကို အခြေချနေထိုင်စေခဲ့တာဖြစ်ပါတယ်။ အေဒီ ၆ ရာစုဝန်းကျင်အထိ ဒီမြို့မှာ အခြေချနေထိုင်သူဦးရေဟာ ၁၀၀၀ ဝန်းကျင်သာရှိခဲ့ပါတယ်။

အေဒီ ၈ ရာစုမှာတော့ ရှားလမိန်ဘုရင်ကြီးရဲ့ပိုင်နက်ဖြစ်ခဲ့ပြီး ၉ ရာစုကာလကနေ စတင်လို့ ဒီမြို့မှာ အခြေချနေထိုင်သူ တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ ၁၃၂၅ ခုနှစ်မှာတော့ မြို့နေ လူဦးရေဟာလည်း ၁၂၀,၀၀၀ ခန့်အထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ၁၃၄၈ ခုနှစ်မှာ ပလိပ်ရောဂါကပ်ဆိုးနဲ့ ကြုံတွေခဲ့ရပြီး မြို့နေလူဦးရေတဝက်ခန့် လျော့ကျသွားခဲ့ပါတယ်။

ဖလော့ရင့်ဟာ ဥရောပတတိုက်လုံးရဲ့ အထည်လိပ် ကူးသန်းရောင်းဝယ်ရာ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး တဖန်ပြန်လည်စည်ကားလာခဲ့ပါတယ်။ အလယ်ခေတ်ကာလမှာတော့ ဥရောပရဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်ထွန်းကားရာ ထိပ်တန်းမြို့တော်တခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဥရောပသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဉာဏ်သစ်အရေးတော်ပုံစတင်သန္ဓေတည်ရာ နေရာဖြစ်တာကြောင့် အလယ်ခေတ်ကာလရဲ့အေသင်မြို့ အဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်းခံခဲ့ရပါတယ်။ ဒါအပြင် ဖလော့ရင့်ဟာ (၁၈၆၅) ကနေ (၁၈၇၁)ခုနှစ်ကာလအထိ အီတလီဘုရင့်နိုင်ငံ ရဲ့မြို့တော်လည်း ဖြစ်ခဲ့ပါသေးတယ်။

ခမ်းနားတဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ထွန်းတောက်ခဲ့တဲ့ ဖလော့ရင့်မြို့တော်ဟာဆိုရင် (၁၉၈၂) ခုနှစ်ကာလကတည်းက ယူနက်စကိုအဖွဲ့ကြီးရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် သမိုင်းဝင်နယ်မြေအဖြစ် စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် ရောမတို့ရဲ့အနုပညာ၊ ယဉ်ကျေးမှု ၊ ဗိသုကာ ဒီဇိုင်း အရည်အသွေး တွေ ဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့သလဲဆိုတာကို ဖလော့ရင့်မှာရှိတဲ့ သမိုင်းအမွေအနှစ်တွေက သက်သေခံလျက်ရှိနေပါတယ်။

ဖလော့ရင့်မြို့တော်ရဲ့နာမည်ကျော်အဆောက်အအုံစာရင်းမှာတော့ ဖလော့ရင့်ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒီလိပ်ခုံးပုံ အမိုးပါ ဘုရားကျောင်းကို ဉာဏ်သစ်အရေးတော်ပုံကာလ ဗိသုကာဖခင်ကြီးလို့ထင်ရှားတဲ့ အီတလီဗိသုကာပညာရှင်ကြီး ပီပို က တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၄၃၆ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာကြောင့် ယခုဆိုရင် ဘုရားကျောင်းကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၆၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဘုရားကျောင်းကြီးရဲ့အမိုးခုံးဟာ ကမ္ဘာပေါ်က အင်္ဂတေနဲ့အုတ်ကို အသုံးပြုတည်ဆောက်ထားတဲ့ အမိုးခုံးတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။

ဘုရားကျောင်းကြီးရဲ့ ပရဝဏ် အတွင်းမှာ ဖလော့ရင့်ရေဖျန်းမင်္ဂလာအဆောက်အအုံ နဲ့ ဂျော်တိုခေါင်းလောင်းတာဝါ တို့လိုသမိုင်းအမွေအနှစ်ဆိုင်ရာတန်ဖိုးကြီးမားတဲ့ အဆောက်အအုံတွေပါဝင်နေပါတယ်။

ဆင်နောရီယာ Signoria ရင်ပြင်ကတော့ (၁၄)ရာစုကာလကတည်းက မြိုတော်ရဲ့ဗဟိုအချက်အချာကျတဲ့နေရာအဖြစ်ရှိနေခဲ့ပြီး ဒီနေရာ သမိုင်းဝင် အဆောက်အအုံများစွာ တည်ရှိနေပါတယ်။ ယနေ့အချိန်မှာတော့ အရေးပါတဲ့အစည်းအဝေးများ ကျင်းပရာနေရာ၊ ပြည်တွင်း/ပြည်ပခရီးသွားများအဓိက လာရောက်လည်ပတ်ရာနေရာအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

ဒီရင်ပြင်ထဲမှာ ၁၆ ရာစုလက်ရာ နာမည်ကျော် နက်ပကျွန်းရေပန်းလည်း တည်ရှိလို့ နေပါတယ်။ ရေပန်းရဲ့ အနောက်ဖက်မှာတော့ မြို့တော်ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်များရုံးစိုက်ရာ ပလာဇိုဘက်ခီယို Palazzo Vecchio အဆောက်အအုံတည်ရှိနေပါတယ်။ ၁၄ ရာစု အစောပိုင်းကာလက ဖွင့်လှစ်ခဲ့ပြီး သမိုင်းတလျှောက်မြို့တော်ခန်းမဖြစ်ခဲ့ရာ အဆောက်အအုံလည်းဖြစ်ပါတယ်။

ဖလော့ရင့်မြို့တော်က နောက်ထပ်ထင်ရှားတဲ့နေရာကတော့ ယူဖီးဇီး ဂလက်ရီ Uffizi Gallery လို့လူသိများထင်ရှားတဲ့ အနုပညာပြတိုက်ဖြစ်ပါတယ်။ ၁၆ ရာစုကာလ ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပြတိုက်ဟာဆိုရင် အီတလီရဲ့နာမည်ကျော်ပြတိုက်တွေအနက်က တခုအဖြစ်သာမက ကမ္ဘာပေါ်ကလာရောက်လည်ပတ်သူ အများဆုံး ပြတိုက်စာရင်းမှာလည်း ပါဝင်နေပါတယ်။

၂၀၁၉ ခုနှစ်ကဆိုရင် ဒီပြတိုက်ကို လာရောက်လည်ပတ်သူ အရေအတွက်ဟာ ၄.၄သန်းအထိ ရှိခဲ့ပါတယ်။ ပြတိုက်အတွင်းမှာတော့ ဥရောပသမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ ဉာဏ်သစ်အရေးတော်ပုံခေတ် ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ကြတဲ့ အနုပညာရှင်ကြီးများရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အနုပညာလက်ရာ၊ စာပေ ယဉ်ကျေးမှု အမွေအနှစ်များစွာကို ခင်းကျင်းပြသထားပါတယ်။

ဖလော့ရင့်ကို အုပ်ချုပ်ခဲ့တဲ့ မက်ဒီစီ တော်ဝင်မိသားစု နေထိုင်ခဲ့ရာ နန်းတော်ကိုတော့ ပယ်လာဇို မက်ဒီစီ လို့ သိကြပါတယ်။ ၁၄၄၄ ခုနှစ်ကနေ ၁၄၈၄ ခုနှစ်အတွင်း မှာ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး ဒီဇိုင်းကိုတော့ အီတလီဗိသုကာအကျော်အမော် မီချယ်လော့ဇိုက ဆွဲပေးခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပေမယ့် သူ့ရဲ့ကျောက်တုံးဆင့် တည်ဆောက်ထားပုံနည်းစနစ်ကြောင့် အလွန်ခိုင်ခံ့တဲ့ အဆောက်အအုံဖြစ်တာကို မြင်ယုံနဲ့ရိပ်စားမိနိုင်ပါတယ်။ လက်ရှိမှာတော့ မြို့တော်အုပ်ချုပ်ရေးရုံးတရုံးဖြစ်သလို ပြတိုက်အဖြစ်လည်း ဖွင့်လှစ်ပြသပေးထားပါတယ်။

ဖလော့ရင့်မြို့တော်ရဲ့ ရှေးဟောင်းသမိုင်း အဆောက်အအုံတွေအကြောင်းပြောရရင် ချန်ထားလို့မရတာကတော့ အာနိုမြစ်ပေါ်မှာတည်ဆောက်ထားတဲ့ ပွန်တီဘက်ခီယို Ponte Vecchio အမည်ရ ရှေးဟောင်းကျောက်တုံးတံတာဖြစ်ပါတယ်။ အီတလီလိုဆို ရင်တော့ တံတားအိုကြီးလို့အမည်ရပြီး အနောက်တိုင်းဒေသ တခုလုံးမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ မုခ်ခုံးကွေး တံတားအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ အလယ်ခေတ်ကာလ ဥရောပရဲ့အင်ဂျင်နီယာစွမ်းဆောင်ရည် အဆင့်အတန်းကိုလည်း လေ့လာနိုင်တဲ့ သမိုင်းဝင်တံတားတစင်းလည်း ဖြစ်ပါတယ်။

ဖလော့ရင့်မြို့သား ကဗျာဆရာ ၊ စာရေးဆရာ ၊ နိုင်ငံရေးအတွေးအခေါ်ပညာရှင်တွေဖြစ်ကြတဲ့ ဒန်တေး ၊ ပတ်ထရာကာ ၊ ဂျီအိုဗန်နီဘွန်ကာချီအို နဲ့ နစ်ကိုလို မက်ခီယာဗယ်လီ တို့ရဲ့စာပေ အနုပညာလက်ရာတွေကလည်း ဖလော့ရင့်မြို့မှာသာမက အီတလီတနိုင်ငံလုံးရဲ့ စံထားရတဲ့ လက်ရာတွေဖြစ်ခဲ့ပါတယ်။

ဒါအပြင်ဖလော့ရင့်ဟာ အီတလီနိုင်ငံ မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသ ကုန်သွယ်ရေးကို ဆက်သွယ်ပေးတဲ့ အဓိကဗဟိုကုန်သွယ်မှုဈေးကွက်တခုလည်းဖြစ်ပါတယ်။ ဖလော့ရင့်မြို့တော်ရဲ့အဓိကနိုင်ငံခြားဝင်ငွေကိုတော့ နိုင်ငံရပ်ခြားခရီးသွားလုပ်ငန်းတွေနဲ့ ရပ်ဝေးကနေ ပညာလာရောက်သင်ကြားတဲ့ ပြည်ပကျောင်းသားတွေထံကနေ ရရှိနေပါတယ်။

ဖလော့ရင့်တက္ကသိုလ်ကြီးကိုတော့ ၁၃၂၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် ဒီတက္ကသိုလ်ကြီးရဲ့သက်တမ်းက နှစ်ပေါင်း ၇၀၀ ပြည့်သွားပြီဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ကျောင်းခွဲပေါင်း ၁၂ ခုရှိနေပြီး ကျောင်းသား ကျောင်းသူပေါင်း ၅သောင်းကျော် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါအပြင် ထင်ရှားတဲ့ အမေရိကန်တက္ကသိုလ်ကြီးတွေဖြစ်တဲ့ နယူးယောက် ၊ စတန်းဖို့ဒ် နဲ့ ဟားဗတ် တို့ရဲ့ကျောင်းခွဲတွေ စင်တာတွေဟာလည်း ဖလော့ရင့်မြို့မှာ ရှိနေပါသေးတယ်။

ဖလော့ရင့်ဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများစွာရဲ့မွေးရပ်မြေလည်း ဖြစ်ပါတယ်။ သမိုင်းတလျှောက် အတော်ဆုံး စွယ်စုံရပညာကျော်ကြီးတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ဖလော့ရင့်မြို့သားဖြစ်ပြီး အခြားကမ္ဘာကျော်တွေဖြစ်တဲ့ မိုက်ကယ်အိန်ဂျလို ၊ ဒွန်နယ်တီလို ၊ ပန်းချီကျော်ရာဖိုင်ယယ် ၊ လက်ရှိအချိန်အထိ အထင်ကရနိုင်ငံရေးအတွေးအခေါ် စာအုပ်ဖြစ်တဲ့ ‘မင်းသား’စာအုပ်ကိုရေးသားခဲ့သူ မက်ခီယာဗယ်လီ ၊ ဖလော့ရင့်အာဏာကိုချုပ်ကိုင်ထားတဲ့ မက်ဒီစီ တော်ဝင်မိသားစု၊ နာမည်ကျော် နယ်မြေသစ်ရှာဖွေသူ အမေရိကိုဗစ်ပူချီ ၊ မီးအိမ်ရှင်မလေးလို့သိကြတဲ့ ဖလော့ရင့်နိုက်တင်ဂေးလ် စသူတွေဟာဆိုရင်လည်း ဖလော့ရင့်ရဲ့ဂုဏ်ဆောင်မြို့တော်သူ/မြို့တော်သား တွေပဲဖြစ်ကြပါတယ်။

ဖလော့ရင့်ဟာ အော်ပရာ လို့ တကမ္ဘာလုံးသိကြတဲ့ ဂီတပြဇာတ်တွေ စတင်မွေးဖွားရာနေရာလည်းဖြစ်ပါတယ်။ အီတလီ ဂီတစာဆို ဂျကိုပိုပေရီ ဟာ ပထမဆုံး အော်ပရာလို့ ဆိုနိုင်တဲ့ ယူရစ်ဒီးဆီးကိုရေးဖွဲ့ခဲ့ပြီး သူ့ကို အော်ပရာတီထွင်သူ ဖခင်ကြီးလို့ သိကြပါတယ်။

ဖလော့ရင့်မြို့တော်ဟာ ယဉ်ကျေးမှုမြို့တော်အဖြစ်သာမက ကမ္ဘာ့ထိပ်တန်းဖက်ရှင်မြို့တော်ကြီး(၁၅)ခုစာရင်းမှာ ပါဝင်နေပြီး နိုင်ငံခြားခရီးသွား အများအပြားလာရောက်တဲ့ နေရာဖြစ်တဲ့အပြင် စက်မှုလုပ်ငန်းများစွာ အခြေစိုက်တည်ရှိနေတာကြောင့်လည်း အီတလီနိုင်ငံအတွက် စီးပွားရေးအရအလွန်အရေးပါတဲ့ မြို့တော်အဖြစ်ပါရပ်တည်နေပါတယ်။ သမိုင်းဝင် ဗိသုကာလက်ရာ အဆောက်အအုံအမွေအနှစ်တွေနဲ့ တည်ရှိပုံမြေမျက်နှာသွင်ပြင်အရ ဖလော့ရင့်ဟာ ကမ္ဘာအလှဆုံးသောမြို့တွေအနက်က တခုအဖြစ် သတ်မှတ်ခြင်းလည်း ခံထားရပါတယ်။

ဒီလောက်ဆိုရင် အီတလီနိုင်ငံရဲ့ အထင်ကရ ယဉ်ကျေးမှုမြို့တော် ဖလော့ရင့်မြို့ရဲ့ အကြောင်းကို တော်တော်လေးသိသွားလောက်ပြီထင်ပါတယ်။ တခြားထင်ရှားတဲ့ ကမ္ဘာ့မြို့တော်တွေအကြောင်းကိုလည်း ဆက်လက်ဝေမျှသွားဦးမှာ ဖြစ်တာကြောင့် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။